Wednesday, October 22, 2014

ကမ္ဘာ့ ထိပ်တန်း အကြမ်းဖက် အဖွဲ့ (၁၀) ဖွဲ့ 



အီဘိုလာနှင့် အကြမ်းဖက် အဖွဲ့ များသည် ကမ္ဘာသူ ကမ္ဘာသား များအား ဒုက္ခ အပေးနိုင်ဆုံးသော အန္တရာယ် နှစ်ခု ဖြစ်ကြောင်း ကမ္ဘာ့  နိုင်ငံ ခေါင်းဆောင် များက ပြောဆိုနေ ခဲ့သည်။ အကြမ်းဖက် အဖွဲ့ များသည် အရပ်သားများ အပေါ် ရုပ်ပိုင်း သာမက စိတ်ပိုင်း ဆိုင်ရာပါ ဒဏ်ရာ ရရှိအောင် လုပ်ဆောင်နိုင် သောကြောင့် အရပ်သားများ အတွက် ယင်းအဖွဲ့ များမှာ အန္တရာယ် အပေးနိုင်ဆုံး အရင်းအမြစ်များ အဖြစ် သတ်မှတ်ခံ ထားရသည်။ အောက် ဖော်ပြပါ အဖွဲ့ များမှာ အရပ်သား များအား အန္တရာယ် အပေးနိုင်ဆုံးဟု နာမည်ဆိုးဖြင့် ကျော်ကြားသော အဖွဲ့ များ ဖြစ်ကြသည်။၁။ အယ်လ်ဂျီးရီးယား အစ္စလာမ် လက်နက်ကိုင် အဖွဲ့  (GIA)

အယ်လ်ဂျီးရီးယား အစိုးရအား ဖြုတ်ချပြီး နိုင်ငံတွင်း အစ္စလာမ် နိုင်ငံတော် တည်ထောင်နိုင်ရေး ဆိုသည့် ရည်ရွယ်ချက်ဖြင့် အယ်လ်ဂျီးရီးယား အစ္စလာမ် လက်နက်ကိုင် အဖွဲ့  (GIA) ကို ၁၉၉၂ ခုနှစ် ဇူလိုင်တွင် ဖွဲ့ စည်း တည်ထောင်ခဲ့သည်။ အဖွဲ့ သည် ၁၉၉၄ ခုနှစ်တွင် ပြင်သစ် လေကြောင်းလိုင်း လေယာဉ် တစ်စင်းကို ပြန်ပေးဆွဲခဲ့ ပြီးနောက် နာမည် သတင်း ကျော်ကြားမှု ရရှိခဲ့သည်။ ယင်းအချိန် မှစပြီး အဖွဲ့ သည် အယ်လ်ဂျီးရီးယား နိုင်ငံတစ်ဝန်း အရပ်သား များကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခြင်းများကို ပြုလုပ်ခဲ့သည်။ နိုင်ငံရေး အရ အယူ ကွဲပြား စုံလင်မှုကို လက်ခံခြင်းသည် နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်ခြင်း ဖြစ်သည်ဟု အဖွဲ့ က ကြေညာခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အစ္စလာမ် ကယ်ဆယ်ရေး တပ်ဦး အမည်ရှိ အစွန်းရောက် အစ္စလာမ်ပါတီအား အယ်လ်ဂျီးရီးယား၏ စစ်အစိုးရက နိုင်ငံရေး နယ်ပယ်တွင် ပါဝင်ခွင့် ပိတ်ပင်ခဲ့ ပြီးနောက် အစွန်းရောက်များ မကျေမနပ် ဖြစ်ပြီး တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။

၂။ အေဒင် -အဘယန် အစ္စလာမ် တပ်မတော်

အစ္စလာမ် ဘာသာရေးစစ်ပွဲ သို့မဟုတ် ဂျီဟတ် လှုပ်ရှားမှုနှင့် ပတ်သက်မှုရှိသော အဖွဲ့ ဖြစ်သည်။ အစ္စလာမ် အစွန်းရောက် အဖွဲ့ သည် အာရပ် နိုင်ငံများ အထူးသဖြင့် ယီမင်တွင် အရပ်ဘက် ၀ါဒပြန့်နှံ့မှု မရှိရေးကို ကြိုးပမ်း လုပ်ဆောင်နေ ခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာတွင် ယီမင်နိုင်ငံ အဘယန် အရပ်၌ နိုင်ငံခြားသား ခရီးသွား (၁၆) ဦးတို့အား ပြန်ပေးဆွဲခဲ့ ပြီးနောက် အကြမ်းဖက် အဖွဲ့  နာမည်သတင်း ကျော်ကြားခဲ့သည်။ယီမင်လုံခြုံရေး တပ်ဖွဲ့ ဝင် များက ပြန်ပေးဆွဲခံထား ရသူများ ပြန်လည် လွတ်မြောက်ရေး ကြိုပမ်းမှုတွင် ပြေးပေးဆွဲခံရသူ လေးဦး သေဆုံးခဲ့သည်။

