Saturday, November 1, 2014

တောင်ကြီး မီးပုံးပျံ ပြိုင်ပွဲဝင် မီးပုံးတစ်လုံးပျက်ကျ ၁၂ ဦးဒဏ်ရာရ

တောင်ကြီး တန်ဆောင်တိုင်ပြိုင်ပွဲဝင် ဦးကြီးခမ်းရပ်ကွက် ကိုယ်စားပြုပြိုင်သည့် ခွန်တန်မီးအဖွဲ့၏ ညမီးကြီး မီးပုံးတစ်လုံး နိုဝင်ဘာ ၁ရက် နံနက် ၁နာရီ ၁၈မိနစ်ခန့်က လွတ်တင်စဉ် ပေ ၂၀၀ ခန့်အရောက်၌ ပြန်လည်ပျက်ကျကာ မီးပုံပျံကွင်းအတွင်း လာကြည့်ရှုသည့် ပရိတ်သတ် ၁၂ ဦးပေါ်သို့ ယမ်းများထိမှန်ကာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဝေရာကွင်းအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။



(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း)

"လူသေဆုံးမှုမရှိပါဘူး၊ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး လေးဦး ယမ်းလောင်ကျွမ်းတဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်၊ အန္တရာယ်များတဲ့အတွက် အနီးကပ်သွားကြည့်တာမျိုးမလုပ်ဖို့ အနယ်နယ်အရပ်ရပ်က ပွဲလာသူတွေကို သတိပြုဆင်ခြင်စေချင်ပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသပေးလျက်ရှိပြီး ယမ်းလောင်ကျွမ်းဒဏ်ရာရ အမျိုးသားနှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု မိသားစုဝင်များက ပြောသည်။

"ရန်ကုန်ကနေလာကြည့်တာပါ၊ အန္တရာယ်များတယ်ဆိုပြီးပြောကြလို့ ကွင်းထဲဆင်းမကြည့်ဘူး၊ ဒီနေ့ညမှ ကလေးက အတင်းပူဆာတာနဲ့ ကွင်းထဲ ဆင်းဆင်းခြင်း ဒီလို ဖြစ်ပွားတာနဲ့ ကြုံရတာပါ” ဟု ရန်ကုန်မြို့မှ တန်ဆောင်တိုင်ပွဲလာကြည့်ပြီး ထိခိုက်ဒဏ်ရာရရှိထားသည့် အမျိုးသမီးက မဇ္ဈိမကို ပြောသည်။



(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း)

လူနာများ၏ အခြေအနေကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ပေါ်ထွန်းဦးအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၏ လက်မှတ်နှင့် ခွင့်ပြုစာ ပါမှသာ ဖြေကြားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် နှစ်စဉ် လူထိခိုက်သေဆုံးမှုများရှိပြီး အန္တရာယ်များသည့် အတွက် လွှတ်တင်သည့် မီးပုံးပျံ မီးဇာတိုင် မစွဲနိုင်လျင် ယမ်းခွေအား စနစ်မရှို့ရန်၊ စည်းကမ်းပိုင်းအလေးထားရန် မီးပုံးပျံ အမှတ်ပေးဒိုင်အဖွဲ့က သတိပေးထားသည်။ ပွဲလာကြည့်သည့် ပရိသတ်များကိုလည်း ကွင်းတွင်းသို့ အတင်းဝင်ရောက်ကာ အနီးကပ် မကြည့်သင့်ဟု တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ အမှတ်ပေးဒိုင်အဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်။

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ညမီးကြီး ၈၉လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံးနှင့် နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေလေးချောင်း အရုပ် ၆၂၊ အုပ်စု ၃၀ လုံး စုစုပေါင်းမီးပုံးပျံ အရေတွက် အလုံးပေါင်း (၃၀၀) ကျော် ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်သည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

၂၀၁၄ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (UNESCO)မှ အသိအမှတ်ပြုသည့် နိုင်ငံတကာပွဲတော်အဖြစ် စာရင်းတင်သွင်းနိုင်ရန်အတွက် UNESCO အဖွဲ့မှ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လေ့လာလျက်ရှိသည်။


မဇ္ဈိမ

0 comments:

Post a Comment