Wednesday, October 16, 2013

သံလွင်မြစ်ပေါ် ရေကာတာများဆောက်လုပ်မှု ရပ်တန့်ပေးရန် ဒေသခံတို့ တောင်းဆို

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်မည့် မိုင်းတုံ ရေကာတာ စီမံကိန်း အပါအ၀င် သံလွင်မြစ်ပေါ် ရေကာတာများဆောက်လုပ်မှုကို ရပ်တန့်ပေးရန် သံလွင် ချစ်သူအဖွဲ့နှင့် ရှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တို့က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ချက် ထုတ် တောင်းဆိုလိုက်သည်။

ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်တွင် အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ချက်ပြုလုပ်သည့် အခမ်းအနားမှတစ်ဆင့် ဆုံးဖြတ်ချက်ချ ကာ ကြေညာချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

“ရေကာတာ တည်ဆောက်ပါက အကျယ်အ၀န်း ၉၀၀ စတုရန်းကီလိုမီတာ ရေလွှမ်းမိုးမည်ဖြစ်၍ လူနေ အိမ်ခြေများနှင့် လယ်မြေများ ရေအောက်သို့ ရောက်ရှိသွားမည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုင်းတုံရေကာတာသည် အမြင့် ၂၂၈ ပေ မြင့်မည်ဖြစ်ကာ ရရှိလာမည့် ရေအားလျှပ်စစ် ၇၀၀၀ မဂ္ဂါဝပ်ကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ရေအားလျှပ်စစ် ထုတ်လုပ်မည့်အပေါ် ဒေသခံများ၏ တောင်းဆိုချက်များကို လည်း ထိုင်းနိုင်ငံက လေးစားလိုက်နာသင့်သည်ဟု သံလွင်ချစ်သူအဖွဲ့မှ နန်းခမ်းလှိုင်က ပြောသည်။

“ထိုင်းနိုင်ငံဆိုရင်လည်း ဒီမိုကရေစီနိုင်ငံတစ်ခုပါဘဲ။ သူဘယ်လောက်ဘဲ လုပ်ငန်းတွေ လုပ်ချင်တယ်ဖြစ်နေ ပါစေ၊နိုင်ငံတစ်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ လိုတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မိုင်းတုံရေကာတာ ဧရိယာအတွင်း ၁၉၉၆ ခုနှစ်မှ ယခုနှစ်အထိ အစိုးရတပ်မှ တပ်ရင်း ၁၀ ခုမှသည် ၃၆ ခု အထိ တိုးချဲ့လာခဲ့သည်ဟုလည်း သံလွင်ချစ်သူအဖွဲ့နှင့် ရှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ “သံလွင်မြစ်ပေါ် ရေတာကာတာများ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ပျက်စီးစေမည့် အပြင် ပဋိပက္ခများဖြစ်ပွားရန် အခြေခံအုတ်မြစ်လည်း ဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

သံလွင်မြစ်ပေါ်တွင် မိုင်းတုံ(တာဆန်း) ရေကာတာစီမံကိန်းအပါအ၀င် နောင်ဖ၊ မန်တောင်း၊ မိုင်းတုံ (တာဆန်း)၊ ရွာသစ်၊ ဟက်ကြီး၊ ကွမ်းလုံ ရေအားလျှပ်စစ်စီမံကိန်းအမည်ရှိ ရေကာတာခြောက်ခုကို တရုတ် ကုမ္ပဏီများက တည်ဆောက်မည်ဖြစ်သည်။

မိုင်းတုံနှင့် ဟက်ကြီး ရေကာတာတို့ကို တရုတ်အပြင် ထိုင်းနိုင်ငံ EGAT ကုမ္ပဏီတို့က အဓိကရှယ်ယာ ပါဝင်မည်ဖြစ်သည်။ မိုင်းတုံ ရေအားလျှပ်စစ်အတွက် တရုတ်ကုမ္ပဏီတစ်ခုနှင့် MOU ထိုးပြီး စမ်းသပ် စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကာ နောင်ဖနှင့် မန်တောင်းတို့ကို မကြာမီ MOU ထိုးမည်ဖြစ်ကြောင်း သိရသည်။ 

Mizzima - News in Burmese

0 comments:

Post a Comment