Thursday, June 11, 2015

အခြေခံဥပဒေ ပြင်ဆင်မှာကို လက်ခံပေမယ့် ပြင်ဆင်ချက် ဥပဒေကြမ်းကို လက်မခံဟု အင်န်အယ်လ်ဒီ ပြော

အာဏာရပါတီက ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်သို့  ယမန်နေ့က တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတိုက်အခံ NLD ပါတီက လက်မခံနိုင်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပုသိမ်မြို့နယ် အမတ် ဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာကို ပြောသည်။


“ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့သာ သဘောတူတာ။ ပြင်ပုံပြင်နည်းကို သဘောမတူဘူး။ ပြင်ပုံ ပြင်နည်းကို လွှတ်တော်ထဲမှာ တို့ ဆွေးနွေးမယ်။ ဒါက အစကတည်းက ရှင်းအောင်ပြောမယ်။ နောက်တစ်ခု ခုနက ပြောတဲ့ ၅၉(စ)နဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ၅၉(စ)က လုံးဝ တစ်ပုဒ်လုံးတောင် မပါသင့်တာ။ အဲ့ဒီ ၅၉(စ) တစ်ခုလုံး မပါသင့်တာ” ဟု ၎င်းက ပြောသည်။NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်စဉ်ကတည်းက NLD က ကြွေးကြော်ခဲ့သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဟူသည့် သုံးခု၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပါဝင်ခဲ့သော်လည်း လွှတ်တော်ထဲတွင် NLD အမတ်ဦးရေက နှစ်ဆယ် ရာခိုင်နှုန်း မရှိသဖြင့် ဥပဒေပြင်ဆင်မည့် အဆို တင်သွင်းရန် ခက်ခဲကြောင်း၊ ၄ဝ ရာခိုင်နှုန်းကျော် ရှိသော ပြည်ခိုင်ဖြိုးပါတီက ဥပဒေပြင်ဆင်ဖို့ လက်မှတ်စုသည့်အခါ အစကတည်းက အခြေခံဥပဒေ ပြင်ဆင်ရေး ကြွေးကြော်ထားသည့် NLD ပါတီက လက်မှတ်ထိုးပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ဥပဒေကြမ်းပါ ပြင်ဆင်ချက်များကိုမူ လက်မခံနိုင် ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။

“လွတ်လပ်တဲ့ တရားမျှတတဲ့ သန့်ရှင်းတဲ့ စကားလုံးကို ဘာလို့ ရွေးသုံးလဲ ဆိုရင် အားလုံးက လွတ်လပ် မှု ရှိရမယ်။ အရည်အချင်း သတ်မှတ်တယ်ဆိုတာ တရားမျှတမှု ရှိရမယ်လေ။ ဒီအရည်အချင်း တစ်ခုက ဟိုလူနဲ့ တော့ မကိုက်ညီဘူး။ ဒီအရည်အချင်းက ငါနဲ့ပဲ ကိုက်ညီတယ်။ ငါပဲ သင့်တော်တယ်။ အဲ့ဒီလို သတ်မှတ်ပြီး ပြိုင်တဲ့ ရွေးကောက်ပွဲက သန့်ရှင်းတယ်လို့ ဘယ်သူက ပြောမှာလဲ။ ဒါကြောင့် တို့က လွတ်လပ်ပြီး တရားမျှတဖို့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် ဒါကို တကယ်ဦးတည်ရင် ၅၉(စ)ကို ပယ်ဖျက်ရမယ်။ ဒါ တို့ရဲ့ ရပ်တည် ချက်ပဲ။ ဖွဲ့စည်းပုံ ပြင်ဖို့ကတော့ သဘောတူတယ်၊ ပြင်ပုံ ပြင်နည်းက လွှတ်တော်မှာ ဆွေးနွေးမယ်” ဟုလည်း ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် လက်မှတ်များ စုဆောင်းရာတွင် လက်မှတ် မထိုးလိုက်သည့် တိုင်းရင်းသား ပါတီအချို့လည်းရှိသည့်အပြင် ပြင်ဆင်ချက်များအပေါ် အားမရကြောင်းလည်း ပြောကြား ကြသည်။

“မနေ့က လက်မှတ်တွေ လိုက်စုတော့ ကျွန်မတို့ရော တချို့တိုင်းရင်းသားပါတီတွေပါ လက်မှတ် မထိုး လိုက်ကြဘူး။ အခြေခံ ဥပဒေကို ပြင်ချင်ကြပေမယ့် ကိုယ် မဖတ်ရသေးတဲ့ ပြင်ဆင်ချက်တွေအတွက် လက်မှတ် မထိုးချင်တဲ့ သဘောပါ” ဟု SNLD (ကျားဖြူပါတီ) မှ ကွန်ဟိန်းမြို့ နယ်အမတ် ဒေါ်နန်းဝါနုက မဇ္ဈိမကို ပြောသည်။

