Wednesday, April 1, 2015

စစ်တန်းလျားက ခေါ်သံ


မြန်မာတို့၏ နာမည်ကျော် အရှေ့မြောက်စစ်ဒေသ၌ ကိုးကန့်၊ လောက်ကိုင်တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားချိန်နှင့် တစ်ပြိုင်နက်ပင် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းရန် ပြည်ထောင်စုလွှတ်တော်၌ တိုက်တွန်းဆွေးနွေးမှု ပေါ်ထွက်လာသည်။ တပ်မတော် အရာရှိဟောင်း တစ်ဦးလည်း ဖြစ်သူ ကရင်တိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က နိုင်ငံသားတိုင်း စစ်မှုထမ်းနိုင်ရေး ပြည်သူ့စစ်မှုထမ်း ဥပဒေကို တစ်နှစ်အတွင်း အကောင်အထည်ဖော်သင့်ကြောင်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပြည်ထောင်စုလွှတ်တော်၌ ပြောဆိုခဲ့သည်။

တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်စေရန် ဆောင်ရွက်ခွင့် ရှိသည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း အစိုးရ၊ တပ်မတော် ခေါင်းဆောင်များက ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ရေး အရိပ်အမြွက်ပင် ပြောဆိုမှု မရှိသေးပေ။

ထို့အတူ အာဏာသိမ်း တပ်မတော်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေမှာလည်း အသက်ဝင်အသုံးပြုခြင်း မရှိပေ။

“ပြည်ပရန်နဲ့ ကြုံလာမှ ပြည်သူတွေကို စစ်ထဲထည့်ပြီး နိုင်ငံတော် ကာကွယ်ရေးကို ဆောင်ရွက်မယ်ဆိုရင် အချိန်အလွန်နောက်ကျသွားမယ်” ဟု စစ်မှုမထမ်းမနေရ ဥပဒေ စတင် အသက်သွင်းရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမန်းကံညွန့်က တိုက်တွန်းထားသည်။ 

စစ်မှုထမ်း ဥပဒေ

အတည်ပြု ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ အမျိုးသားအားလုံး၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးအားလုံး စစ်မှုထမ်းဆောင်ရမည် ဖြစ်ပြီး စစ်မှုထမ်းချိန် ၂ နှစ်ဟု သတ်မှတ်ထားသည်။

သို့သော် အရေးပေါ်အခြေအနေတွင် အစိုးရက စစ်မှုထမ်းကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်မည့် ပြဋ္ဌာန်းချက်ကိုလည်း ယင်းဥပဒေတွင် ထည့်သွင်းထားသည်။ ယင်းအပြင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် စစ်မှုထမ်းဆောင်ခွင့် အသက်အပိုင်းအခြားကို အမျိုးသားများအတွက် ၄၅ နှစ်နှင့် အမျိုးသမီးများအတွက် ၃၅ နှစ်ဟူ၍ တိုးမြှင့်သတ်မှတ်ထားသည်။

ဥပဒေ ပြဋ္ဌာန်းထားချက်အရ အဆိုပါ ပညာသည်များအတွက် စစ်မှုထမ်းကာလမှာ အချိန်သုံးနှစ်။

နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ အကောင်အထည်ဖော်ရန် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလကပင် ကြိုတင်စိတ်ကူးများ ရှိခဲ့ဖူးပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ယင်းကို အကောင်အထည်ဖော်ရန် မိန့်ခွန်းအချို့တွင် ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

ထို့နောက် ၁၉၅၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတ မန်းဝင်းမောင် လက်မှတ်ရေးထိုး၍ ပြည်သူ့စစ်မှုထမ်း ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပြီး ပြဋ္ဌာန်းချက်အများစုမှာ ၂၀၁၀ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ကွာခြားချက် များစွာ မတွေ့ရ။

အဆိုပါ ၁၉၅၉ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆေးဘက်ဆိုင်ရာ ပညာရှင် ဆရာဝန်များ တပ်မတော်တွင် စစ်မှုထမ်းနိုင်ရန် အတွက်သာ အကောင်အထည်ဖော် ကျင့်သုံးခဲ့ဖူးပြီး ပြည်သူအများ စစ်မှုထမ်းရန် ဤဥပဒေအရ တစ်ကြိမ်တစ်ခါမျှ ဆင့်ခေါ်ခဲ့ခြင်းလည်း မရှိပေ။ 

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

ဆယ်စုနှစ်ငါးစုကျော် အတည်ပြု ပြဋ္ဌာန်းထားသော ၁၉၅၉ စစ်မှုထမ်း ဥပဒေနှင့် တပ်မတော်အစိုးရက အသစ်ပြဋ္ဌာန်းသည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်း ဥပဒေကို တစ်ကြိမ်တစ်ခါမျှ အကောင်အထည်ဖော်ခဲ့ခြင်း မရှိသော်လည်း မြန်မာအများစုမှာ စစ်နှင့်ကင်းသည်တော့ မဟုတ်။

တရားမျှတမှု ဆိတ်သုဉ်းခြင်းနှင့် ညီညွတ်မှုကင်းခြင်းက ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားရာ နိုင်ငံဟူသည့် ဂုဏ်ပုဒ်ကို မြန်မာအား အပ်နှင်းခဲ့ပြီး ပြည်နယ်ပြည်မ ဒေသအသီးသီးကို စစ်ခေါင်းဆောင်များကသာ အစစ ထိန်းချုပ်စီမံနေသည်မှာ ယနေ့အထိ။

တိုင်းပြည်အာဏာ အရပ်ရပ်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ပြီး ယနေ့တိုင် ကဏ္ဍအများစုတွင် တပ်မတော် ခေါင်းဆောင်များသာ လွှမ်းမိုးထားသည့် နည်းတူ နယ်စပ်ဒေသ အများအပြားကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များက ထိန်းချုပ်ထားပြီး အတောမသတ်သည့် စစ်ပွဲများနှင့် စစ်ဥပဒေသများက မြန်မာတစ်နိုင်ငံလုံးကို ယနေ့တိုင် ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ယင်းကပင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အမြန်ဆုံး အသက်သွင်း အကောင်အထည်ဖော်ရန် လိုအပ်သည့် သက်သေ ဖြစ်ကြောင်း ဦးမန်းကံညွန့်က ဆိုသည်။
“တပ်မတော်မှာ တိုင်းရင်းသားအားလုံး အတူတာဝန်ထမ်းတဲ့ အခါကျတော့ သူ့ဓလေ့ ကိုယ့်ဓလေ့ သူ့ဘာသာ ကိုယ့်ဘာသာ နားလည်လေးစားလာပြီး ပူးပေါင်း ဆောင်ရွက်တတ်လာမယ်။ ကိုယ်လက်အင်္ဂါ လူမှုဘဝ စွန့်လွှတ်ပြီး စစ်မှုထမ်းရတဲ့ ဘဝတွေကိုလည်း စာနာတတ်လာမယ်” ဟု သူက ရှင်းပြသည်။

သို့သော် ဆိုးရွားစွာ ပျက်စီးနေသော မြန်မာနိုင်ငံ၏ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်အတွက် ဆိုလျှင် စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းမည့် စိတ်ကူးမှာ အဖြေမဟုတ်ဟု ထောက်ပြသူများလည်း ရှိသည်။
“စစ်မှုထမ်းခိုင်းမှ စစ်သားဘဝကို နားလည်မှာတဲ့လား” ဟု အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာပြည်ဖွားတစ်ဦးက မေးခွန်းထုတ်သည်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ယိုယွင်းခဲ့ခြင်းမှာ နားလည်မှု လွဲချော်ခြင်းနှင့် သင့်တင့်လျောက်ပတ်သော ဆက်ဆံရေး မရှိခြင်းက အခြေခံကြောင်းဟု ၎င်းကဆိုသည်။
“စစ်မှုထမ်းခြင်းက ဒီအချက်ကို ပြေလည်စေတယ်လို့ ဘယ်သုတေသနကမှ တွေ့ရှိထားခြင်း မရှိပါဘူး” ဟု သူက မှတ်ချက်ပြုသည်။ 

စစ်မှုထမ်း ဥပမာ

ကမ္ဘာ့နိုင်ငံများတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးသော နိုင်ငံအများအပြား ရှိသကဲ့သို ကိုယ်ပိုင်စစ်တပ်ပင် မရှိသော နိုင်ငံငယ်လေးများလည်း ရှိနေပြန်သည်။

အာရှဒေသတွင်း နိုင်ငံအချို့ ဖြစ်သည့် စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့မှာ စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးရာ၌ ထင်ရှားသည့် နိုင်ငံများ ဖြစ်သည်။ ယင်းနိုင်ငံများ၌ အသက် ၁၈ နှစ် ပြည့်ပြီးသူ အမျိုးသားတိုင်းကို စစ်မှုထမ်းရန် စာရင်းသွင်း မှတ်ပုံတင်ထားပြီး ၂ နှစ် အချိန်ပြည့် စစ်မှုထမ်းရန် ဥပဒေ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

အလားတူ အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်း စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းထားသည်။ သို့သော် တရုတ်စစ်တပ်တွင် စစ်သည်အင်အား အမြဲတမ်း လုံလောက်နေသည့်အတွက် ယင်းဥပဒေကို အသက်သွင်းရန်ပင် မလိုကြောင်း မှတ်တမ်းများက ဆိုသည်။

သို့သော် တရုတ်နိုင်ငံတွင် အသက်ကိုးနှစ် အရွယ်မှပင် စတင်၍ အသက် ၁၈ နှစ်အရွယ်များထိ လူငယ်စစ်သင်တန်းများ ပြုလုပ်နေပြီး တက္ကသိုလ်အားလုံး နီးပါး၌လည်း အမျိုးသား အမျိုးသမီးမရွေး စစ်သင်တန်း တက်ရောက်ရန် ၁၉၈၅ ခုနှစ်ကတည်းက သတ်မှတ်ထားခြင်း ဖြစ်သည်။
“တရုတ်မှာဆိုရင် လူငယ်တွေကို သီးသန့် စစ်သင်တန်းပေးတယ်၊ မတက်မနေရပေါ့။ စီးပွားရေးလုပ်တဲ့အခါ စစ်ဘက် အတွေးအခေါ်တွေက အထောက်အကူပြုတယ်” ဟု မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးက ဆိုသည်။


စစ်မှုမထမ်းမနေရ သတ်မှတ်ချက်နှင့် ပတ်သက်၍ ထင်ရှားသော နိုင်ငံတစ်ခုမှာ အစ္စရေးဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရန် ဥပဒေ ပြဋ္ဌာန်းထားကာ အမျိုးသားများအတွက် စစ်မှုထမ်းချိန် သုံးနှစ်နှင့် အမျိုးသမီးအတွက် ၂ နှစ် သတ်မှတ်ထားသည်။ 

ယင်းဥပဒေကြောင့် ရန်သူအာရပ်နိုင်ငံများ ဝိုင်းရံနေသည့် အစ္စရေး နိုင်ငံငယ်လေးမှာ တိုက်ရည်ခိုက်ရည်တွင် ကမ္ဘာ့ထိပ်တန်း စာရင်းဝင်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး အာရပ်-အစ္စရေး ခြောက်ရက်ကြာ စစ်ပွဲကဲ့သို့ သမိုင်းဝင်စစ်ပွဲများတွင် အင်အားကြီး ပြိုင်ဘက်နိုင်ငံများကို အချိန်တိုအတွင်း အနိုင်တိုက်နိုင်ခဲ့သည်။

သို့သော် အခြားတစ်ဖက်တွင်မူ နိုင်ငံသားတိုင်းကို စစ်မှုမထမ်းမနေရ သတ်မှတ်၍ အမြဲတမ်း စစ်အတွက် အသင့်ရှိနေခြင်းကပင် ပါလက်စတိုင်း တိုက်ခိုက်ရေးသမား အချို့၏ ပစ်မှတ်ထားမှုကို ခံခဲ့ရပြီး အစ္စရေး နိုင်ငံသားတိုင်းမှာ စစ်သားဖြစ်၍ ယင်းနိုင်ငံသားတိုင်းသည်ပင် ယင်းတို့၏ ပစ်မှတ်ဖြစ်သည်ဟု ပါလက်စတိုင်း တိုက်ခိုက်ရေးအဖွဲ့ အချို့က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဆူပါပါဝါနိုင်ငံ အမေရိကန်ပြည်ထောင်စုတွင်မူ စစ်မှုမထမ်းမနေရ ဥပဒေကို ကမ္ဘာစစ်ကာလတွင် ကျင့်သုံးခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့သည်။ ယင်းအစား အသက် ၁၈ နှစ် ပြည့်ပြီးသူများကို စာရင်းသွင်း မှတ်ပုံတင်ထားခြင်းသာ ပြုလုပ်စေ၍ အရေးပေါ်အခြေအနေတွင် လိုအပ်ပါက စစ်မှုမထမ်းမနေရ အဖြစ် ဆင့်ခေါ်မည့် ပုံစံကို ကျင့်သုံးလျက်ရှိသည်။

