Wednesday, June 3, 2015

လော်ခီးလာနဲ့ MNDAA၊ TNLA၊ AA တို့ရဲ့ လားရာ


ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လော်ခီးလာမှာ မနေ့က NCCT ထိပ်ပိုင်းခေါင်းဆောင်များရဲ့ တွေ့ဆုံဆွေးနွေးပွဲ စတင် နေပြီ ဖြစ်ပါတယ်။တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အပြီးသတ်လက်မှတ်ရေး ထိုးနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ အဖြေရလဒ်ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်မိပါတယ်။ အဲဒီ အထဲမှာ ပိုပြီးထူးခြားနေတာက MNDAA၊ TNLA၊ AA တို့အနေနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခွင့် အလားအလာ ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ဒီလော်ခီးလာဆွေးနွေးပွဲမစတင်မီ ချင်းမိုင်မှာ အစိုးရနဲ့ NCCT ခေါင်းဆောင်တွေအကြိုတွေ့ဆုံဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ NCCT ဘက်က ဆွေးနွေးတဲ့ အကြောင်းအရာတွေမှာ MNDAA၊ TNLA၊ AA ကိစ္စတွေ ပါဝင်လာတယ်လို့ သိရပါတယ်။ NCCT အဖွဲ့ဝင်တွေဖြစ်တဲ့အတွက် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးစေချင်တဲ့သဘော သက်ရောက်နေပါတယ်။ ဒါပေမယ့် အစိုးရဘက်ကရော အဲဒီ ၃ ဖွဲ့ကို လက်မှတ်ထိုးခွင့်ပြုပါ့မလားဆိုပြီးUPWC အဖွဲ့နဲ့ နီးစပ်သူတချို့ထံမှ သိရပါတယ်။

“ချင်းမိုင်မှာ ဘာတွေဆွေးနွေးခဲ့သလဲ မသိပါဘူး၊ MNDAA၊ TNLA နဲ့ AA အဖွဲ့တွေကိုတော့ လက်မှတ်ထိုးခိုင်း မှာ မဟုတ်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ MNDAA ကို TNLA နဲ့ AA က ကူတိုက်ပေးတယ်လေ၊ အစိုးရ တပ်တွေက တောက် လျှောက် လိုက်ချေမှုန်းတော့မှ အထိနာပြီး လက်မှတ်ထိုးချင်တယ်ဆိုတာကတော့ အရမ်း လွယ်လွန်းနေပါတယ်။ MNDAA ကို အပစ်ရပ်ရေးစာချုပ်မှာ ထည့်စဉ်းစားစရာ မလိုပါဘူး” ဟု ငြိမ်းချမ်းရေး လိုလားသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် NCCT ဘက်မှ အဲဒီအဖွဲ့ ၃ ဖွဲ့နဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ ကြောင်း၊ MNDAA၊ TNLA နဲ့ AA အဖွဲ့တွေက လက်မှတ်မထိုးနိုင်ခဲ့ရင် ၎င်းတို့အတွက် ဘယ်လိုစဉ်းစားထား သည်ကို သိရှိလိုပါ ကြောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး၍ ကျန်အဖွဲ့တွေကို ထိုးစစ်ဆင် နေရင် အခက်အခဲရှိပါကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“အဲဒီိကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း သေချာရှင်းပြသွားတယ်၊ AA၊ MNDAA နဲ့ TNLA သုံးဖွဲ့လုံးကို ဘယ်လို အခြေအနေဆိုရင် လက်ခံမယ်၊ ဘယ်လိုအခြေအနေဆို လက်မခံဘူး စသဖြင့်ပေါ့၊ NCCT ဘက်က အဲဒီသုံးဖွဲ့လုံးကို ပါစေချင်ပေမယ့် သူတို့ကျူးလွန်ထားတဲ့ အပြစ်တွေကြောင့် ပါဝင်ခွင့်ရဖို့ မဖြစ်နိုင်ပါဘူး” ဟု ထိုင်း-မြန်မာနယ်စပ်မှ အလွတ်တန်း သတင်းထောက်တစ်ဦးက ဆိုပါတယ်။

