လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂ(EU) က စွမ်းဆောင်ရည်မြှင့်တင်ရန်၊ နိုင်ငံတကာအဆင့်မီ အဓိကရုဏ်းနှိမ်နင်းရေး စသည်တို့အတွက် သင်တန်းပေးနေသော်လည်း ယခင် အစိုးရလက်ထက်များကထက် အထောက်အပံ့နှင့် ရဲတပ်ဖွဲ့သုံးပစ္စည်း ကိရိယာများ ပိုမိုရရှိခေတ်မီလာသော်လည်း ရဲတပ်ဖွဲ့ဝင်များ မဖြေရှင်းနိုင်သော ပြဿနာတစ်ခုရှိနေပါသည်။လူမိုက်ပြဿနာ ဖြစ်ပါသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာပင် ရဲတပ်ဖွဲ့မှ မဖမ်းရဲသော၊ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ကြောက်ရသော လူမိုက်များရှိနေပါသည်။ ယခင် ရန်ကုန်မြို့စွန် အချို့နေရာ၌သာ ရှိတတ်သော လူမိုက်များမှာ ယခုအခါ ရန်ကုန်မြို့တွင်းနေရာအချို့သို့ ရောက်လာပြီး မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်လာသည်ဟု အမည်မဖော်လိုသော ရဲအရာရှိအချို့နှင့် ပြည်သူများကပြောသည်။
ထို့ကြောင့် နေရာအချို့တွင် ကေတီဗီ၊ အနှိပ်ခန်း၊ ဘီယာဆိုင်ကဲ့သို့လုပ်ငန်းကို သက်ဆိုင်ရာခွင့်ပြုချက်ရရုံဖြင့် မဖွင့်ရဲဘဲ ထိုနယ်ရှိ လူမိုက်၏ ခွင့်ပြုချက်ရမှ လုပ်ကိုင်နိုင်သည်ဟု အထက်ပါပုဂ္ဂိုလ်များကပြောသည်။
နိုက်ကလပ်အများစုတည်ရှိရာ မင်္ဂလာဈေးအပါအ၀င် အငှားယာဉ်ဂိတ်အချို့၊ စံပြငါးဈေး၊ သီရိမင်္ဂလာဈေးသစ်၊ သာကေတရှိ ရပ်ကွက်အချို့တို့တွင် မိုက်ကြေးခွဲသော လူမိုက်များရှိကြောင်း ရဲအရာရှိအချို့နှင့် လူမိုက်များက ပြောသည်။
‘‘အမှုအခင်းတစ်ခုဖြစ်ရင် ရဲက အဲဒီနယ်မြေက လူမိုက်ကိုပဲ ခေါ်မေးလိုက်တယ်။ ဘယ်သူဘယ်ဝါဆိုတာ များသောအားဖြင့် ချက်ချင်းသိနိုင်တယ်’’ဟု သီရိမင်္ဂလာဈေးသစ်ရှိ ကုန်စိမ်းရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။
နယ်မြေအလိုက် လူမိုက်ဟု သတ်သတ်မှတ်မှတ်ခေါ်ဝေါ်ရန် ခက်ခဲပြီး ဦးရာလူက မိုက်ကြေးခွဲ ငွေကောက်ခံကြသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်လက သီရိမင်္ဂလာဈေးသစ်တွင် လမ်းဘေးဈေးသည်များအား စည်ပင်က ရောင်းချခွင့်မပေးတော့ဟု အမိန့်ထုတ်ပြန်ရာ၌ စည်ပင်ဝန်ထမ်းများမှာ တိုက်ရိုက်လာရောက်ပြောဆိုရန် ကြောက်ရွံ့သဖြင့် ရဲစခန်း၏ အကူအညီကိုရယူကာ အမိန့်ထုတ်ပြန်ခဲ့ရကြောင်း ၎င်းက သူ၏အတွေ့အကြုံကိုပြောပြသည်။
ထို့အပြင် လသာမြို့နယ်တွင် လူသတ်မှုကျူးလွန်ခဲ့သူသုံးဦးမှာ လူသတ်မှုကျူးလွန်ခဲ့သည့်ညကပင် သီရိမင်္ဂလာဈေးသစ်ရှိ စားသောက်ဆိုင်၌ ဘီယာဝင်သောက်ပြီး လှိုင်သာယာသို့ပြန်ရာ အဆိုပါသုံးဦး ဖမ်းဆီးမိရေးအတွက် ဈေးသစ်ရှိ လူမိုက်အချို့၏ သတင်းပေးကူညီမှုများကြောင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရှိ ဒုရဲအုပ်တစ်ဦးကပြောသည်။
ထို့ကြောင့် လူမိုက်ဟုဆိုသူများမှာ နှိမ်နင်းရေးတွင် တစ်ခါတစ်ရံကူညီတတ်ကဲ့သို့ ဒုစရိုက်လုပ်ငန်းများ ရှင်သန်ရန်လည်း အဆိုပါလူမိုက်များကပင် ဆက်လက်ပံ့ပိုးထားကြောင်း အထက်ပါဒုရဲအုပ်ကပင်ဆိုသည်။
