Tuesday, November 4, 2014

အကယ်ဒမီပေးပွဲကို M.E.P မှာမလုပ်ရင် ဘယ်မှာလုပ်ချင်လဲလို့ မေးခွန်းထုတ်လိုက်တဲ့ လူမင်း


၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမြင်ကွင်း (ဓာတ်ပုံ-ဂျေပိုင်/ ဧရာဝတီ)

မကြာခင်မှာ ရုပ်ရှင်အနုပညာရှင်တွေရဲ့ ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီရွေးချယ်ပွဲကြီးကို ကျင်းပတော့မှာပါ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်ကနေ ရုန်းထွက်လာနိုင်ခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးဟာ အခုနှစ် အကယ်ဒမီပေးပွဲကြီးကို သူတို့ခြေ သူတို့လက် လုပ်ကိုင်လာနိုင်တော့မှာပါ။ ဆိုလိုတာက ဒီနှစ် အကယ်ဒမီပေးပွဲဟာ ရုပ်ရှင်အစည်းရုံးကနေ ပထမဆုံးတာဝန်ယူ လုပ်ဆောင်ခွင့်ရတဲ့ ပွဲကြီးဆိုတဲ့ သဘောပါပဲ။ ဆိုတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို ဘယ်လိုအနေအထားတွေနဲ့ပြင်ဆင်နေပြီလဲ။ ဘယ်နေရာမှာ ကျင်းပဖို့ စီစဉ်ထားလဲ၊ ဒါ့ထက် ဒီနှစ်အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ တချို့သော ရုပ်ရှင်လောကသားတွေရဲ့ မကျေမနပ် ဝေဖန်သံလေးတွေလည်း သဲ့သဲထွက်နေလေတော့ ဒီလို ကိစ္စတွေနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းနဲ့ ဧရာဝတီ စကားစမြည်ပြောဖြစ်ပါတယ်။မေး အကယ်ဒမီပေးပွဲကို ဘယ်နေ့၊ ဘယ်နေရာမှာ လုပ်သွားမလဲ။

ဖြေ ဒီဇင်ဘာ ၂၇ ရက်နေ့ လုပ်မယ်။ Myanmar Event Park (M.E.P) မှာ လုပ်မှာပါ။

မေး ဒီနှစ်က ရုပ်ရှင်အစည်းအရုံးကနေ ပထမဆုံးတာဝန်ယူလုပ်ဆောင်မှာဖြစ်လို့ အစည်းအရုံးအနေနဲ့ ဘယ်လို တာဝန်ယူမှုတွေ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေပြီလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ အခုချိန်မှာတော့ ကျနော်တို့ အကယ်ဒမီ စိစစ်ရွေးချယ်ရေး အဖွဲ့နှစ်ဖွဲ့ရဲ စိစစ်ကြည့်ရှုမှုက လုံးဝပြီးသွားပြီ။ စကာတင် ၆ ကားထဲကနေ ရွေးသွားမှာပါ။ အခု နိုဝင်ဘာလကုန်ရင် nomination စာရင်းတွေကို ထုတ်ပြန်ပြီး အကယ်ဒမီပွဲကို promote လုပ်သွားမှာပါ။

မေး အကယ်ဒမီ ပေးပွဲ စင်မြင့်နဲ့ပတ်သက်လို့ ထိုင်းနိုင်ငံက Index Creative Village နဲ့ လုပ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ ဟုတ်ပါသလား။

ဖြေ ဟုတ်ကဲ့..။ Index အဖွဲ့နဲ့ ဆွေးနွေးနေပါတယ်။ ဆွေးနွေးဆဲအဆင့်ပေါ့ .. စာချုပ်ချုပ်ပြီး လုပ်ဆောင်ဖို့ အဆင့်မရောက်သေးပါဘူး။

မေး ဒီနှစ် အကယ်ဒမီပေးပွဲကို အနုပညာရှင်တွေချည်း သီးသန့်တက်ရောက်နိုင်ဖို့ လုပ်ထားပြီး ပရိတ်သတ်တွေဝင်ခွင့်မရဘူးလို့လည်း သိရပါတယ်။ အရင်နှစ်တွေမှာ ပရိတ်သတ်တွေနဲ့ပါ ကျင်းပခဲ့တာဆိုတော့ ဘယ်လိုကြောင့် အခုလို ပြောင်းဖြစ်ရတာပါလဲ။