AA နှင့်ပတ်သက်၍ အစိုးရဘက်မှ AA ဟာ ရခိုင်အဖွဲ့ဖြစ်သည့်အလျောက် အခြားရခိုင်အဖွဲ့များလည်းရှိ ကြောင်း၊ လက်ရှိတွင် ALP နဲ့ တရားဝင်အပစ်ရပ်ထားပြီး ဖြစ်ကြောင်း၊ ALP နဲ့ တစ်ဖွဲ့တည်း ပူးပေါင်းလိုလျှင် အစိုးရအနေနဲ့ လက်ခံ နိုင်ကြောင်း၊ သို့သော် AA အနေနဲ့ ရခိုင်ပြည်နယ်မှာ အခြေချခြင်း၊ စစ်ရေးလှုပ်ရှားမှုပြု လုပ်ခြင်းကို လက်မခံနိုင်ကြောင်း၊ ကချင်ပြည်နယ်ရှိ KIO နယ်မြေအတွင်း AA အဖွဲ့ နေထိုင်သည်ကို ကန့်ကွက် ရန်မရှိကြောင်း ပြောကြားထားတယ်လို့ သိရပါတယ်။

AA ဟာ ရခိုင်ပြည်နယ်အကျိုးကို မဆောင်ရွက်ဘဲ KIA လက်အောက်ခံအဖွဲ့အဖြစ် ရပ်တည်နေရာမှ ရခိုင်နယ် စပ်တွင် အစိုးရတပ်များအား ရန်စပစ်ခတ်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။ AA အနေနဲ့ အစိုးရ သဘော ထားကို လက်မခံရင် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခွင့်ရမှာ မဟုတ်ပါဘူး။

အလားတူ TNLA ဟာလည်း အစိုးရဘက်က ဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အစိုးရဘက်က လိုအပ်ရင် နှစ်ဦး နှစ်ဖက် သဘောတူစာချုပ် ပြုလုပ်မယ်လို့လည်း သိရပါတယ်။ တကယ်လို့ TNLA အနေနဲ့ NCA စာချုပ်မှာ လက်မှတ်မထိုးဖြစ်ခဲ့ လျှင်လည်း ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားမယ်၊ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို ရနိုင်မှာမဟုတ်ဘူး၊ မကြာမီ ပလောင်ဒေသမှာ ငြိမ်းချမ်းရေးထောက်ခံပွဲပြုလုပ်ဖို့ လျာထားတယ်လို့လည်း အစိုးရဘက်က ပြောကြောင်း သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီထောက်ခံပွဲကနေတစ်ဆင့် TNLA နဲ့ ဆွေးနွေး နိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။ ဒါပေမယ့် လမ်းပိတ် ဆက်ကြေးကောက်တာ၊ ပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာတွေ လုပ်ရင်တော့ လုံခြုံရေး အရ အရေးယူဆောင်ရွက်မယ်လို့ ဆို ပါတယ်။

“MNDAA ကတော့ ဟိုနှစ်ဖွဲ့နဲ့ မတူဘူး၊ လက်နက်နဲ့ နိုင်ငံရေးလဲမှရမှာ၊ ကိုးကန့်ဒေသ စစ်ပွဲဟာ သူတို့စခဲ့တာ ဖြစ်တဲ့ အတွက် သူတို့ကိုယ်တိုင်ပဲ အဆုံးသတ်ရမှာ၊ ကိုးကန့်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေးအခြေပြု စခန်းတွေ မရှိရင် အစိုးရတပ်တွေကလည်း တိုက်စရာမလိုဘူးလေ၊ အစိုးရဘက်ကတော့ နိုင်ငံရေးတံခါးဖွင့်ထား ပါတယ်။ သူတို့ သုံးဖွဲ့လုံးရဲ့ လားရာကတော့ သူတို့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်မှာပါ၊ လော်ခီးလာစပြီဆိုတော့ ဘာထူးမလဲ စောင့်ကြည့်ရမှာပေါ့” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ပညာရှင်တစ်ဦးက ပြောကြားသွားပါတယ်။

ဇော်ခေါင်
Today Myanmar

0 comments:

Post a Comment