ပြီးခဲ့သည့်လက လှိုင်သာယာမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မျက်နှာချင်းဆိုင်၌ အခြားစားသောက်ဆိုင်တစ်ဆိုင် ထပ်မံဖွင့်လှစ်ခဲ့သောကြောင့် မူလဆိုင်ရှင်က အဆိုပါနယ်မြေပိုင်လူမိုက်များကို ငွေကြေးပေးခိုင်းစေခဲ့၍ ဆိုင်သစ်မှာ မိုက်ကြေးခွဲခံရပြီး တစ်ပတ်အတွင်းပင် ပြောင်းရွှေ့ခဲ့ရကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အိမ်ခြံမြေပွဲစားတစ်ဦးကပြောသည်။
‘‘ရပ်ကွက်ထဲမှာ ဘီယာဆိုင်၊ ဘိလိယက်ဆိုင်၊ မာဆတ်တွေဖွင့်မယ်ဆိုင် အစိုးရဆီက ခွင့်ပြုချက်ရရင် တိုက်ရိုက်ဖွင့်လို့မရဘူး။ ဒီကဆိုင်ရာတွေကိုလည်း ငွေပေးရတယ်။ အဲဒါဆို အသစ်ဖွင့်တဲ့ဆိုင်တွေရဲ့ လုံခြုံရေးကို သူတို့ကြည့်ပေးတယ်’’ဟု အထက်ပါပွဲစားက ဆိုသည်။
လက်ရှိတွင် မိုက်ကြေးခွဲငွေကြေးရယူကာ လုပ်ကိုင်ပေးနေသည့် လူမိုက်များကို အသုံးပြုရာ၌ အကြွေးတောင်းသည့်ကိစ္စမျိုးတွင် များစွာအသုံးဝင်သည်ဟု သာကေတမြို့နယ်တွင် ကားဝပ်ရှော့ဖွင့်လှစ်ထားသော ဦးမျိုးမြင့်ကပြောသည်။
‘‘အကြွေးရရင်လည်း သုံးပုံရဲ့တစ်ပုံကို တောင်းပေးတဲ့ လူမိုက်ကိုပေးလိုက်ရုံပဲ။ ကိုယ့်ငွေလည်း မဆုံးဘူး’’ဟု ဦးမျိုးမြင့်ကပြောသည်။
အနှိပ်ခန်းအမည်ခံ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်လည်း ရဲစခန်းသို့ လိုင်းကြေးပေးခြင်း စီမံချက်ရှိသဖြင့် ဆိုင်ကိုခေတ္တပိတ်ထားရန် လာရောက်သတင်းပေးခြင်းများမှာလည်း လူမိုက်ဟု အမည်ခံထားသူများက လုပ်ကိုင်ပေးနေပြီး ၎င်းတို့ကို အနှိပ်ခန်းအမည်ခံ လိင်ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်များက အခကြေးငွေပေးကာ မွေးထားတတ်သည်။
‘‘သူတို့ဆီမှာ သတင်းတွေ အတိအကျရှိတယ်။ နယ်မြေရဲထက် ပိုစိတ်ချရတယ်။ အထက်က စီမံချက်နဲ့ ဆင်းဖမ်းမယ်ဆိုတဲ့အသံတွေကအစသူတို့ဆီကရတာ’’ဟု စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းတွင် အနှိပ်ခန်းဖွင့်လှစ်ထားသည့် မန်နေဂျာအမျိုးသမီးတစ်ဦးကပြောပါသည်။
ယခုနှစ်ပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ ကားဂိတ်အချို့၌ ဂိတ်ထိုးသော အငှားယာဉ်များမှာ ထိုနယ်မြေပိုင် လူမိုက်များကို ဆက်ကြေးအဖြစ် တစ်စီးလျှင် တစ်ရက် ၁,၀၀၀၊ ၂,၀၀၀ ကျပ် စသဖြင့် ပေးနေရကြောင်း ရဲအုပ်တစ်ဦးက ပြောသည်။ ထိုလူမိုက်က ဆက်ကြေးယူပြီးလျှင် ထိုဂိတ်အနီး အခြားကားများ လာမရပ်ရန် တာဝန်ယူပေးသည်။ အလားတူ လှိုင်သာယာမြို့နယ်ရှိ ဆိုက်ကားနှင့် အငှားယာဉ်ဂိတ်အချို့တွင်လည်း လူမိုက်များကို လိုင်းကြေးပေးရလေ့ရှိသည်။ လူမိုက်များကြီးစိုးသောနေရာများတွင် ရန်ကုန်မြို့တွင်းရှိ ဆေးရုံအချို့ အနီးဝန်းကျင်လည်း ပါဝင်ကြောင်း သတင်းရရှိသည်။
