ပြိုင်ပွဲ၏ ပထမဆုံးဂိုးကို ရန်နိုင်ဦးက အမေရိကန်ဘက်သို့ သွင်းယူနေစဉ် (ဓာတ်ပုံ-ဖီဖာ)
မိနစ် ၁၈၀ ကစားပြီးချိန်တွင် ရဂိုးတစ်ဂိုး၊ ပေးဂိုးရှစ်ဂိုး၊ ရမှတ်သုညမှာ ဘောလုံးအသင်းတစ်သင်းအတွက် ကောင်းမွန်သောရလဒ်မဟုတ်ပေ။ သို့သော် မြန်မာတို့အတွက် ယူ-၂၀ အသင်းကမူ ခြွင်းချက်ဖြစ်ပါသည်။ အာဆီယံဒေသအတွင်း ဘောလုံးပြိုင်ပွဲများတွင်ပင် ယခုနောက်ပိုင်း အောင်မြင်မှုမရဘဲ ရုန်းကန်နေရသော မြန်မာနိုင်ငံမှ လူငယ်အသင်းက အာရှထိပ်သီးအသင်းကြီးများကိုဖြိုကာ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးသို့ ပထမဆုံးအကြိမ် ဝင်နွှဲနေခြင်းဖြစ်၍ မြန်မာအသင်း ကန်နေသော စက္ကန့်တိုင်း၊ မိနစ်တိုင်းက အောင်မြင်မှုပင်။မြန်မာတို့က ဘောလုံးနှင့် ပတ်သက်၍ အောင်မြင်မှု ဆာလောင်သော်လည်း ဘောလုံးအကြောင်း အသိရေချိန်လည်း မြင့်မားလှပါသည်။ နယူးဇီလန်မြေမှ အောင်မြင်မှုတစ်ခု သယ်ဆောင်လာပေးစေလိုသော်လည်း အတွေ့အကြုံနုနယ်သော အသင်းမှာ ကမ္ဘာ့အဆင့်အသင်းများနှင့်ယှဉ်၍ ရလဒ်မကောင်းခဲ့ခြင်းအပေါ် ပရိသတ်က စိတ်ပျက်မသွားပါ။ မြန်မာယူ-၂၀ ဘောလုံးအသင်းနောက်မှ ပြည်သူများက မားမားမတ်မတ်ရပ်လျက်ပင်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲက မြန်မာလူငယ်အသင်းအတွက်၊ မြန်မာ့ဘောလုံးလောကအတွက် တန်ဖိုးရှိလှသော သင်ခန်းစာများစွာပေးခဲ့ပါသည်။ မြန်မာယူ-၂၀ ယှဉ်ပြိုင်ခဲ့သော ပွဲနှစ်ပွဲမှ သင်ယူစရာ ငါးချက်အကြောင်း ယနေ့ဆွေးနွေးလိုပါသည်။
၄၅ မိနစ်အတွက်သာ အဆင်သင့် ရှိခြင်း
မြန်မာယူ-၂၀အသင်းသည်အမေရိကန်၊ ယူကရိန်းနှစ်သင်း စလုံးနှင့် ကစားသည့်နှစ်ပွဲစလုံး၌ ပထမပိုင်း ၄၅ မိနစ်တွင်မရှုံးခဲ့ပါ။ အထူးသဖြင့် အမေရိကန် အသင်းကိုမူ ပထမပိုင်းတွင် ခြေအသာစီးဖြင့်ပင်ကစားနိုင်ခဲ့သည်။ နှစ်ပွဲ စလုံးတွင် ပထမပိုင်းပေးဂိုးမှာ တစ်ဂိုးသာရှိခဲ့ပါသည်။ သို့သော် နှစ်ပွဲစလုံးတွင် ဒုတိယပိုင်း ၄၅ မိနစ်မှာပင် ရှုံးနိမ့်ခဲ့သည်။ အမေ ရိကန်ကို တစ်ဂိုး၊ ယူကရိန်း လူငယ်ကို ခြောက်ဂိုးထိ ပေးခဲ့ရ သည်။ သို့သော် ဒုတိယပိုင်း၌ တစ်ဂိုးမျှ ပြန်မသွင်းနိုင်ခဲ့ပေ။
ထိုအချက်က မြန်မာလူငယ်အသင်း၏ အားနည်းချက်ကို အလွယ်တကူ မြင်တွေ့စေပါသည်။ ခြေစွမ်းကောင်းသော အရန် ကစားသမားအင်အား ရှားပါးခြင်း၊ ပထမပိုင်းတွင် အစွမ်းကုန်ရုန်း ကန်ကစားခဲ့ပြီး ဒုတိယပိုင်း သက်လုံကျသွားခြင်း၊ မြန်မာအသင်း အခြေအနေကို ပြိုင်ဘက်များက အကဲခတ်ပြီး နည်းဗျူဟာ ပြောင်းလဲမှုကို အကောင်းဆုံး မတုံ့ပြန်နိုင်ခြင်းတို့က ရှုံးပွဲတိုးစေသော အချက်များဖြစ်သည်။
အထူးသဖြင့် ခြေစွမ်းကွာ သောအသင်းကြီးများနှင့်ယှဉ်ပြိုင် လျှင် ၄၅ မိနစ်အတွက်သာမဟုတ် ဘဲ ပွဲချိန်ပြည့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် လူထုတ်ပုံနှင့် ကစားကွက်နည်းဗျူဟာ မှန်ကန်ရန် မည်မျှအရေးကြီးကြောင်း သင်ခန်းစာ ပေးသွားပါသည်။ ယူကရိန်း လူငယ်အသင်းက ဒုတိယပိုင်းတွင် အဓိက ကစားသမား ထည့်သွင်းပြီး သက်လုံကျနေသော မြန်မာဘက်သို့ တိုက်စစ်မြှင့်ကစားသွားကာ လိုချင်သောရလဒ် ရယူသွားခြင်းမျိုးမှ သင်ခန်းစာယူရပါမည်။
ပြစ်ဒဏ်ဘောမှ ဂိုးသွင်းနိုင်စွမ်း ဆိတ်သုဉ်းခြင်း
မြန်မာယူ-၂၀အသင်းက ပြီးခဲ့သည့် နှစ်ပွဲတွင်ပြိုင်ဘက် အသင်းများဘက်သို့ ပြစ်ဒဏ် ဘော (၄၃)ကြိမ် ကန်ခွင့်ရပြီးအကြိမ် (၂၀)ကျော်မှာ နေရာကောင်းများမှ ကန်ခွင့်ရသော်လည်း တစ်ဂိုးမျှမရခဲ့ပါ။ ယူကရိန်းအသင်းဘက်သို့ ပြစ်ဒဏ်ဘော(၂၂)ကြိမ်၊ အမေရိကန်အသင်းဘက်သို့ (၂၁)ကြိမ် ကန်ခွင့်ရခြင်းဖြစ်သည်။ ပြစ်ဒဏ်ဘောအများစုကို အသင်းခေါင်းဆောင် နန္ဒကျော် တာဝန်ယူကန်သွင်းခဲ့ခြင်းဖြစ်ပြီး ဒုတိယပွဲတွင် တိုက်စစ်မှူးအောင်သူ ကန်ခဲ့သည်။ နန္ဒကျော် ကန်ချက်များ ဂိုးမရသောကြောင့် အောင်သူ ကန်သော်လည်း ထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့ပါ။
ပြိုင်ပွဲကြီးများတွင် အခွင့် အရေးများစွာရလေ့မရှိဘဲ ရသည့် အခွင့်အရေးကိုအသုံးချနိုင်ပါမှ လို အပ်နေသောနိုင်ပွဲရလေ့ရှိသည်။ တည်ကန်ဘောများကို ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မြန်မာအသင်း တွင် ဆိတ်သုဉ်းနေခြင်းမှာ ကစား သမားများနှင့် နည်းပြအားနည်း ချက်ပင်ဖြစ်သည်။ ယင်းပြဿနာမှာ လူငယ်အသင်းသာမက အ သင်းကြီးများတွင်လည်း ကြုံနေ၍ မြန်မာကစားသမားနှင့် နည်းပြများ အကောင်းဆုံးအဖြေရှာရပါ တော့မည်။
အမြင့်ဘောများဖြင့်နည်းဗျူဟာ အမှား
လူကောင်သေးသေးဖြင့် စိတ်ဓာတ်ပြင်းပြစွာ ကစားသည့် မြန်မာလူငယ်အသင်းက အရပ် အမောင်းကောင်းပြီး ထွားကျိုင်း သည့်ပြိုင်ဘက်များကို အမြင့် ဘောများ၊ ဖြတ်တင်ဘောများမှဂိုးရရန်ကြိုးစားမှုက ပရိသတ်ကိုအံ့အားသင့်စေခဲ့ပါသည်။ ယနေ့ခေတ် မော်ဒန်ဘောလုံးလောက တွင် ခန္ဓာကိုယ်သေးသည့် ကစားသမားများနှင့် အသင်းများမှာ အမြန်နှုန်း၊ ဘောလုံးကျွမ်းကျင်မှု၊ အသင်းလိုက် ကစားကွက် ကောင်းစွာဖြင့် ရလဒ်ကောင်းအောင် ကြိုးစားလေ့ရှိကြပါသည်။ အမေရိကန်လူငယ်အသင်းနှင့် ပွဲတွင် ပထမပိုင်း ၄၅ မိနစ်၌ အသင်းလိုက် ဟန်ချက်ညီစွာ မြန်နှုန်းမြှင့် ယှဉ်ပြိုင်ခဲ့သော ကစားပုံမှာ မြန်မာအသင်း၏ အကောင်းဆုံးခြေ စွမ်းဖြစ်သည်။ ကျန်ပွဲချိန်များတွင် အမြင့်ဘောများဖြင့် ခေါင်းတိုက်ရန် ကြိုးပမ်းမှုက ပြိုင်ဘက်အ သင်းများအတွက် မြန်မာတိုက်စစ်ကို ထိန်းချုပ်ရန် လွယ်ကူသွား စေခဲ့ပါသည်။ ကိုယ့်အသင်းအားသာချက်ဖြင့် ပြိုင်ပွဲအပေါ်မချဉ်း ကပ်၊ ပြိုင်ဘက်အားနည်းချက်၊ အားသာချက်ကို မှန်ကန်အောင်မသုံးသပ်ဘဲ အခြေအနေလိုက်၍ ကစားပုံပြောင်းလဲနိုင်စွမ်းမရှိခြင်းမှာ ရလဒ်ကောင်းလေ့မရှိကြောင်း သင်ခန်းစာဖြစ်ပါသည်။
ဖရိုင်းဒရစ်၏ တာဝန်ခံမှုနမူနာ
‘‘မြန်မာပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အရှုံးက ကျွန်တော့် မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ စက်ဘီးသမား တစ်ယောက်ကို ပြိုင်ကားမောင်းသမား ဖြစ်လာ အောင်တော့ ကျွန်တော်မလုပ်နိုင် ပါဘူး’’။
မြန်မာ-ယူကရိန်း ပွဲစဉ်အ ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပြောကြားခဲ့သော စကားဖြစ်သည်။ နည်းပြက ရှုံးပွဲအတွက် မည်သူ့ကို မျှ အပြစ်မတင်ဘဲ ၎င်းထံတွင်တာ ၀န်ရှိကြောင်း ပရော်ဖက်ရှင်နယ် ပီသစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ပြောကြားခဲ့သောစ ကားဖြစ်သည်။ မြန်မာ့ဘောလုံး လောကအတွက် အတုယူဖွယ်ဖြစ် သလို၊ မြန်မာ့လူမှုအဖွဲ့အစည်း တစ်ခုလုံးအတွက်လည်း နမူနာ ယူဖွယ် အမူအကျင့်တစ်ခုဖြစ် သည်။ ၂၀၁၃ ဆီးဂိမ်းတွင် အုပ်စုမှ ပြုတ်ခဲ့ပြီးနောက် ပြိုင်ပွဲစည်းမျဉ်းကို မိမိမသိခဲ့ဟု ပြောကြားခဲ့သော နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် ဖရိုင်းဒရစ်တို့၏ ကွာခြားမှုကို ကျွန်ုပ်တို့နှိုင်းယှဉ်ကြည့်နိုင်သည်။
အစွမ်းကုန် ပေးဆပ်သူများ၏ နောက်တွင် ပရိသတ်ရှိသည်
အမျိုးသားအားကစားနည်း ဖြစ်သော ဘောလုံးနှင့်ပတ်သက် ၍ မြန်မာပရိသတ်များအောင်ပွဲ ဆာလောင်မှု ပြင်းပြသော်လည်း ယူ-၂၀ အသင်းအပေါ် အပြစ်မ မြင်နိုင်ခြင်းမှာ အဓိကအချက်နှစ် ချက်ကြောင့်ဖြစ်သည်။ စိတ်ကူး ယဉ်အိပ်မက်မျှသာ ယခင်သဘော ထားခဲ့သော ကမ္ဘာ့အဆင့်ပြိုင်ပွဲ သို့ မြန်မာလူငယ်အသင်း ၀င် ရောက်ယှဉ်ပြိုင်နေပြီး ခြေစွမ်း ကွာဟမှုကြောင့် မည်သို့သော ရ လဒ်ထွက်ပါစေ ကမ္ဘာ့ဘောလုံး ပရိသတ်များ မြန်မာဟူသောအ မည်ကို ကြားဖူးရုံမျှ အမြတ်ဟု သဘောထားကြသူ များခြင်းမှာ အချက်တစ်ချက်ဖြစ်သည်။ ထို့ ပြင် အတွေ့အကြုံများပြီး ခြေစွမ်း ကွာဟသောအသင်းများနှင့် ယှဉ် ပြိုင်ရသော်လည်း မြန်မာအသင်း က အစွမ်းကုန်ပေးဆပ်ပြီး သန့် ရှင်းစွာ ကစားခဲ့ခြင်းမှာ ၎င်းတို့ နောက်မှ မြန်မာပြည်သူများ တစ်ခဲနက်အားပေးခြင်း၏ လျှို့ဝှက်ချက် ဖြစ်သည်။ မြန်မာဘောလုံးပရိသတ်များက မြက်ခင်းစိမ်းပေါ်မှ ကစားသမားများ၏ ခြေစွမ်းနှင့်အားထုတ်မှုကို မှန်ကန်စွာ အကဲဖြတ်နိုင်စွမ်း ရှိနေသောကြောင့်ဖြစ်ပါသည်။
7Day Daily
0 comments:
Post a Comment