ပြင်ဆင်ချက်များနှင့်ပတ်သက်ပြီး “ကျွန်မ အမြင်ကတော့ သိပ်ပြီး ထူးထူးခြားခြားရှိတာ မတွေ့ရဘူး။ ပြည်ထောင်စု ဝန်ကြီးခန့်တာ၊ ပြည်နယ်ဝန်ကြီးချုပ်ခန့် တာတွေတော့ ပါပါတယ်၊ ဒါပေမယ့် ဖွင့်ပေးထားပြီး ပြန်ထိန်းချုပ်ထားတဲ့ အချက်တွေ ပါနေတယ်။ နောက် ဒုတိယသမ္မတတွေဟာ ရွေးကောက်ခံ ကိုယ်စားလှယ်မှ ဖြစ်ပိုင်ခွင့် ရှိတာ တွေ့ရတယ်။ နောက်ပြီး ဇယား ၁ နဲ့ ၂ ကို လုပ်ခွင့်ပြုပေမယ့် ပြည်ထောင်စုက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီဆိုတော့ လုပ်ရတာ ခက်ခဲနိုင်တယ်။ ကဏ္ဍအားလုံးကို ပြည်ထောင်စုအစိုးရက တစ်ခုချင်း လိုက်ပြီး ပြဋ္ဌာန်းပေးနိုင်မလားလို့ မေးစရာ ဖြစ်လာတယ်။ ပြည်ထောင်စုက ဥပဒေပြဋ္ဌာန်းပေးမှပဲ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်က လုပ်ခွင့်ရမယ့်သဘော။ ဖြစ်နိုင်ရင်တော့ ပြည်နယ်နဲ့ ပြည်ထောင်စု ဥပဒေကို ပူးတွဲပြဋ္ဌာန်း လိုက်ရင် ပိုအဆင်ပြေနိုင်မယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် မိမိတို့လိုလားသည့် အတိုင်းအတာအထိ မရောက်သေး သော်လည်း အနည်းငယ် ဖြေလျှော့ပေးမှု ရှိလာကြောင်း၊ သို့ရာတွင် decentralization ကို ယခုထက် ပိုပြီး လျှော့ပေးသင့်ကြောင်းလည်း ၎င်းက ပြောသည်။

“Decentralized ကို အခုထက် ပိုပြီး လျှော့ပေးသင့်တယ်၊ အခုက ဇယား ၁ ထဲကနေ ဇယား ၂ ကို ပေးတယ်ဆိုပေမယ့် ပြည်ထောင်စုက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီဆိုပြီး ပြန်ချုပ်လိုက်တယ်။ မှန်းထားတဲ့ အဆင့်ကို မရောက်ဘူးလို့ ပြောရမယ်” ဟုလည်း သုံးသပ်ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အခြေခံဥပဒေ ပြင်ဆင်ရေး စိစစ်သုံးသပ်ရေး ကော်မတီဝင် ၁၀၈ ဦးအနက် တစ်ဦးအပါအဝင် လည်းဖြစ်၊ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီဝင် ၃၁ ဦးတွင်လည်း ပါဝင်သူ ဒေါက်တာ ဗညားအောင်မိုးကမူ “အခု ဥပဒေပြင်ဆင်ရေးအတွက် တင်လာတဲ့ဟာတွေ အားလုံးဟာ ကျွန်တော်တို့ ဆွေးနွေးထားဖူးတဲ့ အချက်တွေပေါ် အခြေခံပြီး အလယ်အလတ်ကျကျ ချမှတ်ထားတဲ့ အချက် တွေ ဖြစ်နေတယ်။ ဆွေးနွေးထားတဲ့အတိုင်း အတိအကျ သဘောတူတာမျိုးတော့ မဟုတ်ဘူး။ အနီးစပ်ဆုံးဖြစ် အောင် ဥပမာအားဖြင့် ပုဒ်မ ၄၃၆ (က) ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံလို့ တင်တယ်၊ တချို့က တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ၊ တချို့ က အစည်းအဝေး တက်ခွင့်ရ ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ၊ အခု ပြင်ဆင်ချက်မှာ ၇၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းနဲ့ သုံးပုံနှစ်ပုံက နည်းနည်းပဲ ကွာတယ်။ သုံးပုံနှစ်ပုံက ၆၆ ဒသမ ၆၇ ရာခိုင်နှုန်း ရှိတယ်၊ ဒါကြောင့် အခု ပြင်ချက်တွေဟာ အများက လက်ခံနိုင်အောင် ကြားထဲမှာ ချထားပေးတဲ့ သဘောရှိတယ်” ဟု ပြောသည်။

