တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တရုတ်-မြန်မာနယ်စပ်တွင် ဇွန်လဆန်းတွင် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး (၆၅)နှစ်ပြည့်ပွဲကို ရန်ကုန်မြို့ရှိ နောက်ဆုံးပေါ် ဟိုတယ်ကြီးတွင် ဇွန်လ ၈ ရက် ညနေက ကျင်းပသည်။ ဘေဂျင်းရှိ ထိပ်ခေါင် အကြီးအကဲ ကွန်မြူနစ်ပါတီ ဗဟိုအမြဲတမ်းကော်မတီဝင် ကိုးဦး၏ မြန်မာဆိုင်ရာ သဘောထား၊ မူဝါဒ၊ မဟာဗျူဟာကမူ လွန်ခဲ့သည့်သုံးနှစ်ကနှင့်မတူ အသစ်စတင်ပြောင်းလဲကျင့်သုံးလာပြီ။ ယခင်စစ်အစိုးရလက်ထက်တစ်လျှောက် ဆယ်စုနှစ်များအတွင်း မြန်မာအတိုက်အခံခေါင်းဆောင်ကို တရုတ်က ခပ်ဝေးဝေးမှ မသိကျိုးကျွန်ပြုခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့။ ဇွန်လ ၁၀ ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် တရုတ်နိုင်ငံခရီးစဉ်သည် ၂၀၁၅ အလွန် နှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကအကျဆုံး စေ့စပ်ညှိနှိုင်းမှုတစ်ရပ် ဖြစ်လိမ့်မည်ဟုဆိုကာ အနောက်ကမ္ဘာကပင် စောင့်ကြည့်နေသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်လီကလည်း ယခုခရီးစဉ်သည် တရုတ်နှင့် မြန်မာကြား ပါတီချင်း စေ့စပ်ညှိနှိုင်းမှု၌ အရေးပါလှသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ယခင်စစ်အစိုးရလက်ထက်တစ်လျှောက် အစိုးရချင်း ဆက်ဆံရေး၊ တစ်ပါတီစနစ်ကျင့်သုံးသော တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီနှစ်ခုကြား ဆက်ဆံရေးသာ ရှိခဲ့သည်။ ပြီးခဲ့သည့် လေးနှစ်အတွင်း မြန်မာက ကြွေးကြော်လာသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုသည့်အပေါ် တရုတ်က ကနဦးတွင် အရေးစိုက်ဟန်သိပ်မပြခဲ့ပါ။ သို့သော် မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းမှုမှ အစပြု၍ ယခုလက်ရှိ နှစ်နိုင်ငံမတည်ငြိမ်မှုနှင့် တရုတ်စစ်ရေးလေ့ကျင့်မှုအထိ တစ်ချိန်တည်းမှာပင် အမေရိကန်အမှူးထား၍ အနောက်ကမ္ဘာနှင့် တံခါးဖွင့် ဆက်ဆံရင်းနှီးလာသော မြန်မာ့အရေးနှင့် ပတ်သက်လျှင် တရုတ်သည် မဟာဗျူဟာအသစ်ကို ရေးဆွဲချမှတ်လာပြီဟု သုံးသပ်နေကြသည်။ ယခုမြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ခေါ်ပြီး တရုတ်သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့်တကွ ကွန်မြူနစ်ပါတီနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များကိုယ်တိုင် တွေ့ဆုံကြမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ဇွန်လ၁၀ရက်မှ ၁၄ရက်အထိ ပထမဆုံးအကြိမ်သမိုင်းဝင်ခရီးသွားရောက်မည်ဖြစ်သည် (ဓာတ်ပုံ - နစ်ကီ)
‘‘မကြာမီကဖြစ်ခဲ့တဲ့ ပဋိပက္ခက နှစ်နိုင်ငံကြား ယုံကြည်မှုကို ပျက်စီးစေခဲ့တယ်။ မတူညီတဲ့ အဖွဲ့တွေကြား ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပါတီက သူတို့ရဲ့ သြဇာအာဏာကို အသုံးပြုနိုင်တယ်လို့ ဘေဂျင်းက မျှော်လင့်နေတယ်’’ဟု တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ အရှေ့တောင်အာရှရေးရာလေ့လာမှုဌာန ပါမောက္ခဆူလီပင်းက ပြောကြားခဲ့သည်။
