Saturday, November 8, 2014

အထင်လွဲ သစ်ရွက် - ဗီဒီယို အကြိုခံစားခြင်း



ဒီနေ့ရဲ့ဗီဒီယို အညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဟာသ ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။

သစ်ရွက်စို (စိုစို) က တောသူ ပုံစံ ရိုးရိုးအေးအေးနေတတ်သူပါ။ အဲဒီလိုပုံစံနေတာကြောင့် သူ့ရဲ့ ချစ်သူက တိုက်ဂေါကြီးဆိုပြီး ရည်းစားအသစ် ရှာသွားပါတယ်။ ရည်းစားအသစ်ရှာတာကို စိုစိုသိသွားတဲ့အချိန်မှာတော့ စိုစိုပေါက်ကွဲပြီး သူ့ရည်းစားကို ပြတ်ပြီလို့ပြောခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တဲ့အချိန် မှာတော့ အဒေါ်ဖြစ်သူ ရွှန်းကို သူ့အကြောင်းတွေရင်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွှန်းက ရည်းစားအသစ်ရှာသွားတဲ့သူကို အပြစ် မပြောဘဲ ပုံတုံးနေတဲ့သူ့တူမကိုပဲ အပြစ်ပြောခဲ့ပါတယ်။ ဒါပေမဲ့သူ့တူမကို အကြံတစ်ခုပေးခဲ့ပါ တယ်။ အဲဒါကတော့ တောဂိုက်ပုံစံကနေ ခေတ်မိန်းကလေးပုံစံ ပြောင်းပြီး ပစ်သွားတဲ့ ရည်းစားကို နောင်တရအောင်လုပ်ဖို့ပါ။

ရွှန်းက စိုစိုကို သူ့အသိရဲ့ အလှပြင်ဆိုင်တစ်ဆိုင် လိုက်ပို့ပေးခဲ့ပါတယ်။ လူကိုတင်ပြင်တာ မဟုတ်ဘဲ အဝတ်အစားတွေကအစ ပြင်ဆင်ပေးခဲ့ပါတယ်။ နောက်ပြီး စိတ်ကိုပါ ပြင်ဖို့ တိုက်တွန်းခဲ့ပါတယ်။တတ်နေတဲ့သင်တန်းတွေကိုတောင် ရည်းစား ဟောင်းချစ်သူနဲ့အချိန်မတူအောင် ပြောင်းခိုင်းခဲ့ပါတယ်။

ရနောင်းထင် (ထင်)က စာရေးဆရာတစ်ယောက်ပါ။ သူ့မှာလည်း စန္ဒီဆိုတဲ့ချစ်သူတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့အဲဒီချစ်သူက မိဘသဘောတူတဲ့ သူနဲ့လက်ထပ်ပြီး နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကွဲခဲ့တာက ထင်ရဲ့စာရေးတဲ့ အလုပ်ကို စန္ဒီက မလုပ်စေချင်တာလည်းပါပါတယ်။

ဒါပေမဲ့ စန္ဒီအမျိုးသား ဆုံးသွားတဲ့အချိန်မှာ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ထင်ကအောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ စန္ဒီက ထင့်ကို ပြန်ပြီးဆက်သွယ်ခဲ့ပေမယ့် ထင်ဘက်က တော့ ရိုးရိုးသားသား ဆက်ဆံခဲ့ပါတယ်။

တစ်ရက်မှာတော့ စိုစိုနဲ့ ထင်တို့တွေ့ဆုံခဲ့ပါတယ်။ တွေ့တာကလည်း စိုစိုရဲ့ ကားက ထင်ရဲ့ကားကို ဝင်တိုက်မိရာက တွေ့ခဲ့တာပါ။ တိုက်မိတာက ဘာမှမဖြစ်ပေမယ့် ထင်က တောင်းပန်ခိုင်းတာကြောင့် စိုစိုဘက်ကတောင်းပန်ခဲ့ရပါတယ်။

ရည်းစားဟောင်းကို နောင်တရစေချင်တဲ့ စိုစိုဘာတွေဆက်လုပ်မှာလဲ။ ထင်နဲ့ရော ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ ‘အထင်လွဲသစ်ရွက်’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ရနောင်းထင်အဖြစ် အောင်ရဲလင်း၊ ရွှန်းအဖြစ် စိုးမြတ်နန္ဒာ၊ သစ်ရွက်စိုအဖြစ် သွန်းဆက်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မယ်မင်းဘုံရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာဟိန်းစိုးက ရိုက်ကူးပုံဖော်ထားပါတယ်။


7Day Daily

0 comments:

Post a Comment