Sunday, November 16, 2014

ပြည်တွင်း၌ ဗုံးဖောက်ခွဲ အကြမ်းဖက်မှုများပြုလုပ်ရန် သတင်းရရှိထားသည့် အမျိုးသားသုံးဦးကို ရှမ်းပြည်နယ် သိန္နီမြို့နယ်အတွင်း ဖမ်းဆီးရမိ


နိုဝင်ဘာ ၁၄ ရက်ညပိုင်းက ရန်ကုန်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)


ပြည်တွင်း၌ ဗုံးဖောက်ခွဲမှုနှင့် အခြားအကြမ်းဖက်မှုများပြုလုပ်ရန် သတင်းရရှိထားသည့် အမျိုးသားသုံးဦးအား ရှမ်းပြည်နယ် သိန္နီမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။၂ဝ၁၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သော ဗုံးဖောက်ခွဲအကြမ်းဖက်မှုပြုလုပ်ရန် သတင်းရရှိထားသည့် အမျိုးသားသုံးဦးအား ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့်တွင် ရှမ်းပြည်နယ် လားရှိုးခရိုင် သိန္နီမြို့နယ် အေရှားဝေါလ်တိုးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူသုံးဦးမှာ ဟာစန် (ခေါ်) ရဲကို (၂၄)နှစ်၊ ကိုကိုနိုင် (၂၂)နှစ်၊ မော်ကာရှုဖွပ် (၂၁)နှစ် လက်ပံရွာ ကျောက်ဆည်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“အဲဒီသုံးဦး လာရှိုးခရိုင်အတွင်းရောက်နေတဲ့ သတင်းကို နိုဝင်ဘာ ၁၃ ရက်က ရရှိခဲ့တယ်။ အဲ့တော့ ခရိုင်တစ်ခုလုံးရဲ့ လူစည်ကားတဲ့နေရာတွေမှာ သူတို့ရဲ့ဓာတ်ပုံတွေကို လိုက်ပြီး ကပ်တယ်။ LED ကြော်ငြာဆိုင်းဘုတ်တွေမှာ ကြေညာတယ်။ ချယ်ရီ FM ကနေ အသံလွှင့်တယ်။ အဲ့လိုမျိုးသူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အများသိအောင်ထုတ်ပြန်လိုက်တော့ သူတို့နေထိုင်ဖို့ အခက်အခဲရှိသွားတယ်။ အဲ့တော့ သူတို့ထွက်ပြေးတဲ့အခါမှာ ပိတ်ဆိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားခဲ့သည်။

ရရှိထားသော ဖောက်ခွဲအကြမ်းဖက်မှုနှင့် ပတ်သက်၍ အချက်အလက်အကြောင်းအရာများကို စစ်ဆေးဖော်ထုတ်ရန် အဆိုပါအမျိုးသားသုံးဦးအား မန္တလေးတိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့သို့ လွဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက “လတ်တလော စစ်ချက်တွေမှာ သူတို့ထွက်ဆိုထားတာက ၂ဝ၁၃ ခုနှစ်၊ လ၊ ရက် မမှတ်မိတဲ့နေ့မှာ လူမှုကွန်ရက်စာမျက်နှာကနေ မန္တလေးမြို့က သူတို့နဲ့ လူမျိုးတူတဲ့အမျိုးသားတစ်ဦးနဲ့ ခင်မင်ခဲ့တယ် လို့ပြောတယ်။ အဲ့အမျိုးသားက အလုပ်ရမယ်လို့ပြောတဲ့အတွက် သူတို့လိုက်သွားတဲ့အခါမှာ မြဝတီမြို့မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံကို ပို့ဆောင်ခံရတယ်လို့ ထွက်ဆိုတယ်။ တောထဲကစခန်းတစ်ခုကိုရောက်သွားပြီးတော့ သစ်ခုတ်ဝါးခုတ် အလုပ်ကြမ်းတွေ လုပ်ရတယ်။ အဲ့လိုခိုင်းတဲ့အလုပ်တွေကို မလုပ်နိုင်လို့ အဲ့စခန်းကနေ ထွက်ပြေးခဲ့တဲ့အခါမှာ သူတို့မဲဆောက်မှာ ပြန်ပြီးအဖမ်းခံရတယ်လို့ ထွက်ဆိုတယ်။ အဲ့ဒီလက်နက်ကိုင်အဖွဲ့အစည်းထဲကလူတွေက စစ်သင်တန်းပေးတယ်။ ပြီးတော့ သတ်ပစ်မယ်လို့ပြောပြီး သူတို့ရဲ့အလောင်းတွေကို မြုပ်နှံဖို့ တွင်းတွေကိုတူးခိုင်းတယ်။ ဒါကြောင့် သူတို့အဲ့နေရာက နေလွတ်အောင် ပြန်ပြီးထွက်ပြေးခဲ့တယ်လို့ ထွက်ဆိုထားတယ်” ဟု ပြောကြားခဲ့သည်။

ဗုံးဖောက်ခွဲအကြမ်းဖက်မှုများပြုလုပ်ရန် သတင်းရရှိထားသည့် လူများအနက်မှ အဓိက မသင်္ကာသူ ရဲကိုမှာ မိုးမိတ်မြို့ရှိ ဘာသာရေးခေါင်ဆောင်တစ်ဦး၏ သမီးဖြစ်သူ နှင့် လက်ထပ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“အခုချိန်က စစ်ကြောနေတဲ့ကာလပဲ ဖြစ်တယ်။ သူတို့ထွက်ဆိုထားတဲ့အတိုင်း ဟုတ် မဟုတ်ဆိုတာ ထပ်မံစစ်ဆေးနေတယ်။ အခြားအကြောင်းအရာတွေကိုလည်း စစ်ဆေးနေတယ်။ မန္တလေးမှာ အားလုံးစစ်ဆေးပြီးရင်တော့ ဥပဒေပုဒ်မတွေတပ်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။ ၎င်းအမျိုးသားသုံးဦးသည် လားရှိုးမြို့အဝေးပြေးဂိတ်မှ အေဒီဗင်ဖြင့် မှုဆယ်မြို့သို့ ထွက်ခွာသွားကြောင်း ပြည်သူတစ်ဦး၏ ဖုန်းသတင်းပေးချက်အရ လမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင်ပြည်တွင်း၌ အကြမ်းဖက်မှုများပြုလုပ်ရန် မော်လမြိုင်အတွင်းမှ ဝင်ရောက်လာသည့် RSO လေးဦးကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးနေသည့်အဆင့်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဌာနချုပ်ရုံးမှ သိ ရသည်။

Eleven Media Group

0 comments:

Post a Comment