Thursday, October 23, 2014

ပီအာရ် စနစ်တင်သွင်းသူကို မဲဆန္ဒရှင်များက ထပ်မံကန့်ကွက် ဆန္ဒပြမည်

အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အဆိုတင်သွင်းမှုအပေါ် မြောက်ဥက္ကလာပမြို့နယ်နေ မဲဆန္ဒရှင်ပြည်သူများက နိုဝင်ဘာ ၁ ရက်တွင် ကန့်ကွက် ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် မဝါက အောက်တိုဘာ ၂၃ ရက်တွင် မဇ္ဈိမကို ပြောသည်။




၂၀၁၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံအနီး ပြုလုပ်သော ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ ပူးပေါင်း၍ PR စနစ် ကန့်ကွက် ဆန္ဒထုတ်ဖော်ပြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ထို့ပြင် ပီအာရ်စနစ် ကန့်ကွက်ဆန္ဒပြပွဲ တစ်ခုကိုလည်း ရွှေပြည်သာမြို့နယ်ရှိ ထန်းခြောက်ပင် လမ်းဆုံမှ လှော်ကားလမ်းဆုံထိအောက်တိုဘာ ၂၆ ရက်တွင် ပြုလုပ်မည်ဟုဆိုသည်။“အမျိုးသားလွှတ်တော်မှာ ပြည်သူတွေ ကန့်ကွက်နေတဲ့ ပီအာရ်စနစ်ကြီးကို အဆိုတင်သွင်းခဲ့သူလည်း ဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေကို ပီအာရ်နဲ့ ပတ်သတ်ပြီး ရှင်းလင်းခြင်းလည်း မရှိဘူး။ ဒါကြောင့်မို့ ဆန္ဒထုတ်ဖော်တာပါ"ဟု ဆန္ဒပြရာတွင် ပါဝင်မည့် ကိုအောင်မြင့်မြတ်က ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကမှု ဆန္ဒပြမည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ်ချက် မပေးလိုဟုဆိုသည်။ သို့သော် သူမအနေဖြင့် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများက သူမဘဝအတွက် မှတ်တိုင်တစ်ခုဟု ဆိုသည်။

ပီအာရ်စနစ်တင်သွင်းသူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကိုလည်း ၎င်း၏
ပုဇွန်တောင်မဲဆန္ဒရှင်များက လွှတ်တော်တွင် ပီအာရ်စနစ်တင်သွင်းမှုနှင့် လွှတ်တော်သက်တမ်း သုံးနှစ်ကျော်အတွင်း မဲဆန္ဒရှင်ပြည်သူများနှင့် ထိတွေ့မှု မရှိဟူသည့် အကြောင်းပြချက်ဖြင့် စက်တင်ဘာ ၂၈ ရက်က ပုဇွန်တောင်ပန်းခြံမှ စတင်ကာ လူအင်အား ၃၀၀ ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည်။


မဇ္ဈိမ

0 comments:

Post a Comment