တစ်ပါတီစနစ်ဖြင့် ခေါင်းဆောင်သော တရုတ်နိုင်ငံတွင် သမ္မတစီကျင်းပင်အနေဖြင့် မူဝါဒရေးရာနှင့် ပတ်သက်လျှင် တစ်ဦးတည်း ဆုံးဖြတ်ချက်ချ၍ ရလေ့မရှိဘဲ ဗဟိုအမြဲတမ်းကော်မတီကိုးဦး၏ သဘောတူညီချက်ဖြင့်သာ အရေးကြီးဆုံးဖြတ်ချက်များကို ချရသည်။ ထို့ကြောင့် ယခု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ဖိတ်ကြားမှုမှာ ထိုကိုးဦး၏ သဘောတူညီဆုံးဖြတ်ချက်ဟု ယုံကြည်ရသည်။
မကြာသေးမီကပင် တရုတ်ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော Global Times သတင်းစာက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် လူထုထောက်ခံလေးစားမှုရရှိထားသော အမျိုးသားခေါင်းဆောင်ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းရေးသားခဲ့ဖူးသည်။ တရုတ်အနေဖြင့် မြန်မာကို ရှုမြင်ရာတွင် လူပုဂ္ဂိုလ်အားဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို အခရာအဖြစ် ဆက်ဆံစရာဟု သတ်မှတ်ထားသည်။
ဤနောက်ပိုင်းကာလအတွင်း သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ပတ်သက်၍ အနောက်ဘက်ဦးတည်မှု၊ တရုတ်နှင့် ပတ်သက်၍ အဆင်မပြေအထစ်အငေါ့များ ဖြစ်ပေါ်လာရာ တရုတ်အနေဖြင့် ကျန်နှစ်ဦးဘက်ကို ဦးတည်လာခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။
သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတတို့ကို တွေ့ရစဉ် (ဓာတ်ပုံ - cntv.cn)
‘‘၂၀၁၅ ရွေးကောက်ပွဲအလွန် တရုတ်-မြန်မာဆက်ဆံရေးအတွက် ဒီကနေ့ တရုတ်ကစပြီးတော့ မဟာဗျူဟာသစ်ခင်းကျင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တယ်လို့ ကျွန်တော် ယူဆပါတယ်’’ဟု နိုင်ငံရေးလေ့လာသူ၊ ကွန်မြူနစ်ပါတီသမိုင်းကြောင်း ကျွမ်းကျင်သူ ဦးသန်းစိုးနိုင်ကသုံးသပ်သည်။
ဆက်လက်ပြီး ၎င်းက ‘‘ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ သမ္မတရော ၀န်ကြီးချုပ်နဲ့ပါ တွေ့ကြမှာဆိုတော့ ၂၀၁၅ အလွန် မြန်မာပြည်မှာ တက်လာမယ့် အစိုးရအဖွဲ့နဲ့ မဏ္ဍိုင်သုံးရပ်ခေါင်းဆောင်တွေနဲ့ တရုတ်ပြည်နဲ့ ဘယ်လိုဆက်ဆံသွားမယ်ဆိုတဲ့ သဘောထားတွေကို ညှိနှိုင်းဖို့အတွက် ပိုပြီးတော့ အရေးကြီးကိစ္စဖြစ်မယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုထောက်ခံမှုကြောင့် ၂၀၁၅ အလွန်မှာ နိုင်ငံအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ နေရာတစ်နေရာ အုပ်ချုပ်ရေးဖြစ်ချင်မှ ဖြစ်မှာပေါ့ဗျာ။ မဏ္ဍိုင်သုံးရပ်ထဲမှာ သူဟာ အရေးပါတဲ့ နေရာတစ်နေရာ ရနိုင်တယ်လို့ သဘောထားလာတဲ့အတွက် အခုလိုပြောင်းလဲပြီးတော့ ဆက်ဆံတာလို့ ယူဆပါတယ်’’ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မတိုင်ခင် ဧပြီ ၂၇ ရက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌလည်းဖြစ်သည့် သူရဦးရွှေမန်း ဘေဂျင်းမြို့သို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတစီကျင်းပင်နှင့် တွေ့ဆုံခဲ့သည်။ ဖြစ်နိုင်မည်ဆိုလျှင် ၂၀၁၅ အလွန်တွင် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းစေလိုသည့် သဘောထားလည်း တရုတ်ဘက်က ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့က ပြောသည်။
နယ်စပ်တွင် တရုတ်ကစစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - 81.cn)
နှစ်နိုင်ငံကလည်း အဓိကပြဿနာရပ်များနှင့် ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထောက်ပံ့နေသလို တစ်နိုင်ငံ၏ အချက်အချာကျသည့် အကျိုးစီးပွားများ၊ စိုးရိမ်ပူပန်မှုများကို တစ်နိုင်ငံက လေးစားသည့်အတွက်ကြောင့် တရုတ် - မြန်မာ ဆက်ဆံရေးမှာ အချိန်ကာလရှည်ကြာစွာ ကြံ့ကြံ့ခံ မပျက်မစီး တည်ရှိနေကြောင်း တရုတ်သမ္မတစီက ဆိုသည်။ ထို့အတူ မဟာဗျူဟာကျ ရေရည်ရှုထောင့်ဖြင့် တရုတ်- မြန်မာ ဆက်ဆံရေးများကို တန်ဖိုးထားဆက်ဆံရန် နယ်စပ်ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု ကောင်းမွန်ချမ်းသာစွာ နေထိုင်နိုင်ရေး ကူညီရန်အတွက် ပိုမိုဆောင်ရွက်ကြရန် တရုတ်သမ္မတကတိုက်တွန်းခဲ့သည်။ သူရဦးရွှေမန်းကလည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ စွမ်းပကား မဟာဗျူဟာကျ ပူးပေါင်းမိတ်ဖက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
‘‘တရုတ်မိတ်ဆွေတွေကို ကျွန်တော်ပြောပြဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးအခင်းအကျင်းပြောင်းသွားတယ်။ အရင်တုန်းက တပ်မတော်အစိုးရတစ်ခုတည်းရှိတယ်။ အခုက နိုင်ငံရေးအခင်းအကျင်းပြောင်းသွားတော့ အစိုးရရှိတယ်။ လွှတ်တော်ရှိတယ်။ အတိုက်အခံပါတီတွေရှိတယ်။ နိုင်ငံရေးပါတီတွေရှိတယ်၊ အမျိုးမျိုးရှိတယ်။ သူတို့လည်း ဒါကို နားလည်ရမယ်’’ဟု မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး (အငြိမ်းစား) ဦးခင်မောင်ဝင်းက ပြောသည်။
တရုတ်ခရီးစဉ်ပြီး မရှေးမနှောင်း မေလဆန်းက သူရဦးရွှေမန်း၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်လားဟု အမေရိကန်ဘက်က မေးမြန်းခဲ့ရာ သူရဦးရွှေမန်းက အသင့်ရှိကြောင်း တုံ့ပြန်ခဲ့သည်။
သူရဦးရွှေမန်း၏ တရုတ်ခရီးစဉ်ပြီးနောက် တစ်လကျော်အကြာ အမေရိကန်ခရီးစဉ်အပြီး တစ်လ၀န်းကျင်အကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
‘‘အခုအချိန်မှာ ဘာဖြစ်ဖြစ် အမေရိကန်ကို ထည့်စဉ်းစားကြပြီ။ မြန်မာပြည်နဲ့ပတ်သက်ရင် power balance (အာဏာချိန်ခွင်လျှာ ညှိခြင်းမူဝါဒ) လုပ်ပြီး တစ်စုံတစ်ရာ တရုတ်က ထိန်းထားချင်တယ်။ တရုတ်အနေနဲ့ အရင်က ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ကို လုပ်ခဲ့သလို containment (နိုင်ငံတစ်နိုင်ငံ၏ သြဇာနယ်ပယ်ချဲ့ထွင်ခြင်းကို ဟန့်တားထိန်းချုပ်ရေးမူဝါဒ) နည်းနဲ့ မြန်မာပြည်ကို မဆက်ဆံဘူး။ နောက်ပြီး ဂျပန်က အရမ်းဝင်လာတာကို သူတို့သတိထားမယ်။ Geo Politics (ပထ၀ီဝင်နိုင်ငံရေး) အရ တို့မြန်မာခေါင်းဆောင်တွေသာ အသုံးချတတ်ရင်၊ အသုံးကျရင် မြန်မာနိုင်ငံဟာ နောက် လေး၊ ငါးနှစ်အတွင်း မြင့်တက်လာနိုင်တယ်’’ဟု လက်ရှိ တရုတ်နိုင်ငံတွင်း နေထိုင်နေပြီး မြန်မာ-တရုတ်နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားပေါင်းမြောက်မြားစွာအနက် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်ကမ်းခြေမှနေ၍ မြန်မာနိုင်ငံကို စလွယ်သိုင်းဖြတ်သန်းကာ တရုတ်နိုင်ငံအတွင်းကို ချိတ်ဆက်ထားသော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုက အဓိကနေရာမှ ပါဝင်နေသည်။
အိန္ဒိယသမုဒ္ဒရာအပေါ်တွင် ထားရှိသော တရုတ်၏ မဟာဗျူဟာရည်မှန်းချက်အတွက် ဘင်္ဂလားပင်လယ်အော်နိုင်ငံမျာအားလုံးထဲတွင် မြန်မာနိုင်ငံက အရေးပါဆုံးဖြစ်၏။ လက်ရှိ မြန်မာ-တရုတ်ပိုက်လိုင်းများမှာ တရုတ်၏ ကုန်းတွင်းပိတ် အနောက်တောင်ပိုင်းပြည်နယ်များကို အိန္ဒိယသမုဒ္ဒရာဆီ ပေါက်ရောက်အောင် လမ်းဖွင့်ရေးဆိုသည့် အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း တရုတ်က သက်သေပြသည့် ပထမဆုံးသင်္ကေတများလည်းဖြစ်သည်။ ‘ဘေဂျင်း၏ သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ’ဟု တရုတ်ပညာရှင်အချို့က ဖွဲ့ဆိုထားသော သမုဒ္ဒရာနှစ်စင်းလွှမ်းမိုးနိုင်စွမ်းဆီ တရုတ်က ပိုနီးကပ်အောင် ရွေ့လာနေပေပြီ။
ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာများတွင် ရေကြောင်းထိန်းချုပ်မှုကို တရုတ်က ရယူနေသည်။ ယင်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများအာလုံးနှင့် ခိုင်မာသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှောင်ကြိုးများကို တရုတ်က ချည်နှောင်ထားပြီးလေပြီ။ ‘ပုလဲသွယ်’သီအိုရီဟု အမည်တပ်ထားသည့် သီအိုရီကိုထောက်၍ တရုတ်၏ အိန္ဒိယသမုဒ္ဒရာရှေးရှုမှုအပေါ် မြောက်မြားလှစွာသည့် ကမ္ဘာ့လေ့လာသူများသည် စောကြောစစ်ဆေးလျက်ရှိသည်။ ဤဆန်းစစ်မှု၏ မူဘောင်အရ မြန်မာကို တရုတ်မဟာဗျူဟာအတွင်းက ပုလဲလုံးတစ်လုံးအဖြစ် ရှုမြင်နေရပါသည်။ တရုတ်အနေဖြင့် အိန္ဒိယသမုဒ္ဒရာဆီ ရောက်နိုင်မည့်နည်းမှာ မြန်မာနိုင်ငံကို ထုတ်ချင်းဖောက်ဖြတ်သွားဖို့သာရှိပါသည်။ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်နိုင်စွမ်းသည် စူပါပါဝါအင်အားကြီးနိုင်ငံများဖြစ်ကြသော အမေရိကန်နှင့် တရုတ်တို့ အာဏာချိန်ခွင်လျှာညှိမှုထဲတွင် အရေးပါသည့် အနေအထားမှ ရပ်တည်လျက်ရှိသည်။
‘‘ကျွန်တော်တို့ပြည်တွင်းမှာ နိုင်ငံရေးအခင်းအကျင်း အနေအထားတွေပြောင်းလဲသွားတော့ ကျွန်တော်တို့ နိုင်ငံတကာဆက်ဆံရေးကလည်း ပြောင်းသွားတယ်။ အခုကတော့ ဒီမိုကရေစီနစ်ကို ဦးတည်သွားနေတယ်။ အနောက်နိုင်ငံတွေကလည်း လိုလိုလားလား ဆက်ဆံလာတယ်။ ဒါက သူတို့မှာလည်း သူတို့မဟာဗျူဟာအရ ဆက်ဆံတာလည်း ဖြစ်နိုင်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကလည်း ဒီဒေသမှာ အားပြိုင်နေတာရှိတာကိုး။ ကျွန်တော်တို့ကလည်း တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ပထ၀ီအနေအထားအရလည်း အရေးပါတယ်ဆိုတော့ ဒါကလည်း အနောက်နိုင်ငံတွေစဉ်းစားတဲ့အချက်တွေထဲ တစ်ချက်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အမေရိကန်အတွက်လည်း အရေးကြီးတယ်။ တရုတ်အတွက်လည်း အရေးကြီးတယ်။ ဂျပန်အတွက်လည်း အရေးကြီးတယ်’’ဟု အငြိမ်းစား နိုင်ငံခြားရေးဒုဝန်ကြီး ဦးခင်မောင်ဝင်းက ပြောသည်။