ထို့ အပြင် ဒုတိယသမ္မတများကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးရမည် ဆိုသည့် အချက်မှာ လည်း ကော်မတီဝင်များ မူလ ဆွေးနွေးထားသည့် အချက်များ ဖြစ်သောကြောင့် ယခု အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ အချက်များကို မိမိတို့ လက်ခံနိုင်ကြောင်း၊ မပြင်တာနှင့် စာလျှင် ပြင်ဆင်ခြင်းကို လက်ခံရမည်သာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မှုအပေါ် ကိုယ်စားလှယ် အများစုတို့ က အားမရကြသော်လည်း မူလအစက NLD ပါတီဝင်၊ ထို့ နောက် NDF ပါတီဝင်၊ ထို့ နောက် သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့် ၏ ဒီမိုကရေစီသစ် ပါတီ၊ ယခု တစ်သီးပုဂ္ဂလအမတ် အဖြစ် သီးခြားရပ်တည် နေသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ အမြင်က ထူးခြားနေသည်။

“၉၅(စ) ပြင်ဆင်ချက်မှာ ခက်တာက ဒီမှာက Head of State နဲ့ Head of Government က တစ်ယောက်တည်း ဖြစ်နေတယ်။ အစိုးရအဖွဲ့ ခေါင်းဆောင် လိုချင်ရင် performance ကိုပဲ ကြည့်ရမှာ။ နိုင်ငံ့ ခေါင်းဆောင်ကို လိုချင်ရင်တော့ စစ်တပ်က သူတို့ ယုံကြည်တဲ့သူကိုပဲ ကြည့်မှာ။ သမ္မတ တစ်ဦးအပြင် ဝန်ကြီးချုပ်ပါ ထားလိုက်ရင် ကောင်းမှာ၊ အဲဒီမှာ အစိုးရအဖွဲ့ ခေါင်းဆောင်ဟာ ဖြူဖြူ မည်းမည်း ကြွက်မိဖို့ ပဲ အဓိက ဟာကိုး။ ကြောင်ဖြူ ကြောင်မည်း အရေးမကြီးဘူး၊ ပြောမယ်ဆိုလို့ ရှိရင် နိုင်ငံခြားသားတောင် ဖြစ်လို့ ရတယ်။ စစ်တပ်က ဖွဲ့ ထားတဲ့ ပြည်ခိုင်ဖြိုးကတော့ ဒါကို လက်ခံမှာ မဟုတ်ဘူး၊ ပုဂ္ဂိုလ်စွဲလည်း ရှိလေတော့ အခုလိုပဲ ကန့် သတ်တာဟာ သူတို့ မှန်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီဝင် ၃၁ ဦးတွင် ပါဝင်သည့် ဘားအံမြို့နယ်အမတ် ဒေါ်နန်းစေအွာ (ဖလုံစဝေါ်ပါတီ)ကမူ အဆိုပါ အခြေခံ ဥပဒေ ပြင်ဆင်ချက် ရေးဆွဲရာတွင် အကောင်အထည်ဖော်ရေး ကော်မတီဝင် ၃၁ ဦး၏ ဆန္ဒပြုချက်များထဲက မဲအများဆုံးရသော အချက်ကို ထည့်သွင်းရေးဆွဲမည်ဟု ဆွေးနွေးခဲ့သောကြောင့် ၎င်းနှင့် တိုင်းရင်းသား အမတ်အချို့  ထိုအစည်း အဝေးမှ နုတ်ထွက်ခဲ့ကြကြောင်း၊ သမိုင်းတရားခံ အဖြစ်မခံနိုင်သောကြောင့် ဖြစ်ကြောင်းလည်း မဇ္ဈိမကို ဖြေကြားခဲ့သည်။

“၄၃၆ ကို ပြင်ဆင်ချက်နဲ့ ပတ်သက်ရင် ၆၀ ရာခိုင်နှုန်းလောက်ပဲဖြစ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကိုလည်း မကြိုက်ပါဘူး။ နောက်အစိုးရ သက်တမ်းအတွင်းမှာ အဲဒီအချက်တွေကို လာမယ့်လွှတ်တော်တွေက ပြင်ဆင်သွားနိုင်မယ်လို့ မျှော်လင့် ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထိုသို့ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ ရေးဆွဲပြီးစီးခြင်းကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ လက်မှတ်များ စတင်ကောက်ခံသည့်နေ့အထိ ထိုသို့ ပြင်ဆင်ရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီဝင် အများစုတို့ က မသိရှိကြကြောင်း ဖြေကြားကြပြီး မြစ်ကြီးနား မြို့ နယ်အမတ် ဦးသိန်းဇော် နှင့် ပြည်ခိုင်ဖြိုးပါတီဝင် အချို့ တို့ကသာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားလျက်ရှိသည်။

မဇ္ဈိမ

0 comments:

Post a Comment