လိင်ပြောင်းလဲပြီး အမျိုးသမီးဘဝ ခံယူထားသည့် မလေးရှား အမျိုးသား (၃)ဦးသည် အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်ခွင့် ရရန်အတွက် တရားရင်ဆိုင်မှု အယူခံ အောင်မြင်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မစ် ဘာသာရေး သတ်မှတ်ချက်များအရ အမျိုးသားများသည် အမျိုးသမီး အဝတ်အထည်များကို ဝတ်ဆင်ခွင့် မရှိချေ။ အမျိုးသမီးဘဝသို့ ပြောင်းလဲခွဲစိတ်မှု ခံယူထားသည့် အမျိုးသား (၃)ဦးက ဘာသာရေးနှင့် ဆက်နွှယ်သော ဥပဒေကို ဆန့်ကျင်ကာ အမျိုးသမီး အဝတ်အထည်များ ဝတ်ဆင်ခွင့်ရရေးအတွက် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။နီဂီရီ ဆမ်ဘီလန်ရှိ အယူခံရုံး တရားသူကြီး မိုဟာမက်ယူနက်စ်က အဆိုပါ သတ်မှတ်ချက်သည် လူအများကို လိင်ခွဲခြား ဖိနှိပ်ပြီး လူ့အခွင့်အရေး ကန့်သတ်ချက်များ ဖြစ်ပေါ်စေကြောင်း ဆုံးဖြတ်ခဲ့သည်။ မလေးရှားတွင် လိင်တူချစ်ကြိုက်မှုအပေါ် ဆန့်ကျင်မှု အရှိန်အဟုန် ကြီးမားနေဆဲဖြစ်ရာ ယခုဆုံးဖြတ်ချက်သည် အငြင်းပွားစရာ အခြေအနေများ ဖြစ်လာခဲ့သည်။
အယူခံရှေ့နေ တစ်ဦးကမူ ယခုအောင်မြင်မှုသည် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။ “ဒီစီရင်ချက်က စံနမူနာ ဖြစ်သွားပြီ။ အနာဂတ် တရားစီရင်ရေးမှာ ကိုးကားစံထားရတော့မယ်”ဟု အယူခံရှေ့နေ အက်စ်တန်ပိုင်ဗာက AFP သို့ ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံ၏ တရားဥပဒေ ပြဋ္ဌာန်းမှုတွင် အစ္စလာမ် ဘာသာဝင်များသည် အစ္စလာမ် ဘာသာရေးနှင့် ဆက်နွှယ်သည့် သတ်မှတ်ချက်များကို လိုက်နာကျင့်သုံးရန် လိုအပ်သည်။ အခြားဘာသာဝင်များအတွက် ဥပဒေ သတ်မှတ်ချက်မှာ အစ္စလာမ်ဘာသာဝင်များအတွက် သတ်မှတ်ထားမှုနှင့် ကွဲပြားမှုများ ရှိနေသည်။
ဥပဒေ သတ်မှတ်ချက်များအရ အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ဦးသည် အမျိုးသမီး အဝတ်အထည်များကို ဝတ်ဆင်လျှင်ဖြစ်စေ၊ အမျိုးသမီးသဖွယ် ပြုမူလျှင်ဖြစ်စေ ဥပဒေချိုးဖောက်ရာရောက်ပြီး အမြင့်ဆုံး (၃)နှစ်ထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
အဆိုပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင် အယူခံဝင်သူ (၃)ဦးစလုံးသည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြပြီး အမျိုးသား ဘဝဖြင့် မွေးဖွားလာသည့်တိုင် အမျိုးသမီးအဖြစ် ပြောင်းလဲ ခံယူခဲ့ကြသည်။ ၎င်းတို့သည် အမျိုးသမီး အဝတ်အထည်များ ဝတ်ဆင်သည့်အတွက် လွန်ခဲ့သည့် (၄)နှစ်က အဖမ်းခံရသည်။ (၂၀၁၂)ခုနှစ်တွင် အောက်ရုံး တရားသူကြီး တစ်ဦးက ၎င်းတို့သည် အမျိုးသားအဖြစ် မွေးဖွားလာခြင်းကြောင့် အမျိုးသား အဝတ်အထည်များကိုသာ ဝတ်ဆင်ရမည်ဟု အမိန့်ချခဲ့သည်။
ယင်းစီရင်ချက်ကို အဆင့်ဆင့် အယူခံဝင်ခဲ့သည့်နောက် တရားသူကြီး (၃)ဦး ကြားနာသည့် အယူခံရုံးက အမျိုးသမီး အဝတ်အထည်များ ဝတ်ဆင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
_Ref: Channelnewsasia
Thursday, November 6, 2014
မလေးရှားတွင် လိင်ပြောင်းလဲထားသူများ အမျိုးသမီး အဝတ်အစား ဝတ်ခွင့်ရရေး အယူခံဝင်မှု အောင်မြင်
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment