Thursday, November 13, 2014

အိုဘားမား (သို့မဟုတ်) လမ်းဘေးဈေးသည်တို့ ကြောက်ရသူ



၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံနေပြည်တော်ရွှေမြို့တော်ကြီးမှာ နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက် တွေမှာဝှီးချဲကျင်းပတော့မှာဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရတဲ့မြန်မာနိုင်ငံအနေနဲ့လည်း ဂုဏ်ယူဖွယ်ရာ အစည်းအဝေးကြီးတစ်ရပ်ကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ကျင်းပနိုင်ဖို့နဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ ရှေ့မှာ မဖွယ်မရာဖြစ်ရပ်တွေမဖြစ်အောင်လုံခြုံရေး ကစလို့ပြင်ဆင်မှုအားလုံးကိုအင်နဲ့အားနဲ့ဆောင်ရွက် ကြတာလည်းအားရကျေနပ်စရာကောင်း လှပါတယ်။
ရုပ်သံလွှင့်ဌာနတွေကလည်း ရုပ်မြင်သံကြား ကနေ ဒီအစည်းအဝေးပွဲကြီးအတွက် ပြင်ဆင်နေပုံ တွေ လုံခြုံရေးအစီအမံတွေအကြောင်းကို မကြာ မကြာထုတ်လွှင့်ပေးနေတော့ အင်မတိအင်မတန် အရေးကြီးတဲ့ အစည်းအဝေးဖြစ်တယ်ဆိုတာ ကလေးကအစခွေးအဆုံး သိရှိပြီးဖြစ်ကြပါတယ်။
လုံခြုံရေးဘယ်လောက် ဂရုစိုက်လည်းဆိုရင် ဧည့်စာရင်းမစစ်တာ နှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးမှာတောင် ဧည့်စာရင်းတိုင်ကြဖို့၊ ဧည့်စာရင်းစစ်မယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ် လာပြီး ရပ်ကွက်ရုံးကို ဧည့်စာရင်းတိုင်ဖို့ သွားကြသူ တွေတရုန်းရုန်းဖြစ်နေကြပါတယ်။(အမှန်က ဧည့်သည့်မဟုတ်ပါ။ကိုယ့်အိမ်ကိုယ်နေတာကိုဧည့်စာရင်း တိုင်ဖို့ သွားကြရခြင်းပါ)။
ဒီအာဆီယံထိပ်သီးအစည်းအဝေးကြီးကို “ကမ်္ဘာ့ လင်းယုန်ကြီး”လို့အမည်သညာခေါ်တွင်တဲ့ အမေရိ ကန်သမ်္မတကြီးဘားရတ်အိုဘားမားတက်ရောက်ဖို့လာမယ်ဆိုတဲ့ သတင်းကလည်းဟိုးလေးတကျော်ဖြစ် ပြီး လူတွေကြားမှာ အိုဘားမားက အာဆီယံထိပ်သီး အစည်းအဝေးထက်ကို ပေါ်ပြူလာဖြစ်နေတာပါ။
ပြီးခဲ့တဲ့တစ်ခေါက် အိုဘားမားမြန်မာနိုင်ငံလာ တုန်းကလည်း အိုဘားမားကို အရှင်လတ်လတ်တွေ့ မြင်ဖူးချင်သူတွေ နယ်တွေကတောင် ရန်ကုန်ကိုတကူးတကလာပြီး ကြည့်ခဲ့ရတာပါ။ ရန်ကုန်ပြည် လမ်းမှာဆိုရင် အိုဘားမားယာဉ်တန်းကို စောင့်ကြို ကြည့်ရှုကြတဲ့ ပရိသတ်ဟာ မြန်မာဘောလုံးအသင်းအောင်ပွဲခံပြန်လာတာကိုစောင့်ကြိုတဲ့ ပရိသတ် ထက်တောင်ပိုများမလားထင်ခဲ့ရတယ်။


လမ်းလေးခွဆုံတွေမှာလည်း အိုဘားမားရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လေယာဉ်ဆင်းလာတာစလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယဉ်ကျေးမှုအရအနမ်းပွင့်ခြွေချတာအဆုံး LED ဘုတ်ကြီးတွေကနေပြသပေးခဲ့တာ ပရိသတ်တွေကို ကြိတ်ကြိတ်ကိုတိုးလို့ ဖြစ်ခဲ့ရတာပါ။
အခုတစ်ခေါက်လည်း လင်းယုန်ကြီးအလာမှာ ဘယ်လိုထူးထူးခြားခြားတွေတွေ့မြင်ရပါမလဲစဉ်းစား ရင်း စားနေကျကွမ်းယာဆိုင်ကိုရောက်သွားတော့ပလက်ဖောင်းပေါ်က ကွမ်းယာဆိုင်ပျောက်ကွယ် သွားပြီး သေချာလိုက်ရှာတော့မှ ပလက်ဖောင်းရဲ့ အနောက်ဘက်မမြင်ကွယ်ရာလေးကို မှီပြီး ပုန်းလျှိုးကွယ်လျှိုးရောင်းနေတဲ့ကွမ်းယာသည်ကိုတွေ့ရတယ်။
သူတစ်ဆိုင်တည်းမဟုတ်ဘဲအခြားဈေးသည်အား လုံးပါပလက်ဖောင်းပေါ်ကနေပျောက်ကွယ်သွားပြီး ပုန်း လျှိုးကွယ်လျှိုးရောင်းသူရောင်း၊ ဈေးခင်းမယ့်ပစ်္စည်းတွေ လွတ်ရာကျွတ်ရာစုပုံထားပြီး အခြေအနေကြည့်သူက ကြည့်နဲ့ ဖြစ်နေကြတာပါ။ မလှမ်းမကမ်းမှာလည်း အပြာဝတ်ဝန်ထမ်းတချို့က ကင်းစောင့်နေကြသေးတယ်ဆိုတော့ ဈေးသယ်တွေခမျာမှာ ဘယ်ချိန် ရောင်းလို့ရောင်းရမှန်းမသိဖြစ်နေကြရတာပါ။

ဈေးသည်တစ်ဦးကဆိုရင် “အိုဘားမားလာတာ ကျွန်တော်တို့နဲ့ ဘာဆိုင်လဲ။ ဒီနေရာကို အိုဘားမား ကလာမှာမို့လို့လား။ ကျွန်တော်တို့ဈေးမရောင်းရရင် ဘယ်သူကလာကျွေးမှာလဲ”လို့ မြည်တမ်းနေပါသေး တယ်။ သူပြောမယ်ဆိုလည်းပြောချင်စရာပါ။ တစ်သက် လုံးဒီနေရာဈေးရောင်းစားလာတာ၊ အိုဘားမားလာနိုင်တဲ့ လမ်းမကြီးလည်းမဟုတ်။ပြီးတော့ အိုဘားမား တောင် မြန်မာပြည်ခြေမချရသေးဘူး။ နိုဝင်ဘာ ၁၁ ရက် နံနက်ကတည်းက ဈေးမရောင်းရလို့တားမြစ်ခံနေရပြီဆိုတော့ အိုဘားမားပြန်မယ့်နေ့ထိ ဘယ်လို ရပ်တည်စားသောက်ရပါ့မလဲတွေးပူမိရှာမှာပေါ့လေ။ အိုဘားမားလာလို့ ဘယ်လိုအကျိုးကျေးဇူးတွေရကြမယ်လို့တော့မသိ၊ လက်ငင်းမြင်တွေ့လိုက်ရတာက တော့ မဆီမဆိုင် ရန်ကုန်မြို့ချောင်ကလောင်ကြား ကလမ်းဘေးဈေးသည်တွေကတော့ အိုဘားမားဆိုရင်ကြားရုံနဲ့ တင်လန့်နေကြပါပြီ။ ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းတွေ အိုဘားမားကို မကြောက် ကြောက် မြန်မာပြည်ရန်ကုန်မြို့က လမ်းဘေးဈေးသည်တွေကတော့ အိုဘားမားကို နာမည်ကြားရုံနဲ့ တင်ကြောက်နေကြပါပြီဗျာ။

အောင်နိုင်သူ
Hot News

0 comments:

Post a Comment