Thursday, October 23, 2014

ချစ်သူကို ရဲကားနောက်ခန်းတွင် လက်ထပ်ခွင့် တောင်းခံခဲ့သည့် ဗြိတိန်သား



ဗြိတိန်နိုင်ငံမှ စုံတွဲတစ်တွဲသည် ရဲကားနောက်ခန်းတွင် အတူစီးနင်း လိုက်ပါလာရင်း အမျိုးသားက လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကိုင်နီဟတ်ချင်းစ်နှင့် အီမလီ ဒူကန်ဆန်တို့ မောင်းနှင်လာသည့် မော်တော်ကားသည် ကမ်းခြေတစ်ခုသို့ အသွားတွင် လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်ခဲ့သည်။ အစောပိုင်းက ဟတ်ချင်းစ်သည် ဒူကန်ဆန်ကို အဆိုပါ ကမ်းခြေတွင် လက်ထပ်ခွင့်တောင်းရန် ရည်ရွယ်ထားခဲ့သည်။သို့သော်လည်း ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ၎င်းတို့နှစ်ဦးသည် ကမ်းခြေထိ မရောက်ဖြစ်တော့ဘဲ ရဲများ၏ မေးမြန်းမှုကို ဖြေကြားရန်အတွက် ရဲကားတစ်စီးဖြင့် အနီးရှိ ရဲစခန်းသို့ လိုက်ပါလာခဲ့ရသည်။ ယာဉ်တိုက်မှုအတွင်း ကံအားလျော်စွာဖြင့် မည်သူမျှ ဒဏ်ရာမရခဲ့ကြချေ။

ထို့နောက်တွင် ဟတ်ချင်းစ်က မူလစီစဉ်ထားသည့်အတိုင်း လက်ထပ်ခွင့် တောင်းခံရန် ကိစ္စကို ရွှေ့ဆိုင်းမထားလိုသဖြင့် ရဲကားနောက်ခန်းတွင်ပင် ဒူကန်ဆန်ကို လက်ထပ်ခွင့် တောင်းခံခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရှပ်ဝစ်ခ် အနီးတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုအပြီး ဟတ်ချင်းစ်၏ ခွင့်တောင်းမှုကို ဒူကန်ဆန်ကလည်း ပျော်ရွှင်စွာ သဘောတူခဲ့သည်။ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းမှု အချို့သာ ပြုလုပ်ပြီး တစ်စုံတစ်ရာ စွဲချက်တင်ခြင်း မရှိဘဲ ၎င်းတို့နှစ်ဦးကို ရဲများက ပြန်ခွင့်ပေးခဲ့သည်။

အသက်(၃၀) အရွယ်ရှိ ဟတ်ချင်းစ်က “ရဲကားနောက်မှာ လိုက်လာရတဲ့ အချိန်က ခဏလေးပါ။ ဒါပေမဲ့ ယာဉ်မတော်တဆမှု အကြောင်းကို ပြန်တွေးမိတော့ ဘာမဆို အချိန်ပိုင်းလေးမှာတင် ပြောင်းလဲသွားနိုင်တယ် ဆိုတာကို ကျွန်တော် တွေးမိသွားတယ်။ ဒါကြောင့် ကျွန်တော့် ဆန္ဒကို အကောင်အထည်ဖော်ဖို့ မစောင့်နိုင်တော့ဘူး။ ရဲကားထဲမှာပဲ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ ကျွန်တော်တို့ စေ့စပ်ကြောင်းလမ်းမှု အထမြောက်ခဲ့တဲ့ ရဲကားရှေ့မှာလည်း အမှတ်တရ ဓာတ်ပုံရိုက်လာသေးတယ်။ ကျွန်တော့် စိတ်ကူးအတိုင်း လုပ်လိုက်တဲ့ ကိစ္စကို ဘယ်သူမှ ယုံကြမယ် မထင်ဘူး”ဟု ပြောကြားခဲ့သည်။

အသက်(၂၇)နှစ်ရှိ ဒူကန်ဆန်က “ကျွန်မက လက်ထပ်ခွင့်တောင်းမယ့် ကိစ္စကို ကြိုသိမထားပါဘူး။ ကမ်းခြေမှာ ခွေးတွေနဲ့အတူ လမ်းထွက်လျှောက်မယ်ပဲ ထင်ထားတာ။ ရဲကားထဲ ရောက်တော့မှ သူက ကမ်းခြေမှာ လမ်းလျှောက်နေရုံ သက်သက်ပဲလို့ ထင်ထားလားဆိုပြီး လက်စွပ်ဘူးလေး ထုတ်ပြတယ်လေ”ဟု အမှတ်တရ ဆိုသည်။

လက်ထပ်ခွင့်တောင်းစဉ် ရဲကားကို မောင်းနှင်နေသည့် ရဲအရာရှိ နစ်ကိုလာရစ်ချတ်စ်က “သူက ရုတ်တရက် လက်စွပ်ဘူးကို ထုတ်ပြီး အမျိုးသမီးရဲ့လက်မှာ ဝတ်ပေးလိုက်တာဗျ။ ဘေးလူဖြစ်တဲ့ ကျွန်တော်တောင် စိတ်လှုပ်ရှားသွားမိတယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ စုံတွဲသည် လာမည့်နှစ်တွင် လက်ထပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

_Ref: BBC

7Day Daily

0 comments:

Post a Comment