Wednesday, October 22, 2014

ဒါဖတ်ပြီးမှ တယ်လီနော ဆင်းကတ်သုံးပါ



မန္တလေးနှင့် နေပြည်တော်တွင် ဖုန်းကတ်များ စတင်ရောင်းချနေသည့် နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor သည် မကြာခင်ကာလတွင် ဖုန်းသုံးစွဲမှု အများဆုံးဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီးအား MPT, MEC , Ooredoo ဖုန်းများကဲသို့ ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးတော့မည်ဟု သိရသည်။ ယင်းကြောင့် မိုဘိုင်းဖုန်း သုံးစွဲသူများ အား ဝန်ဆောင်မှု စတင်တော့မည့် Telenor ဖုန်းများနှင့် ပတ်သက်၍ စီစဉ်ထားရှိမှုများ သိရှိစေရန် ကုမ္ပဏီ၏ အမှုဆောင်အရာချုပ်အား Popular News မှ ယခုလို မေးမြန်း လိုက်ပါသည်။ရန်ကုန်ကို ဆင်းကတ်တွေ ဖြန့်တာ သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျခဲ့ပါတယ်၊ ဘာကြောင့် ဖြစ်ခဲ့တာလဲ ဆိုတာရှင်းပြပါဦး။

ဟုတ်ပါတယ်။ သတ်မှတ်အချိန်ထက် နောက်ကျရတာက နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ အဆောက်အအုံ ပါမစ်၊ မြေနေရာအ ခက်အခဲနဲ့ရာသီဥတု အခြေ အနေကြောင့် နောက်ကျခဲ့ရတာပါ။ ဒီတော့ တာဝါတိုင်စိုက်ထူတာ မပြီးသေးတဲ့အတွက် ဝန်ဆောင်မှုမစနိုင်ခဲ့တာပါ၊ ဒုတိယ အချက်ကတော့ဝန်ဆောင်မှု ပိုမိုကောင်း မွန်ဖို့ အတွက် သတ်မှတ်တာဝါတိုင်ထက် ပိုမိုဆောက်လုပ်နေတဲ့အတွက်ကြောင့်ပါ။

Telenor အနေနဲ့ Ooredoo နဲ့အတူတူ လိုင်စင်အတူတူရခဲ့ပေမယ့် Ooredoo နောက်မှ ရောင်းနိုင်တဲ့အတွက် တာဝါတိုင်တည်ဆောက်ဖို့ငှားထားတဲ့ ကုမ္ပဏီ အပေါ် ဘယ်လိုမြင်ပါသလဲ။ သူတို့နဲ့ သက်ဆိုင်ပါသလား။

တာဝါတိုင်တည်ဆောက်တဲ့ ကုမ္ပဏီကို ဘာမှမပြောပါဘူး။ ရာသီဥတုကြောင့်ပဲ ဖြစ်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အစိုးရကို ပြောထားတဲ့အတိုင်း လိုင်စင်ရပြီး ၈ လအတွင်း ဆင်းကတ်တွေကို ရောင်းနိုင်ခဲ့ပါတယ်။

ဒါဆိုရင် သတ်မှတ်ထားတဲ့တာဝါတိုင် ပြည့်သွားပြီပေါ့။ တာဝါတိုင် ဘယ်လောက်ရှိသွားပြီလဲ။

ရန်ကုန်ကို ဆင်းကတ်တွေဖြန့်ဖို့ တာဝါတိုင် ၃ဝဝ လိုအပ်ပါတယ်။ အခုလိုအပ်နေတဲ့ အရေအတွက်ကို ပြည့်သွားပါပြီ။ ၃ဝ၅ တိုင်တောင် ရှိနေပါတယ်။ ဝန်ဆောင်မှု ပိုေ ကာင်းအောင်လုပ်နေတဲ့အတွက် မဖြန့်သေးတာပါ။

လိုအပ်တာထက်ပိုနေပြီဆိုတော့ ဆင်းကတ်တွေ ဘယ်နေ့ ရန်ကုန်ကိုစပြီး ရောင်းချပေးမှာလဲ။

ကျွန်တော်တို့ Telenor ဆင်းကတ်တွေကို ၁ဝ ရက်ကနေ ၁၅ ရက် အတွင်း ဖြန့်ပေးသွားမှာပါ။ (မှတ်ချက်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြောသည်)

ဆင်းကတ်တွေ ရောင်းတဲ့အခါ ဈေးကွက်ထဲမှာ Telenor ကတ်တွေ ပြတ်လပ်မှုမရှိအောင် အရေအတွက် ဘယ်လောက် ရောင်းချပေးမှာလဲ။

ကျွန်တော်တို့ ရန်ကုန်ဈေးကွက်ကို စတင်ဖြန့်တဲ့အခါ ဆင်းကတ် ၁ သန်းနဲ့စပြီးရောင်းပေးမှာပါ၊ လိုအပ်ချက်အပေါ်မူတည်ပြီးတော့ ဆက်လက် ရောင်းချပေးမှာပါ။

သုံးစွဲချင်သူတွေအနေနဲ့ဘယ်လိုဝယ်ယူရမလဲဆိုတာ ရှင်းပြပေးပါဦး။

ဆင်းကတ်တွေကို ဝယ်ဖို့က Telenor ရဲ့ကိုယ်စားလှယ်ဆိုင်ပေါင်း ၆ဝဝဝ ရှိပါတယ်။ အဲဒီဆိုင်တွေမှာ မှတ်ပုံတင် ဒါမှမဟုတ် ကားလိုင်စင်ယူလာပြီး ကျပ် တစ်ထောင် ငါး ရာ ပေးရုံ နဲ့ကတ်ရနိုင်ပါတယ်။ ဆင်းကတ်တွေ ဝယ်တဲ့အခါမှာလည်း ငွေဖြည့်ကတ်တွေကိုပါ ဝယ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားဝယ်စီးသလိုပဲ ကားရှိပြီး ဆီမရှိရင် အလုပ်လုပ်လို့မရနိုင်ဘူး။ ဒါကြောင့် ဆင်းကတ်ဝယ်ပြီး ငွေဖြည့်ကတ်လည်း ဝယ်သင့်ပါတယ်။ ဒါလည်း မှောင်ခိုဈေးကွက် မပြန့်အောင် လုပ်ဆောင်ခြင်း တစ် ခုပါပဲ။

ဖုန်းနံပါတ်တွေကို ရန်ကုန်နံပါတ်၊ နေ ပြည်တော်နံပါတ်၊ မန္တလေးနံပါတ်ဆို ပြီးတော့ မြို့ခွဲထားတာမျိုး ရှိပါသလား။

နံပါတ်တွေ မြို့အလိုက်ခွဲထားတာမျိုး မရှိပါဘူး။ အားလုံးဟာ ဝ၉ရ၉ နဲ့ပဲ သွားမှာပါ။

မန္တလေးနဲ့ နေပြည်တော်မှာ ဆင်းကတ်တွေအပြင် Telenor ဟန်းဆက်တွေကိုပါ ရောင်းပေးတယ်လို့ သိရပါတယ်။ ရန်ကုန်မှာရော ရောင်းပေးဖို့ရှိပါသလား။

မန္တလေးနဲ့ နေပြည်တော်မှာ ဆင်းကတ်တွေ စရောင်းတော့ ဟန်းဆက်တွေ ရောင်းမပေးသေးပါဘူး။ နောက်ပိုင်းမှာ ဟန်းဆက်တွေ ရောင်းပေးတာပါ၊ ရန်ကုန်မှာလည်း ဟန်းဆက်တွေ ရောင်းပေးသွားမှာပါ။

ဈေးကွက်မှာ MPT, MEC , Ooredoo ဆင်းကတ်တွေ ဈေးကွက်မှာရှိနေတဲ့အတွက် Telenor သုံးစွဲသူတွေ ဘယ်လိုအခွင့်အလမ်းတွေပေးသွားမှာလဲ။

Telenor ဆင်းကတ် သုံးတဲ့သူတွေအနေနဲ့ ၁ မိနစ်ခေါ်ဆိုခ ဘယ်ကွန်ရက်ခေါ်ခေါ် ၂၅ ကျပ် ၊ SMS ၁၅ ကျပ်၊ နိုင်ငံတကာ SMS ၃ဝ ကျပ်၊ နိုင်ငံ တကာဖုန်းခေါ်ဆိုပါ ထိုင်း ၂ဝဝ ကျပ်စတဲ့ ဈေးသက်သာတဲ့ ဝန်ဆောင်မှုတွေရ ရှိမှာပါ၊ ဒါ့အပြင် အင်တာနက်သုံးစွဲခ 1MB ကို ၆ ကျပ်နှုန်းနဲ့သုံးစွဲနိုင်တဲ့အပြင် ဈေးနှုန်းသက်သာတဲ့ ဟန်းဆက်တွေ ကို ပါ ဝယ်ယူသုံးစွဲခွင့်တွေ ရရှိမှာပါ။

ဈေးနှုန်းသက်သာတဲ့ ဟန်းဆက်တွေ ရောင်းပေးမယ်ဆိုတော့ အဲဒီဟန်း ဆက်တွေမှာ အာမခံသက်တမ်းပါမှာလား။ ခဏသုံးပြီးပျက်သွားရင် ဘယ်လိုလုပ်မလဲ။

ဟန်းဆက်တွေမှာ အာမခံ သက်တမ်းရှိပါတယ်၊ ၁နှစ်အထိ (warranty) ပေးထားပါတယ်၊ ဟန်းဆက်နှစ်မျိုးရောင်း ချပေးမှာပါ။

လက်ရှိ Telenor အနေနဲ့ မန္တလေးနဲ့နေပြည်တော်မှာ ရောင်းနေပြီဆိုတော့ ဆင်းကတ်အရေအတွက် ဘယ်လောက် အထိရောင်းထားပါသလဲ။

မန္တလေးကို စက်တင်ဘာလ ၂၇ ရက်နေ့မှ စရောင်းပါတယ်။ နေပြည်တော်ကို အောက်တိုဘာ ၃ ရက်နေ့မှ ရောင်းပါတယ်၊ ဒီတော့ ဆင်းကတ်အရေအတွက် ဘယ်လောက် အထိ ရောင်းပြီးသွားပြီလဲဆိုတာ မပြောနိုင်သေးပါဘူး။ လောလောဆယ်တော့ မြို့နှစ်မြို့ကို ဆင်းကတ် ၁ သန်း ချထားပေးထားပါတယ်။

ဖုန်းဆိုင်တွေကို Telenor ဆင်းကတ်ရောင်းချင်ရင် ငွေဖြည့်ကတ် အနည်းဆုံး ၆ သိန်းဖိုးဝယ်မှ ရောင်းခွင့်ပေးမယ် သတင်းတွေကြားရပါတယ်။ ဟုတ်ပါသလား။

မှန်ပါတယ်။ ဆိုင်တွေအနေနဲ့ ဆင်းကတ်ရောင်းပြီးရင် ပြီးသွားတာ မျိုးမဖြစ်စေချင်ဘူး။ Telenor ဆင်းကတ်ရောင်းရင် ငွေဖြည့်ကတ်ပါ ရောင်းသင့်ပါတယ်။ စစ်မှန်တဲ့ သုံးစွဲ သူတွေ အတွက်လုပ်ဆောင်တဲ့သဘော၊ market ကိုလည်း ထိန်းချုပ်တဲ့သဘောပါ။

market ဆင်းကတ်တွေကို တစ်နိုင်ငံလုံးသုံးနိုင်ဖို့ အချိန်ဘယ်လောက် ကြာဦးမှာလဲ။

ကျွန်တော်တို့ ပြောထားတဲ့ အတိုင်းပါပဲ။ ငါးနှစ်အတွင်း လူဦးရေ ၉၇ ရာခိုင်နှုန်း လွှမ်းခြုံအောင်လုပ်သွားမှာပါ။ မြန်မြန်တော့ ရောက်စေချင်ပါတယ်။ ကုမ္ပဏီတွေအပေါ်ပဲ မူ တည်ပါတယ်။

အောင်ဇော် တွေ့ဆုံမေးမြန်းသည်။

Popular Myanmar

0 comments:

Post a Comment