လူမိုက်များမှာ ရန်ကုန်တွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပါက ရှောင်တိမ်းပြီး နယ်မြို့များ၌ အခြားအလုပ်များကို သွားရောက်လုပ်ကိုင်ပြီး ဘ၀ကိုရပ်တည်ကြကြောင်း သာကေတမြို့နယ်ရှိ ရန်ပွဲများတွင် ပါဝင်ခဲ့ဖူးပြီး ယခုအဆိုပါလောကမှ အနားယူကာ တရားအားထုတ်နေသူ ဦးပဉ္စင်း ဦးဣန္ဒြာက မိန့်ကြားသည်။
လူအများထိတ်လန့်ခဲ့သော နေ့ခင်းကြောင်တောင်တွင် အုပ်စုဖွဲ့ဖြစ်ပွားသော သာကေတရန်ပွဲမှာ တစ်ဖက်နှင့်တစ်ဖက် ငွေကြေးအရှုပ်အရှင်းများကြောင့်ဖြစ်ပြီး ၎င်းတို့ နောက်တွင် လုပ်ငန်းရှင်ကြီးအချို့က ကိုယ်ကျိုးအတွက် တိုက်ရိုက်အသုံးချခြင်းဖြစ်သည်ဟု ဦးပဉ္စင်းကမိန့်သည်။
အဆိုပါလုပ်ငန်းရှင်ကြီးများတွင် မီဒီယာလုပ်ငန်း၊ ဆန်စပါးနှင့် ဘဏ်လုပ်ငန်းများ၌ များစွာရင်းနှီးမြှုပ်နှံထားသည့် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးပင် ပါဝင်သည်။ ၎င်းကလက်သပ်မွေးထားသည့် လူမိုက်အများစုရှိနေဆဲဟု ဦးဣန္ဒြာကမိန့်သည်။
ယခုအခါ သာကေတရန်ပွဲ ဖြစ်စဉ်တွင်ပါဝင်သည့် လူမိုက်အချို့မှာ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့အချို့၌ ရှောင်တိမ်းနေရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တရုတ်လူမျိုးနှင့် စီးပွားရေးသမားအချို့ လောင်းကစားလုပ်ရန် သွားရောက်လေ့ရှိသည့် ရန်ကုန်တစ်ဖက်ကမ်း အေးရွာ၊ ၀ါးရုံဆိပ် အစရှိသော ရွာများ၏ အိမ်ကြီး၊ အိမ်ကောင်းများတွင်လည်း နေ့ခင်းဘက် လောင်းကစားဝိုင်းများတွင်လည်း အဆိုပါလူမိုက်များကို ငွေကြေးပေးထားရုံဖြင့် စောင့်ကြည့်ပေးကြသည်ဟု အဆိုပါရွာ၌ လေးကောင်ဂျင် သွားကစားဖူးသူ ကုမ္ပဏီယာဉ်မောင်းတစ်ဦးကပြောသည်။
‘‘လောင်းကစားဝိုင်းမှာ နိုင်သွားလို့ ငွေလုမခံရဖို့ သူတို့နယ်မြေအတွင်းမှာတော့ သူတို့တာဝန်ပေးတယ်’’ဟု အထက်ပါယာဉ်မောင်းကပြောသည်။
နိုင်ငံတော်၏ အထူးစီမံချက်များ၊ ဒုစရိုက်လုပ်ငန်းများ အရှိန်မြှင့်ဖမ်းဆီးချိန်တွင် ရန်ကုန်မြို့မှ လူမိုက်အလုပ်ဖြင့် ရပ်တည်ကြသူများမှာ နယ်မြို့ကလေးများတွင် လပေါင်းများစွာ ငြီးငွေ့စွာ အချိန်ကုန်လွန်ရသည်ဟု အဆိုပါလုပ်ငန်းများတွင် ကာလကြာလုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကပြောသည်။
ရဲတပ်ဖွဲ့ဝင်များမှာ အဆိုပါလူမိုက်များကို သိသော်လည်း ၎င်းတို့မှာ အုပ်စုတောင့်၍ ဖမ်းဆီးအရေးယူလျှင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို အန္တရာယ်ပြန်ပြုမည်စိုး၍ မဖမ်းရဲကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် ပြည်တွင်း၌ ရဲတပ်ဖွဲ့ဝင်အင်အား ရှစ်သောင်းဝန်းကျင်သာရှိသဖြင့် အချို့ဒေသများတွင် ရဲတပ်ဖွဲ့ဝင်အင်အားနည်း၍ ယင်းဒေသမှ လူမိုက်များကို အရေးမယူရဲသည်လည်း ရှိသည်။