ကိုရီးယားနိုင်ငံ၏ စစ်မှုမထမ်းမနေရ ဥပမာတွင် မြန်မာဆယ်ကျော်သက်တို့ အသည်းစွဲ သရုပ်ဆောင်မင်းသား ရိန်းမှာ ထင်ရှားပြီး သရုပ်ဆောင်အဖြစ် အောင်မြင်မှုများ ရရှိနေချိန်၌ပင် ဥပဒေအရ ၂ နှစ်တာ စစ်မှုထမ်းရန် ကိုရီးယား တပ်မတော်သို့ ဝင်ရောက်ခဲ့ရသည်။

အလားတူ စစ်မှုမထမ်းမနေရ ဥပဒေ မကျင့်သုံးသော ဗြိတိန်နိုင်ငံတွင်လည်း ဘုရင်မကြီး၏ မြေးတော်များဖြစ်သော ချားလ်စ်နှင့် ဟယ်ရီမင်းသား ညီအစ်ကိုတို့ ရှေ့ဆောင်စံပြအဖြစ် စစ်မှုထမ်း တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖဂန် စစ်မြေပြင်သို့တိုင် သွားရောက်စစ်မှုထမ်းခဲ့ခြင်းက မီဒီယာများတွင် ရေပန်းစားခဲ့သည်။ 

တပ်မတော် ပြင်တဲ့ ခြေလှမ်း

ပြည်သူအများစုနှင့် ကာလရှည်ကြာ ဆက်ဆံရေး ပျက်ယွင်းခဲ့သော မြန်မာ့တပ်မတော် အနေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ထပ်တူလိုက်ပါခဲ့ပြီး တပ်မတော်တွင်း ပြုပြင်ပြောင်းလဲရေး အချို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သက်သေပြရန် ကြိုးစားနေသည်ကို တွေ့ရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် စံမီတပ်မတော်တစ်ရပ် အဖြစ် အသွင်ပြောင်းရေး ထုတ်ပြောထားပြီး တပ်မတော်အတွင်း ကန့်သတ်ချက်အချို့ ဖယ်ရှားခြင်း၊ အရည်အသွေး မြှင့်တင်ခြင်းတို့ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း တပ်မတော် အရာရှိဟောင်းတစ်ဦးက ပြောဆိုသည်။ “အရင် အရာရှိတစ်ယောက် ထွက်ဖို့မလွယ်ဘူး၊ အခုတော့ မနေချင် ထွက်ခွင့်တင် ထွက်ရတယ်” ဟု သူက ဆိုသည်။
သို့သော် တင်းကျပ်မှုအချို့ ပြုလုပ်လာခြင်းလည်း ရှိကြောင်း ၎င်းက ထောက်ပြသည်။
“ဥပမာ- အရာရှိတွေ အရပ်ဘက် ပြောင်းတဲ့ကိစ္စတွေ ပိုတင်းကျပ်တယ်၊ နောက်စစ်စည်းကမ်းအရ အရေးယူမှုတွေ ပိုတင်းကျပ် ပြင်းထန်လာတယ်” ဟု ၎င်းက ရှင်းပြသည်။

တပ်မတော်၏ ပြုပြင်ပြောင်းလဲရေးတွင် ကလေးစစ်သား စုဆောင်းအသုံးပြုမှု ရပ်ဆိုင်းခြင်း၊ ဆေးဘက်ပညာသည် အရာရှိများကို ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခြင်း၊ တပ်မတော်သူနာပြုများကို ပြန်တမ်းဝင်အဆင့် တိုးမြှင့်ပေးခြင်းနှင့် အမျိုးသမီး ဗိုလ်လောင်းများ စတင်ဖိတ်ခေါ်ခဲ့ခြင်းတို့က ထင်ရှားသည့် သာဓကအချို့ ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ရေး ကိစ္စတွင်မူ တပ်မတော် ခေါင်းဆောင်များ နှုတ်ဆိတ်နေဆဲ ဖြစ်ပြီး ကိုးကန့်စစ်ပွဲများ စတင်ချိန်တွင် ယင် ဥပဒေကို အသက်သွင်းရေး တပ်မတော် ခေါင်းဆောင်များ စဉ်းစားနေပြီ ဖြစ်ကြောင်း ပြောဆိုသည့် သတင်းများကိုလည်း ပယ်ချခဲ့သည်။

