Wednesday, April 1, 2015

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးကို ဝေဖန်သည့် ၁၆ နှစ်အရွယ် စင်ကာပူလူငယ် တရားစွဲခံရ


မကြာသေးမီက ကွယ်လွန်သွားခဲ့သော စင်ကာပူနိုင်ငံ တည်ထောင်သူနှင့် ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးကို အွန်လိုင်းမှတစ်ဆင့် ဝေဖန်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို စင်ကာပူ အာဏာပိုင်များက ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲထားသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။စင်ကာပူ အာဏာပိုင်များသည် ပြီးခဲ့သော တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူး၏ ပြည်ထောင်စုအဆင့် ဈာပနအခမ်းအနား ပြီးဆုံးပြီး မကြာမီမှာပင် အေမို့စ်ယီဟု အမည်ရသော ဆယ်ကျော်သက် တစ်ဦးကို မစ္စတာလီကွမ်ယူးနှင့် ခရစ်ယာန်ဘာသာကို ဝေဖန် ပြောကြားထားသော ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ဖြန့်ချိခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အာမခံကြေးအဖြစ် စင်ကာပူဒေါ်လာ ၂၀,၀၀၀ သတ်မှတ်ခဲ့သည်။

ခရစ်ယာန်ဘာသာနှင့် မစ္စတာလီကို ဝေဖန်ထားသော အေမို့စ်ယီ၏ ဗီဒီယိုဖိုင်မှာ တိုင်းပြည်တည်ထောင်သူကို ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းပက်လက် ဖြစ်နေသော စင်ကာပူ နိုင်ငံသားများကြား ဂယက် ကြီးကြီးမားမား ရိုက်ခတ်သွားခဲ့ပြီး ယင်းဗီဒီယိုကို ကန့်ကွက် တိုင်ကြားချက်ပေါင်း ၂၀ ခုထက်မနည်း ရဲဌာနသို့ ရောက်ရှိခဲ့သည်။

စင်ကာပူနိုင်ငံသည် မစ္စတာလီ၏ ဦးဆောင်မှုအောက်တွင် အမုန်းစကားများကို ဆန့်ကျင်သည့် ဥပဒေများ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားသော နိုင်ငံဖြစ်သည်။

မစ္စတာလီသည် စင်ကာပူနိုင်ငံသားများ အလွန်လေးစားချစ်ခင်သည့် ခေါင်းဆောင်ဖြစ်ပြီး ၎င်းကွယ်လွန်ပြီးနောက် ပြီးခဲ့သော ရက်သတ္တတစ်ပတ်အတွင်းက စင်ကာပူနိုင်ငံ တစ်ဝန်းတွင် မကြုံစဖူး ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့ကြသည်။

မစ္စတာလီသည် စင်ကာပူနိုင်ငံကို ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူအဖြစ် လူအများက လက်ခံထားကြသော်လည်း ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၃၁ နှစ်တာ ကာလအတွင်းတွင် အတိုက်အခံများကို နှိပ်ကွပ်ပြီး တင်းကျပ်သည့် လူမှုရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် တင်းကျပ်သည့် နိုင်ငံရေး ထိန်းချုပ်မှုများကို လုပ်ဆောင်ခဲ့သည်။

အေမို့စ်ယီသည် ရှစ်မိနစ်စာရှိသည့် ၎င်း၏ ဗီဒီယိုဖိုင်ထဲတွင် ရိုင်းရိုင်းစိုင်းစိုင်း၊ ရင့်ရင့်သီးသီး စကားလုံးများ သုံးနှုန်း ပြောကြားထားပြီး မစ္စတာလီ ကွယ်လွန်သွားသည့်အတွက် ဝမ်းသာကြောင်း ဖော်ပြခဲ့ကာ မစ္စတာလီ၏ တင်းကျပ်သော အုပ်ချုပ်ပုံကို ဝေဖန်ပြစ်တင်ခဲ့သည်။

ထို့ပြင် အေမို့စ်ယီက စင်ကာပူ နိုင်ငံသားများသည် မစ္စတာလီကို ဝေဖန်ရမှာ ကြောက်နေကြသည်ဟု ပြောကြားခဲ့ပြီး မစ္စတာလီကို ယေရှုခရစ်နှင့် နှိုင်းယှဉ်ကာ ချိုးချိုးဖဲ့ဖဲ့ ပြောကြားခဲ့သေးသည်။

အေမို့စ်ယီ၏ ဗီဒီယိုဖိုင်ကို မစ္စတာလီ ကွယ်လွန်သွားသည့်အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း ပြသခဲ့ကြသည့် စင်ကာပူ နိုင်ငံသားများက ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။

အေမို့စ်ယီသည် ၎င်း၏ ဗီဒီယိုဖိုင်ကို နောက်ပိုင်းတွင် အွန်လိုင်းမှ ပြန်လည် ဖယ်ရှားခဲ့သော်လည်း ကူးယူထားလိုက်သူများက ကမ္ဘာ့အကြီးဆုံး ဗီဒီယိုမျှဝေရေး ဝက်ဘ်ဆိုက် You Tube တွင် ပြန်လည် တင်ထားခဲ့ကြသည်။

အေမို့စ်ယီသည့် တစ်စုံတစ်ဦး၏ ဘာသာရေး သို့မဟုတ် လူမျိုးရေး ယုံကြည်ချက်၊ ခံစားချက်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စော်ကားမှုဖြင့် အင်္ဂါနေ့တွင် တရားရုံးသုံးရုံး၌ အမှုရင်ဆိုင်ခဲ့ရပြီး အမှု ရင်ဆိုင်နေစဉ် ကာလအတွင်း အာမခံကြေး အပြင် အွန်လိုင်းတွင် မည်သည့် အရာမျှ မတင်ရန်ကိုပါ ကတိပြုခဲ့ရသည်။

အေမို့စ်ယီသည် အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း တရားရုံးများက ၎င်းကို အရွယ်ရောက်ပြီးသူ တစ်ယောက်အဖြစ် စစ်ဆေးဆုံးဖြတ်မည် ဖြစ်ကာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ငွေဒဏ်နှင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည် ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment