
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ မြို့မိမြိုဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ခန္တီးလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန္တီးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များ ဖြင့် ဆက်လက်ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သ်ုိ႔ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆို နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ခန်းမအတွင်းမှ မေးမြန်းတင်ပြလိုသည့် နန်းယွန်းမြို့မှ ဦးစိုးသန်းက နန်းယွန်းမြို့တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နောင်ယန်းအင်း၌ ငါးမျိုးသစ်မွေးမြူနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ခန်းမအပြင်မှ မေးမြန်းတင်ပြလိုသည့် ဦးအေးမင်းစိုးက နာဂဒေသ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းဖွင့် လှစ်ပေးရန်တို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များကိုကြည့်ပါက တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူနှင့်ထိတွေ့ရန် လိုအပ်နေပါကြောင်း၊ တချို့ဒေသ များသို့သွားရောက်ရန် လုံခြုံရေးအရခွင့်ပြုချက် ရယူရန် လိုအပ် သည်ကိုလက်ခံပါကြောင်း၊ သို့သော်လည်း ခွင့်ပြုချက်ရယူနိုင်ရန်အတွက် သက်ဆိုင်ရာနှင့် လွယ်ကူစွာ ဆက်သွယ် နိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူ့ အသံကို အမြဲနားထောင် စေလိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင် ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများအား ဒေသခံများက မိသားစုအသွင်ဖြင့် ဆက်ဆံရန်လိုအပ်ပါကြောင်း၊ မိမိတို့မှာ ပြည်ထောင်စုဖွားတိုင်းရင်းသား များဖြစ်ပါကြောင်း၊ မတူညီသည့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားရမည် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် မိမိဒေသအတွက် ဂုဏ်ယူချင်သည့်စိတ်ဓာတ်ရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် တာဝန်ယူသည့်စိတ်ဖြင့် ရှင်သန်စေလိုပါကြောင်း၊ သို့မှသာတန်ဖိုးရှိမည်ဖြစ်ကြောင်း၊ ဒေသတင်ပြချက်များကို အလေးထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသား၊ တိုင်းရင်း သူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နန်းယွန်းမြို့မှ ရဟတ် ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ခန္တီးမြို့သို့ ပြန်လည်ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပင်လည်ဘူးမြို့သို့ရောက်ရှိကြရာ မြို့တွင်းလမ်းမတစ်လျှောက်၌ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လည်ဘူးမြို့ အားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စကို ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း ဝန်ထမ်းများ အနေဖြင့် ပြည်သူအပေါ်တာဝန်အရမဟုတ်ဘဲ စေတနာထား လုပ်ဆောင်ပေးရန် လိုကြောင်းပြောကြားသည်။
တွေ့ဆုံပွဲတွင် ကြိုတင်တင်ပြမေးမြန်းထားသည့် ပင်လည်ဘူးမြို့နယ် ချောင်းကွေ့ ရွာမှ ဦးသိန်းလွင်ကငါးကြေးအင်း- ချောင်းကွေ့ကျေးရွာချင်းဆက် လမ်းအားမြေသား လမ်းဖောက်လုပ်ပေးရေး၊ ချင်းကုန်းကျေးရွာမှ ဦးတင်လှိုင်က ချင်းကုန်းရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရေး၊ မြို့ မရပ်ကွက်မှ ဦးမောင်ကိုကမြို့မ(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရေးနှင့် ဖွံ့ဖြိုးရေးသိပ္ပံ ကျောင်းခွင့်ပြုပေးရေး၊ မိုးကောင်းရပ်ကွက်မှ ဦးမောင်ရွှေက မြို့မ(၁)ရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် တိုးမြှင့် ပေးရေး၊ ကဘာကျေးရွာမှ ဦးအောင်ဒွေး က ကဘာကျေးရွာကျန်းမာရေးဌာနခွဲ တစ်ခုခွင့်ပြု ပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်က တောင်မော်ကျေးရွာ၌ ကျန်းမာရေး ဌာနခွဲတစ်ခု ခွင့်ပြုပေးရေး၊ တုံးမွန်းကျေးရွာမှ ဦးမြင့်ဇော်က တုံမွန်းကျေးရွာတွင်(၁၆) ခုတင်ဆံ့ ဆေးရုံတည် ဆောက်ပေးရေး၊ မိုးကောင်း ကျေးရွာမှ ဦးမောင်ဝင်းက ပင်လည် ဘူးမြို့တွင် မူးယစ်ဖြတ်စခန်းတည်ထောင်ပေးရေးနှင့် ပင်လယ်ဘူးမြို့နယ် မြောက်ပိုင်း (၁၆)အုပ်စုတွင် နယ်မြေရဲကင်းချ ထားပေးရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ဝန်ထမ်းများ အတွက် ဒေသစရိတ် ခွင့်ပြုပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးကကောလင်း-ပင်လည်ဘူး ကားလမ်းအား အဆင့်မြှင့်တင်ပေးရေး၊ မြို့မကျေးရွာမှ ဦးချစ်ဝင်းက ဝါးယော ချောင်းတံတားအား အသစ်တည်ဆောက်ပေးရေး၊ ကဘာကျေးရွာမှ ဦးစင်းမောင်က မကျီးပင်- ကဘာကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းဆောင်ရွက်ပေးရေး၊ ဂွေးချိုကျေးရွာမှ ဦးသိန်းဇော်က ဂွေးချိုကျေးရွာချင်းဆက်လမ်းအား ပြုပြင်ပေးရေးနှင့် မြေကုလား-သာယာကုန်းကျေးရွာအထွက် တံတားနှစ်စင်းအား ပြုပြင်ပေးရေး၊ နွယ်လိမ် ကျေးရွာမှ ဦးမြင့်ရွှေက နွယ်လိမ်ကျေးရွာအဝင် မူးမြစ်ကူးဘေလီတံတား တစ်စင်းဆောင် ရွက်ပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်ကတောင်မော်-မြောက်မော် ကျေးရွာကြား ရှိ မြောက်မော်ချောင်းတံတားဆောက်လုပ်ပေးရေး၊ တုံမွန်းကျေးရွာမှ ဦးဝင်းမြင့်ဇော်က ထမံမောက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊ သင်ပေါင်းကျင်းကျေးရွာမှ ဦးစိုးလွင်က သင်ပေါင်းကျင်း- မိချောင်းအင်းမူးမြစ်ကူးတံတား ဆောင်ရွက်ပေးရေး၊ သိမ်ဇင် ကျေးရွာမှ ဦးဘိုးချင်းက ပေကုန်း- သိမ်ဇင်ကျေးရွာ မြေသား လမ်းအား ကတ္တရာလမ်းအဆင့်တိုးမြှင့်ပေးရေးနှင့် အဂ္ဂရွာချောင်းကူးတံတား၊ မှန်ကင်း ချောင်းကူး တံတား၊ ရေရှင်ငယ်ချောင်းကူတံတားတို့အား သံကူကွန်ကရစ် တံတားဆောက် လုပ်ပေးရေး၊ မော်လင်ကျေးရွာမှ ဦးအောင်ဖြူကမော်လင်- တောင်ခြေရင်းကျေးရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်းဆောင်ရွက်ပေးရေး၊ ကိုးယောက်ကျေးရွာမှ ဦးထွန်းဝေက ကိုးယောက်ကျေးရွာ၏ တောင်ဘက်မူးမြစ် ကမ်းပါးရေတိုက်စားနေသည့် ၂ ဖာလုံအား ကမ်းထိန်းနံရံဆောင်ရွက်ပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးက မူးမြစ်ကမ်းပါး ထိန်းနံရံဆောင်ရွက်ပေးရေး၊ စေတီဦးကျေးရွာမှ ဦးမြင့်ရွှေက စေတီဦးကျေးရွာ ကိုယ်ထူ ကိုယ်ထကျောင်းဆောက်လုပ်နေသဖြင့် ပံ့ပိုးကူညီပေးရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ပင်လည်ဘူးမြို့တွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရေး၊ ကဘာကျေးရွာမှ ဦးအောင်ခွေးက ကဘာကျေးရွာတွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စိုက်ထူပေးရေးတို့နှင့် စပ်လျဉ်းသည့် တင်ပြမေးမြန်းချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သက်ဆိုင်ရာကဏ္ဍ အလိုက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကိစ္စတစ်ခုချင်းအလိုက် တွေ့ဆုံရှင်းလင်းဆွေးနွေးရန် လမ်းညွှန်မှာကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပင်လည်ဘူးမြို့မှ ရဟတ် ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ဟုမ္မလင်းမြို့သို့ ပြန်လည်ရောက်ရှိကြသည်။









Source : Myanmar State Counsellor Office #Myanmar_Online_News
0 comments:
Post a Comment