“စစ်မှုမထမ်းမနေရ လုပ်ဖို့ လူကြီးတွေ စဉ်းစားနေတယ်ဆိုတာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးကလည်း ငြင်းဆိုသည်။

လွှတ်တော်တွင်း ဦးမန်းကံညွန့် တိုက်တွန်းတောင်းဆိုသည့် စစ်မှုထမ်း ဥပဒေ အသက်သွင်းရေးကိုလည်း စစ်ဦးစီးချုပ်ရုံးသို့ တင်ပြထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ဖြေကြားသည်။

တပ်မတော် ခေါင်းဆောင်များနှင့် နီးစပ်သူတို့ အဆိုအရ လက်ရှိ ရင်ဆိုင်နေရဆဲ တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အောက်ခြေတပ်မတော်သားများ လစာရိက္ခာနှင့် ခံစားခွင့် ဖူလုံစေရေးနှင့် ခေတ်မီတပ်မတော်တစ်ရပ် အဖြစ် အသွင်ပြောင်းရေး၊ အရပ်ဘက်ပြည်သူတို့နှင့် သဟဇာတ ဖြစ်သည့် ဆက်ဆံရေး တည်ဆောက်ရေးတို့က တပ်မတော်၏ ဦးစားပေး လုပ်ငန်းများ ဖြစ်နေသည်။ 

စစ်မှုထမ်းချိန် ရောက်ပြီလား

ကိုးကန့်တိုက်ပွဲများ စတင်ချိန် စစ်မှုထမ်း ဥပဒေ အကောင်အထည် ဖော်သင့်ပြီ ဖြစ်ကြောင်း ပြောဆိုသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။ ယင်းအပြင် တပ်မတော် အရာရှိဟောင်းများနှင့် မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးအုန်းမြင့် ကဲ့သို့သော တပ်မတော်ခေါင်းဆောင်များက အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း ပြောဆိုမှုများက စစ်မှုထမ်းချိန် ရောက်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

“ခုမစရင် အချိန်နှောင်းသွားမယ်” ဟု စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ရေး ပြည်ထောင်စု လွှတ်တော်တွင်း၌ပင် ဆွေးနွေးပြောဆိုမှုများ ပေါ်ထွက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အဆိုပါ အယူအဆကို ပယ်ချထားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ချိန် မတန်သေးဟု သုံးသပ်သည်။
“ဒီအချိန်မှာတော့ မဖြစ်သင့်ဘူး” ဟု တိုင်းရင်းသားအရေး၊ နိုင်ငံ့အရေးများနှင့် ချိန်ထိုး၍ ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုသည်။ သို့သော် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အနာဂတ်တစ်ချိန်ချိန်တွင် အသက်သွင်းရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် ယင်းက မရှိမဖြစ် လိုအပ်လာနိုင်ကြောင်းလည်း သူက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စု စစ်တပ်တွင် တာဝန်ထမ်းခဲ့သူ မြန်မာပြည်ဖွား တစ်ဦးကလည်း ခေတ်ကာလ အခြေအနေမှာ သေနတ်ချင်းယှဉ်ပစ်၍ တိုက်ပွဲဝင်ရမည့် အချိန်မဟုတ်တော့ဘဲ စီးပွားရေး၊ သံတမန်ရေးနှင့် အရင်းအမြစ် စီမံခန့်ခွဲမှု ကိစ္စရပ်များသာ ခေတ်သစ်စစ်မျက်နှာများ ဖြစ်ကြောင်း ရှင်းပြသည်။
“အခြားနိုင်ငံနဲ့ တိုက်ဖို့အတွက် ပြင်ဆင်ချင်ရင် သေနတ်နဲ့တိုက်ဖို့ ပြင်လို့ကတော့ ကိုယ်ပဲရှုံးမှာ” ဟု သူက ကောက်ချက်ချသည်။
“စစ်တိုက်တယ်ဆိုတာ ရှားသွားပြီ။ ကျားကွက်ရွှေ့တဲ့ နေရာမှာ ဟန်ပြလောက်ပဲ သုံးကြတာများတယ်” ဟု ခေတ်သစ်စစ်ပွဲများအပေါ် ၎င်းက ထပ်လောင်းမှတ်ချက်ပြုသည်။

