Thursday, October 23, 2014

အစ္စရေးတွင် လမ်းသွားလမ်းလာများကို ပါလက်စတိုင်းတစ်ဦး ကားဖြင့်ဝင်တိုက်ပြီး ကလေးငယ်တစ်ဦး သေဆုံး



အစ္စရေး နိုင်ငံ၊ ဂျေရုဆလင်မြို့တွင် လမ်းသွားလမ်းလာများကို ပါလက်စတိုင်း တစ်ဦးက ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် လူမမယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အစ္စရေး ရဲတပ်ဖွဲ့က အောက်တိုဘာ (၂၂)ရက်နေ့ ဖြစ်စဉ်သည် ရည်ရွယ်ချက်ရှိရှိ ကားဖြင့် ဝင်တိုက်သည့် အကြမ်းဖက်မှု လုပ်ရပ်တစ်ခုဟု စွပ်စွဲခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် ကလေးငယ်တစ်ဦး သေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ကားဖြင့် ဝင်တိုက်သူမှာ အသက်(၂၁)နှစ် အရွယ်ရှိ ပါလက်စတိုင်းသား အေဘက်ဒ် အက်ဘ်ဒယ်လ်ရာဟ်မန် ရှာလူဒါဆိုသူဖြစ်ပြီး ဂျေရုဆလင် အရှေ့ပိုင်း ဆီလ်ဝန်တွင် နေထိုင်ကြောင်း သိရသည်။ ၎င်းကိုယ်တိုင်လည်း ဒဏ်ရာများကြောင့် အောက်တိုဘာ (၂၃)ရက် နံနက်အစောပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားသည်။

ရှာရိုင် ဇီဒက်ခ် ဆေးရုံက ရှာလူဒါသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးကြောင်း ကြေညာသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး လူဘာဆမ်ရီက သံသယ တရားခံသည် လူအုပ်ကြားထဲ ကားဖြင့် ဝင်တိုက်ပြီး ထွက်ပြေးရန် ကြိုးစားချိန်၌ ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဖြစ်စဉ်အတွင်း ဂျေရုဆလင် အရှေ့ပိုင်း၊ ရထားဘူတာအနီး လူစည်ကားရာ နေရာတစ်ခုတွင် မြန်နှုန်းအမြင့်ဆုံး မောင်းနှင်လာသည့် ကားတစ်စီးက လူအုပ်ကြားထဲ ဝင်တိုးခဲ့ခြင်း ဖြစ်သည်။ အသက် (၃)လသာ ရှိသေးသည့် ကလေးမလေး ဟာယာ ဇစ်ဆဲလ် ဘရွန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ယခုကဲ့သို့ မော်တော်ကားဖြင့် ဝင်တိုက်သည့် အကြမ်းဖက်မှုမျိုးသည် ဂျေရုဆလင် အရှေ့ပိုင်း ဒေသတွင် (၃)လအတွင်း နှစ်ကြိမ်မြောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဩဂုတ်လ အတွင်းကလည်း ပါလက်စတိုင်း တစ်ဦးသည် ဘတ်စ်ကားတစ်စီးကို မြေတူးစက် ကားကြီးဖြင့် ဝင်တိုက်ရာ အစ္စရေး(၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့သည်။ ထိုစဉ်ကလည်း အကြမ်းဖက်သမားကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

_Ref: Channelnewsasia

7Day Daily

0 comments:

Post a Comment