‘‘နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ်ဆိုရင် နိုင်ငံများများနဲ့ လုပ်နိုင်လေကောင်းလေပဲ။ အရင်တုန်းကတော့ ကျွန်တော်တို့ဟာ အနောက်နိုင်ငံတွေနဲ့ မလုပ်နိုင်ဘူး။ ဒါကတော့ တရုတ်အနေနဲ့လည်း နိုင်ငံကြီးပါ။ သူလည်း သဘောပေါက်မှာပါ။ ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံတိုးတက်ရေးအတွက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်။ အရင်တုန်းကတော့ ဒီဒေသနိုင်ငံတွေနဲ့ပဲ။ အခုကတော့ အနောက်နိုင်ငံတွေနဲ့ပါ တစ်ကမ္ဘာလုံးက နိုင်ငံတွေနဲ့ ဆက်ဆံပြီး တိုးတက်အောင် လုပ်လာတဲ့အတွက် ဒါသူတို့လည်း သဘောပေါက်မှာပါ။ ဒါ နိုင်ငံတိုးတက်ရေးအတွက် လုပ်တာပဲ’’ဟု ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။
လတ်တလောတွင် နှစ်နိုင်ငံကြား၌ အဖုအထစ်ဖြစ်လာခဲ့သည်က မြန်မာအစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့အကြား ကိုးကန့်တိုက်ပွဲအတွင်း မတ်လတွင်တစ်ကြိမ်၊ မေလတွင်တစ်ကြိမ် တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း နယ်ကျော်ကျရောက်ကာ လူအသေအပျောက် အထိအခိုက်များရှိခဲ့သော လက်နက်ကြီးကျည်ပစ်ခတ်မှုများကြောင့်လည်း ပါဝင်သည်။ မတ်လက မြန်မာအစိုးရတပ်မတော် တိုက်လေယာဉ်တစ်စီးက လမ်းကြောင်းလွဲမှားကြဲချမိသော ဗုံးတစ်လုံးကြောင့် တရုတ်လယ်သမားငါးဦး သေဆုံးခဲ့၍ မြန်မာအစိုးရက တရားဝင်ပြန်လည်တောင်းပန်ခဲ့ရသည်။ မြန်မာသံအမတ်ကို ဘေဂျင်းကဆင့်ခေါ်ခဲ့ပြီး မြန်မာနှင့်ထိစပ်နေသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်ကို ကင်းလှည့်ရန် တရုတ်တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။ သေဆုံးရသူများအတွက် လျော်ကြေးပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရနှင့် တရုတ်တပ်မတော်ကို မြန်မာအစိုးရက ကမ်းလှမ်းခဲ့သည်။
ထို့အပြင် မေလ ၁၄ ရက်ည က မြန်မာနိုင်ငံဘက်မှပစ်လွှတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လူဦးရေထူထပ်သော ၀မ်မင်းကျေးရွာထဲသို့ ကျရောက်ခဲ့ပြီး ရွာသားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်သတင်းဌာများက ဖော်ပြခဲ့သည်။ ယင်းအဖြစ်အပျက်မှာ နှစ်လအတွင်း ယူနန်ပြည်နယ်နယ်စပ်တစ်လျှောက် သေကျေဒဏ်ရာရမှုများ ဖြစ်စေခဲ့သည့် ဒုတိယမြောက်စစ်ရေးကျူးကျော်တိုက်ခိုက်မှုဖြစ်သည်ဟု တရုတ်သတင်းဌာနက South China Morning Post က ထောက်ပြသည်။ သို့သော် ယင်းမှာ မြန်မာ့တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုလုံးဝမဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁၈ ရက်တွင် တရုတ်သံအမတ်ကြီး၊ တရုတ်စစ်သံမှူးတို့နှင့် တွေ့ဆုံပြောကြားခဲ့သည်။