မြန်မာ့တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးကမူ စစ်မှုမထမ်းမနေရ ဥပဒေကို ခပ်မြန်မြန် အသက်သွင်းနိုင်လေ အကျိုးရှိလေ ဖြစ်ကြောင်း ပြောဆိုသည်။
“စီးပွားရေး ကောင်းရင်တော့ နောက် သုံးနှစ်လောက်ဆို လုပ်လို့ရပါပြီ။ မြန်မြန်လုပ်နိုင်လေ ကောင်းလေပဲ” ဟု သူက ဆိုသည်။

သို့သော် စစ်မှုထမ်းကိစ္စထက် နိုင်ငံရေး တည်ငြိမ်မှုကိုသာ ပိုအလေးထားရန် လိုအပ်ပြီး စီးပွားရေး ချို့တဲ့မှုကလည်း စစ်မှုထမ်းအဖြစ် ဝင်ရောက်လာမည့် လူငယ်လူရွယ်များအတွက် စားဝတ်နေရေးမှသည် လစာရိက္ခာအထိ အခက်အခဲများ ကြုံတွေ့စေမည် ဖြစ်ကြောင်း အဆိုပါအရာရှိက ရှင်းပြသည်။
“နောက်ပြီး အခုအချိန်က စစ်တပ်ကို မုန်းနေတာ ဖြစ်တဲ့အတွက် ဝေဖန်သံတွေ ဆူလာမယ်” ဟု ၎င်းက ထောက်ပြသည်။

ငြိမ်းချမ်းရေး ရောင်နီသန်းချိန်နှင့် တစ်ကျော့ပြန် အရှေ့မြောက်ဒေသ စစ်ပွဲများအကြား စစ်မှုထမ်းရေး၊ မထမ်းရေး ထောက်ခံကန့်ကွက်သူများက အပြိုင်။

တိုင်းရင်းသား ညီညွတ်ရေးနှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ပြန်လည်ရင်ကြားစေ့ရန် စစ်မှုထမ်းဥပဒေ အသက်သွင်းရေးနှင့် မငြိမ်းချမ်းသေးသော တိုင်းရင်းသားဒေသ လက်နက်ကိုင် ပဋိပက္ခ၊ မပြည့်စုံသေးသော တိုင်းပြည်ဘဏ္ဍာ အင်အားတို့ကြောင့် ယင်းဥပဒေမှာ မဖြစ်သင့်ဟူသော အမြင်များ ကိုယ်စီရှိနေကြခြင်း ဖြစ်သည်။

အများစုကမူ တစ်ချိန်ချိန်တွင် စစ်မှုမထမ်းမနေရ ဖြစ်သင့်သည်ဟု ထပ်တူဆိုထားပြန်သည်။

“တိုးတက်တဲ့ နိုင်ငံတိုင်းမှာ လုပ်ကြတယ်။ စစ်အတွက် မဟုတ်ဘူး၊ လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့” ဟု ရုရှားနိုင်ငံတွင် ပညာတော်သင် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူးအဆင့် တပ်မတော်အရာရှိက ရှင်းပြသည်။

လက်ရှိ မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များ ရင်ဆိုင်နေရသော စစ်သည်အင်အား ဖွဲ့စည်းပုံ အရေအတွက် မပြည့်မီခြင်း ပြဿနာကို ပြေလည်စေနိုင်ပြီး စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုလာနိုင်သည့် စစ်မှုမထမ်းမနေရ ဥပဒေကိုမူ ခါးခါးသီးဆန့်ကျင်သူ မရှိသေး။

လူတိုင်းစစ်မှုထမ်းရန် အခြေအနေမှာ စောသေးကြောင်း မြင်သူများတွင် ဧဒင်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံကျော် စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်လည်း ပါဝင်သည်။ ယခုအချိန်တွင် စစ်လက်နက် ဖြည့်ဆည်းသကဲ့သို့ အရာရှိ၊ စစ်သည်များ၏ လစာရိက္ခာကိုလည်း တိုးမြှင့်သင့်ကြောင်း သူက ရှုမြင်သည်။
“ဒီလို အခြေအနေမှာ စစ်မှုမထမ်းမနေရ လုပ်ရင်လည်း အသက်ဝင်ဖို့ အင်မတန် အားနည်းပြီး လူတွေကို ဒုက္ခပေးသလို ဖြစ်သွားနိုင်တယ်” ဟု ဦးချစ်ခိုင်က ဆိုလေသည်။

နော်ကိုကို
The Voice Weekly

0 comments:

Post a Comment