၃။ ဂျမား အန်ဆာ အယ်လ်-ဆွန်နာ

အဖွဲ့ ကို ၂၀၀၃ ခုနှစ် စက်တင်ဘာတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အီရတ် အခြေစိုက် ပြောက်ကျား စစ်သွေးကြွ အဖွဲ့ သည် အီရတ် ၀န်ကြီးချုပ် နူရီ အယ်လ်-မာလီကီ ဦးဆောင်သော အစိုးရနှင့် အမေရိကန် ပြည်ထောင်စု တို့ကို လုံးဝ ဆန့်ကျင်သော အဖွဲ့ ဖြစ်သည်။ အကြမ်းဖက် အဖွဲ့ သည် အီရတ် နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အခြေစိုက်ပြီး အီရန် နိုင်ငံတွင်း လည်ပတ်လျက် ရှိသော အစ္စလာမ် အဖွဲ့ များနှင့် ပတ်သက်မှုရှိ ခဲ့သည်။ အီရတ်နှင့် အမေရိကန် ထောက်လှမ်းရေး များက ၎င်း အဖွဲ့ အား အယ်လ်ခိုင်ဒါနှင့် ပတ်သက်မှု ရှိကြောင်း အစောပိုင်းတွင် ပြောဆိုခဲ့ သော်လည်း ၎င်း အဖွဲ့  နှစ်ခုကြား အယူအဆ ကွဲပြားမှု များစွာရှိ နေကြောင်း နောက်ပိုင်းတွင် ၀န်ခံခဲ့ရသည်။

၎။ ကိုလမ်ဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့  (FARC)

လက်ဝဲ ၀ါဒီ လက်နက်ကိုင် အဖွဲ့ အား ကမ္ဘာ တစ်ဝန်းတွင် FARC ဟု သိကြသည်။ အဖွဲ့ သည် ကမ္ဘာတစ်ဝန်းရှိ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်း များ၏ အဦးအစ ဖြစ်ကြောင်း သတ်မှတ်ခြင်းခံခဲ့ ရသည်။ အဖွဲ့ ကို ၁၉၆၄ ခုနှစ် တွင် ဖွဲ့ စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တပ်ဖွဲ့ ဝင် (၁၂၀၀၀) ခန့်ရှိနေကာ ကျေးလက် ဒေသများ တွင်လည်း ထောက်ခံ သူများစွာ ရှိနေသည်။ အဖွဲ့ သည် နိုင်ငံစုံ ကုမ္ပဏီကြီးများ ထံမှ ပြန်ပေးငွေ တောင်းခံပြီး ဆင်းရဲ သူများ၏ ဘ၀များ တိုးတက် ကောင်းမွန်ရေး အတွက် ပြန်လည် အသုံးပြုမှုများကို ပြုလုပ်ခဲ့သည်။

၅။ ကာဒစ္စတန်အလုပ်သမား ပါတီ (PKK)

နာမည် အတိုကောက် PKK ဖြင့် လူသိများသည်။ အဖွဲ့ ကို ၁၉၇၈ ခုနှစ် နိုဝင်ဘာ (၂၇) ရက်နေ့တွင် တူရကီ၌ စတင် ဖွဲ့ စည်း တည်ထောင် ခဲ့ခြင်းဖြစ်သည်။ တည်ထောင်ချိန် မှစပြီး လွတ်လပ်သော ကာ့ဒ် လူမျိုးများ၏ ပြည်နယ် တစ်ခု ပေါ်ထွန်းလာရေး အတွက် တိုက်ခိုက်မှု များကို ပြုလုပ် ခဲ့သည်။ PKK သည် တူရကီ၊ အီရန်၊ ဆီးရီးယားနှင့် အီရတ် တို့တွင် တိုက်ခိုက်မှုများကို ပြုလုပ်နေပြီး နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့  အစည်း များ၏ အကြမ်းဖက် အဖွဲ့ တစ်ခု အဖြစ် သတ်မှတ်ခြင်းခံ ထားရသည်။

၆။ တာရီးခ်-အီ-တာလီဘန် ပါကစ္စတန် (TTP)

အာဖဂန်နစ္စတန်နှင့် ထိစပ်လျက် ရှိသော ပါကစ္စတန် နယ်စပ်ရှိ ပြည်ထောင်စု အုပ်ချုပ်မှု အောက်ရှိ တိုင်းရင်းသား မျိုးနွယ်စုများ ဒေသတွင် အခြေစိုက်သော အဖွဲ့ ဖြစ်သည်။ အခြား အစ္စလာမ်ဝါဒီ အကြမ်းဖက် အဖွဲ့ များစွာဖြင့် ဖွဲ့ စည်းထားခြင်း ဖြစ်သည်။ တာရီးခ်-အီ-တာလီဘန် ပါကစ္စတန် သို့မဟုတ် ပါကစ္စတန် တာလီဘန် အဖွဲ့ အား ၂၀၀၇ ခုနှစ် ဒီဇင်ဘာတွင် ပါကစ္စတန် နိုင်ငံသား အကြမ်းဖက်သမား ဘိုင်တူလာ မာဆတ်က တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ ဘိုင်တူလာ မာဆတ်သည် ၂၀၀၉ ခုနှစ် သြဂုတ် (၂၃) ရက်နေ့တွင် သေဆုံးခဲ့သည်။ ပါကစ္စတန် တာလီဘန် အဖွဲ့ သည် ပါကစ္စတန်ရှိ အစိုးရ ဆိုင်ရာ အဆောက်အအုံများနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင် များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေ သော်လည်း ၎င်း အဖွဲ့ သည် ထောက်လှမ်းရေး ဌာန အများအပြား ကမူ အမေရိကန် ပြည်ထောင်စုရှိ မြို့ အများအပြား ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။