သို့သော် လူမိုက်များ ရမ်းကားလွန်းလျှင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်နှင့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့သို့ သတင်းပေးပြီး နှိမ်နင်းစေကြောင်း ရဲအုပ်တစ်ဦးက ပြောသည်။ ထို့အပြင် ယခုနောက်ပိုင်း လူမိုက်များ ရမ်းကားလွန်း၍ ပြည်သူများတိုင်တန်းလာလျှင် လက်သံပြောင်သော မြို့နယ်ရဲမှူးကို ယင်းဒေသသို့တာဝန်ပေးပြီး နှိမ်နင်းစေကြောင်း အထက်ပါရဲအုပ်က ပြောသည်။ လက်သံပြောင်သော မြို့နယ်မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက လူမိုက်များကိုခေါ်ပြီး ခံဝန်ထိုးထားစေသဖြင့် နောက်ပိုင်း ဒုစရိုက်မှုလျော့နည်းသွားကြောင်း အထက်ပါအရာရှိက ဆိုသည်။
‘‘လူမိုက်အများစုက ငယ်ငယ်တုန်းက အနိုင်ကျင့်ခံရတာ၊ ကိုယ့်အရှေ့မှာ မတရားမှုတွေ ဖြစ်တာတွေ၊ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားတာတွေ၊ ကိုယ့်မိခင်၊ ဖခင်၊ မိသားစုဝင်တွေကို ငွေကြေးအရ ခေါင်းပုံဖြတ်ခံရတာတွေကြောင့် လူမိုက်ဘဝဖြစ်လာရတာ များတယ်’’ဟု လူမိုက်လောကတွင် ကျင်လည်ခဲ့သူတစ်ဦးက ပြောသည်။
‘‘အဓိကကတော့ မခံချင်စိတ်၊ ကြီးပြင်းလာတဲ့ဒေသ၊ ပတ်ဝန်းကျင်ကြောင့် လူမိုက်ဖြစ်လာတာ။ ပညာရေးကြောင့် မဟုတ်ဘူး။ လူမိုက်တွေထဲမှာ ပညာတတ်တွေ အများကြီးရှိတယ်။ အဓိကပြဿနာက အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့် ကုမ္ပဏီမှာဝင်လုပ်ရင် တစ်သိန်းကျော်လောက်ပဲ ရမယ်။ ဒီမှာက တစ်လကို သုံး၊ လေးသိန်း ဝင်တာကြောင့် လူမိုက်ဖြစ်လာတာ’’ဟု ဆရာတော်ဦးဣနြေ္ဒာကမိန့်သည်။
လုပ်အားကောင်းမွန်သူများဖြစ်ပြီး အရွယ်ရှိစဉ် ကောင်းရောင်းကောင်းဝယ်လုပ်ရန် အစိုးရက မည်သို့ဖြေရှင်းသင့်ကြောင်း မေးမြန်းရာ ‘‘ဖြေရှင်းတဲ့နည်းကတော့ မစဉ်းစားတတ်ဘူး။ အဲဒီလို ပတ်ဝန်းကျင်မှာ ရှိနေရင် အလိုလိုကို လူမိုက်ပြန်ဖြစ်တယ်။ အများစုက သံဝေဂရတာပဲဖြစ်ဖြစ်၊ ထောင်ကျလို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာပဲဖြစ်ဖြစ် လူမိုက်အလုပ်ကို ဆက်မလုပ်ချင်တော့ရင် အဲဒီပတ်ဝန်းကျင်ကနေစွန့်ပြီး နယ်တွေမှာ ဆိုင်ကယ် ကယ်ရီဆွဲတာတို့၊ ကုန်ဝင်ထမ်းတာတို့လုပ်ပြီး ပြောင်းနေကြတယ်’’ဟု ဆရာတော်က မိန့်သည်။
သို့သော် ဆရာတော်၏ အထက်တွင် မိန့်ကြားမှု၌ ပါဝင်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းများလာအောင်၊ တရားဥပဒေစိုးမိုးပြီး ကလေးငယ်များအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်ရန်၊ ဆယ်နှစ်ကျော်သင်ရသော အတန်းပညာရေးကလည်း လူ့ဘဝတွင် တန်ဖိုးရှိစွာ နေထိုင်နည်း၊ အပြန်အလှန်စာနာစိတ်ဖြင့် မကောင်းမှုကျူးလွန်ရန် ရှက်ကြောက်တတ်အောင် ပြည်သူ့နီတိ ကောင်းမွန်စွာ သင်ကြားပေးသော ပညာရေးမျိုးဖြစ်အောင်လုပ်ရန် လိုပါသည်။
- မိုးညိုရေးသား၍ အောင်သူရပံ့ပိုးသည်
Tuesday, November 11, 2014
ရန်ကုန် လူမိုက်များ
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment