Wednesday, October 16, 2013

မန္တလေးတွင် ဗုံးထားခဲ့သည်ဟု သံသယရှိ၍ ဖမ်းဆီးထားသူများအား စစ်ဆေးပြီး ပြန်လွှတ်

မန္တလေးမြို့ ရွှေဘဲစားတော်ဆက်တွင် ဗုံးထားခဲ့သူဟု သံသယရှိသူနှစ်ဦးအား အောင်မြေသာစံမြို့နယ် အမှတ် ၅ မြို့မရဲစခန်းတွင် စစ်ဆေးပြီး အောက်တိုဘာလ ၁၆ ရက်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်ရွှေက မဇ္ဈိမကို ပြောသည်။

“အားလုံး စစ်ဆေးပြီးပါပြီ။ လွှတ်တယ်ဆိုတာ အပြစ်မရှိလို့ပါ”ဟု မဇ္ဈိမကို ပြောသည်။

သံသယတရားခံများ လွှတ်ပေးသည့် ကိစ္စအား မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၅) မြို့မရဲစခန်းကို မဇ္ဈိမက သွားရောက် မေးမြန်ခဲ့သော်လည်း ဖြေကြားခွင့်မရှိသေးကြောင်း ငြင်းဆိုခဲ့သည်။

မပေါက်ကွဲသေးသော ဗုံးကို ရွှေဘဲစားသောက်ဆိုင်တွင် ထားခဲ့သည်ဟု သံသယရှိခံရသော မလေးရှား နိုင်ငံရှိ CHL Foam ဖော့စက်ရုံတွင် လုပ်ကိုင်ခဲ့သူ အောင်အောင် (ခေါ်) မိုအာမက်ဆာလေးနှင့် မလေးရှားနိုင်ငံသူ Mrs.Nikol (ခေါ်) Chin Suet Yin တို့အား အောက်တိုဘာလ ၁၅ ရက် ညနေ ၆ နာရီတွင် အမရပူရမြို့နယ် ဦးပိန်တံတားအနီး
တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၄ ရက်က မန္တလေးမြို့ ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အမေရိကန်လုပ် လက်ပစ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ဆိုင်သို့ လာရောက်စားသောက်ခဲ့သော မသင်္ကာသူ နှစ်ဦးအား CCTV မှတ်တမ်းပုံရိပ်မှ ရယူခဲ့သည်။ ထိုမသင်္ကာသူနှစ်ဦးအား မန္တလေးမြို့ အထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှု
များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်များက စော်ဘွားကြီးကုန်း၊ သာကေတ၊ အလုံမြို့နယ်ရှိ Western Park 2 နှင့် ကုန်သည်ကြီးများ ဟိုတယ်တို့တွင် ပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ သံသယရှိ
သူ တစ်ဦးအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်တလင်း ကားလမ်းပေါ်တွင် အောက်တိုဘာလ ၁၅ ရက် နံနက် ၆ နာရီက ဖမ်းဆီးခဲ့သေးသည်။ ထို့အပြင် ရန်ကုန်တွင်လည်း သံသယရှိသူ သုံးဦးအား ထပ်မံ ဖမ်းဆီးထားသေးသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂) ဌာနခွဲမှူး ရဲမှူး မြင့်ထွေးက ပြောသည်။

ထို့အပြင် ပဲခူးတိုင်း တောင်ငူမြို့တွင်လည်း အောက်တိုဘာလ ၁၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ၏ အမည်ကို ဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။

ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလထဲ၌ပင် ၁၃ ရက်က ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်တွင် မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့ကာ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Western Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ ရက် ညပိုင်းက ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
ခဲ့သည်။ 

Mizzima - News in Burmese

0 comments:

Post a Comment