ထို့နောက်တွင်မူ ဇွန်လ ၂ ရက်မှစတင်၍ နှစ်နိုင်ငံနယ်စပ်တွင် တရုတ်လေတပ်နှင့်ကြည်းတပ်တို့က စစ်လက်နက်ကိရိယာများ လက်တွေ့အသုံးချပစ်ခတ်သော စစ်ရေးစွမ်းရည်မြင့်လေ့ကျင့်မှုများကို ပြုလုပ်လာသည်။ ထိုလေ့ကျင့်မှုပြုလုပ်မည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စီရင်စုနှစ်ခုမှာ နယ်ကျော်၍ တရုတ်နိုင်ငံနယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သောနေရာအနီး၊ အခြေအနေတင်းမာမှုရှိသည့်နယ်စပ်တွင်ဖြစ်သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အရာရှိတွေကြား ဆွေးနွေးပွဲမှာ နယ်စပ်လုံခြုံရေးဟာ အဓိကအကြောင်းအရာဖြစ်ပါလိမ့်မယ်’’ဟု တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ အရှေ့တောင်အာရှရေးရာ လေ့လာမှုဌာန ပါမောက္ခဆူလီပင်းကပြောသည်။
ကိုးကန့်တိုကပ်ပွဲများဖြစ်ပွားသည့် ဖေဖော်ဝါရီမှစတင်၍ ပြီးခဲ့သည့်လများတစ်လျှောက် မြန်မာပြည်မြောက်ပိုင်းကိစ္စအတွက် စိတ်ပူပန်မှုရှိကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးအတွက် အမြန်ဆုံးကြိုးပမ်းစေလိုကြောင်းတို့ကို တရုတ်က ထပ်တလဲလဲ တိုက်တွန်းခဲ့သည်။ ထို့အပြင် နယ်စပ်ကို ကျော်ဖြတ်ပြီး လက်နက်ကြီးနှင့် ကျည်ဆန်များကျရောက်နေမှုအတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် မြန်မာအစိုးရအား အကြိမ်ကြိမ်အရေးဆိုခဲ့ဖူးသည်။ တရုတ်နိုင်ငံ၏ ‘‘အလွန်စိတ်မကျေမနပ်ဖြစ်မှု’’ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချောင်ယင်းက ထပ်တလဲလဲပြောကြားနေပြီး ‘‘တတ်နိုင်သမျှအမြန်ဆုံး’’ နယ်စပ်ဒေသတည်ငြိမ်မှု ပြန်လည်တည်ဆောက်ရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။
‘‘တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကိုလည်း မကြာမီကာလမှာ ချုပ်ဆိုနိုင်တော့မှာဖြစ်ပါတယ်’’ဟု မြန်မာဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇွန်လ ၈ ရက်၌ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၆၅)နှစ်ပြည့်ပွဲ၌ ပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဟို့လန်က လက်ရှိတွင် တရုတ်- မြန်မာနှစ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု အရေးပါသောအချိန်ရောက်ရှိနေသည်ဟု ပြောခဲ့သည်။ မြန်မာနှင့်အတူ နိုင်ငံတကာဆက်ဆံရေး အသစ်ထူထောင်ရန် တရုတ်က ဆန္ဒရှိသည်ဟုလည်းဆို၏။ ထို့အပြင် တရုတ်သံအမတ်က မြန်မာ့ရိုးရာစကားတစ်ခွန်းကို ထည့်သွင်းပြောကြားခဲ့သည်။ ယင်းစကားက တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ရံဖန်ရံခါပြောကြားလေ့ရှိသော စကားလည်းဖြစ်ပါသည်။
‘‘မိတ်ဆွေကိုရွေးချယ်လို့ရတယ်။ အိမ်နီးနားချင်းကို ရွေးချယ်လို့မရဘူး’’
7Day daily
0 comments:
Post a Comment