၇။ ဟစ်ဇ် ဘိုလာ

အီရန်နှင့် ဆီးရီးယား အစိုးရ များ၏ ထောက်ခံမှုကို ရရှိထားသော အဖွဲ့ ဖြစ်သည်။ လက်ဘနွန် အခြေစိုက် အကြမ်းဖက် အဖွဲ့ သည် ၁၉၈၂ ခုနှစ် လက်ဘနွန် စစ်ပွဲမှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး အစ္စရေးနှင့် ဆွန်္နီ အာရပ် နိုင်ငံများ ၏ အဓိက ရန်သူ အဖြစ် သတ်မှတ်ခြင်းခံ ထားရသည်။ လက်ဘနွန် အရပ်သား ဦးရေ၏ (၄၁) ရာခိုင်နှုန်းသည် အဖွဲ့ ဝင် အဖြစ် ပါဝင်နေပြီး အဖွဲ့ သည် လူမှုရေး လုပ်ငန်းများ ကိုလည်း လုပ်ဆောင်နေကြောင်း စီအိုင်အေ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

၈။ တာလီဘန်

တာလီဘန်မှာ ကျောင်းသားဟု အဓိပ္ပာယ် ရသည်။ တာလီဘန်သည် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်အား ရက်စက် ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့ခြင်း အတွက် နာမည် သတင်း ကျော်ကြားခဲ့သည်။ တာလီဘန်သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တို့ရှိ အစိုးရ များနှင့် နေတိုး တပ်ဖွဲ့ များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဖွဲ့ ကို ပထန် လူမျိုးစုက တည်ထောင်ခဲ့ပြီး ချေချင်း၊ ဥဇဘက်၊ ပန်ဂျာပီနှင့် တာဂျစ် လူမျိုး များ၏ ထောက်ခံမှုကို ရရှိထားသည်။

၉။ ဟာ့မာ့စ်

ဟာ့မာ့စ်၏ အမည်ရှည်မှာ ဟာရာကတ် အယ်လ်-မူကာဝါမာ အယ်လ်-အစ္စလာ မီယာ ဖြစ်သည်။ ဟာ့မာ့စ် အဖွဲမှာ ပါလက်စတိုင်းရှိ လူမှုရေး နှင့် နိုင်ငံရေး ဆိုင်ရာ အကြမ်းဖက် အဖွဲ့ ဖြစ်သည်။ ဟာ့မာ့စ် ကို ၁၉၈၇ ခုနှစ်တွင် မွတ်ဆလင် ညီနောင်များ အဖွဲ့ ၏ အဖွဲ့ ခွဲ တစ်ဖွဲ့ အဖြစ် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ ၏ ရည်ရွယ်ချက်မှာ ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲရေးနှင့် ပါလက်စတိုင်း အစ္စရေး လက်အောက်မှ လွတ်မြောက်ခွင့် ရရှိရေး အတွက် တိုက်ပွဲဝင်ရန် ဖြစ်သည်။ အသေခံ ဗုံးခွဲသမားများကြောင့် နာမည်ကျော်ပြီး အစ္စရေး အရပ်သားများနှင့် ကာကွယ်ရေး အရာရှိ များအား အဖွဲ့ က လုပ်ကြံ သတ်ဖြတ်မှုများကို ဟစ်ဇ်ဘိုလာ အဖွဲ့ က ထောက်ခံခဲ့သည်။

၁၀။ အယ်လ်ခိုင်ဒါ

ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက် အဖွဲ့ အားလုံး၏ လေးစား ရိုသေခြင်းကို ခံထားရသော အဖွဲ့ ဖြစ်သည်။ အဖွဲ့ အား ၁၉၈၉ ခုနှစ်တွင် အိုစမာ ဘင်လာဒင်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဘင်လာဒင်သည် အကြမ်းဖက် သမားများ၏ ဘိုးအေကြီး ဖြစ်ပြီး စက်တင်ဘာ (၁၁) တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် ကမ္ဘာ တစ်ဝန်းရှိ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ များ၏ အလိုရှိခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ဆက်သွယ်မှု ကွန်ရက် တည်ဆောက်ပုံနှင့် ထိရောက် မှုရှိသော မဟာဗျူဟာ များဖြင့် ကျော်ကြားသော အဖွဲ့ ဖြစ်သည်။ အဖွဲ့ ဝင် တပ်သား များသည် စစ်ပညာကို စနစ်တကျ သင်ယူခဲ့ရသည်။

Ref: Top 10 terrorist groups in the world: topyaps.com

Messenger News Journal

0 comments:

Post a Comment