Tuesday, October 21, 2014

စကားပြန်ကို တရားစွဲဖို့ မြန်မာ ၂ ဦးတောင်းဆို

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ်ဖမ်းဆီးခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ထိုင်းရဲ ခေါ်သုံးတဲ့ စကားပြန် ကိုကမာကို တရားစွဲဖို့ တောင်းဆိုကြောင်း သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောပါတယ်။



မနေ့တုန်းက ကော့စမွေအကျဉ်းထောင်မှာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ တွေ့ခွင့်ရတဲ့ ထိုင်းရှေ့နေ များ
ကောင်စီက သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောဆိုတာမှာ လိပ်ကျွန်းလူသတ်မှုကို ကျူးလွန်ကြောင်း ထိုင်းရဲစခန်း မှာ ၀န်ခံခဲ့ရတာဟာ ထိုင်းရဲနဲ့ စကားပြန်တွေက ရိုက်နှက်ညှင်းပန်းခဲ့လို့ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ ဘာသာပြန်လုပ်ပေးခဲ့တဲ့ ကော့စမွေကျွန်းမှာ ရိုတီရောင်းနေတဲ့ ကိုကမာဆိုသူက ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ ကို ရိုက်နှက်ခဲ့ရုံသာမက သူ့ရဲ့ ဘာသာပြန်ဆိုမှုကိုလည်း မှန်ကန်တိကျမယ်လို့သူတို့က အယုံအကြည်မရှိကြောင်း မြန်မာ ၂ ဦး က သူ့ကို ပြောဆိုခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ဆိုပါတယ်။

“ရဲက မေးခွန်းတွေ သူတို့ကို မေးတာမှာ စကားပြန်က ပြန်ဆိုပေးတော့ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ ကပြော တယ်” လို့ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောပါတယ်။

လိပ်ကျွန်း အမှုမှာ ထိုင်းရဲရဲ့ တရားလိုပြသက်သက်ဖြစ်ခဲ့သူ မောင်မောင်က ... ထိုင်းရဲတွေကလည်း သူတို့ကို ရိုက်နှက်ညှင်းပန်းခဲ့သလို စကားပြန်ဖြစ်သူကလည်း ရိုက်နှက် ညှင်းပန်းခဲ့တယ်လို့ မကြာသေးခင်က ပြောဆိုထားတာပါ။

ဒါကြောင့် ကာယကံရှင်တွေရဲ့ တောင်းဆိုမှုနဲ့အညီ စကားပြန် ကိုကမာ ကို တရားစွဲဆိုရေးအတွက် ထိုင်းရှေ့နေများ ကောင်စီကလည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို စကားပြန်လုပ်ပေးခဲ့သူတွေက ကိုရဲ ဆိုသူနဲ့ ကိုကမာဆိုသူတို့ပဲ ဖြစ်ပြီ ကိုရဲ ဆိုသူဟာ အခု ဘယ်မှာ ရှိနေတယ်ဆိုတာ မသိရပါဘူး။


ဧရာဝတီ

0 comments:

Post a Comment