ဖြေ အကယ်ဒမီပေးပွဲ သမိုင်းကို ကြည့်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ပရိတ်သတ်နဲ့ ကျင်းပခဲ့တဲ့ အစဉ်အလာတော့မဟုတ်ပါဘူး။ န၀တ အစိုးရလက်ထက်မှာ အားကစားကွင်းထဲမှာ ကျင်းပတဲ့အခါ ဘေးခုံတွေရှိတဲ့အတွက် အဲ့ဒီခုံတွေကို လက်မှတ်ရောင်းချတဲ့အစီအစဉ်က စပြီးတော့ ပရိတ်သတ်တွေနဲ့ ပူးတွဲကျင်းပတဲ့ အစီအစဉ်တွေ ဖြစ်လာခဲ့တာပေါ့နော်။

ကျနော်ပြောချင်တာက ဒီနှစ်မှစပြီးတော့ ပရိတ်သတ်ကို ၀င်ခွင့်မပေးခြင်းမဟုတ်ဘူး ဆိုတာကို ပြောချင်တာပါ။ နောက်တခုက နှစ်စဉ်နှစ်တိုင်း ကျနော်တို့ လောကသားတွေ ကို ဖိတ်သင့်ဖိတ်ထိုက်တဲ့ အရည်အတွက်ကို ပြည့်မီအောင် ဘယ်တုန်းကမှ မဖိတ်နိုင်ခဲ့ဘူး။ လောကသား အတော်များများက ဒီအကယ်ဒမီပေးပွဲကို ကိုယ်နဲ့မဆိုင်သလို တက်ရောက်ခွင့်မရတာမျိုးတွေ နှစ်စဉ်နှစ်တိုင်း ရှိခဲ့တယ်လေ။ ဒီနှစ်မှာ ကျနော်တို့ လောကသားတွေကို ပိုဖိတ်ချင်တယ်။ ပိုဖိတ်ချင်တယ်ဆိုပေမယ့်လည်း ကျနော့ စကားနဲ့ ကျနော်ပြန်ရှင်းရမယ်ဆိုရင် ရှိရှိသမျှ လောကသားအကုန်လုံးတော့ ရုံထဲဆန့်မယ်တော့ မထင်ဘူးပေါ့နော်။ ဒါပေမယ့် အရင်နှစ်တွေထက်တော့ ပိုပြီး ဖိတ်နိုင်အောင် စီစဉ်ထားပါတယ်။

ဒါကြောင့်မို့ နံပါတ်တစ်က ကျယ်ဝန်းတဲ့နေရာတခုကို အရင်ရွေးပါတယ်။ MEP မှာ လူအနည်းဆုံး ၃၀၀၀ လောက် ခင်းကျင်းနိုင်တဲ့ နေရာအကျယ်အ၀န်းမျိုးရှိတဲ့အတွက် အဲ့ဒါကို ကျနော်တို့ ရွေးချယ်တာပါ။

နောက် ရုံအပြင်အဆင်အနေအထားနဲ့ကျတော့ ပရိတ်သတ်ကို သီးသန့် နေရာပေးဖို့ အခက်အခဲရှိခဲ့တဲ့အတွက် ကျနော်တို့ ဒီနှစ်ကို ပရိတ်သတ်ကို လက်မှတ်ရောင်းချခြင်း မပြုတော့ဘူးလို့ ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ နောက်ပြီး ဒီနေ့လိုခေတ်ကြီးမှာ broadcast တွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်တဲ့ အခွင့်အရေး တခုကလည်း မြန်မာတပြည်လုံးမှာရှိတဲ့ ပရိတ်သက်ကို တိုက်ရိုက် ထုတ်လွှင့်နိုင်တဲ့ အားသာချက်ကလည်း ပရိတ်သတ်တွေအတွက် သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ်။

နောက်တခုက ကျနော်တို့လူတွေချည်းပဲဖြစ်တဲ့အတွက် ရိုက်ကူးစီစဉ်တင်ဆက်မှုကို ကျနော်တို့ အရင်နှစ်တွေနဲ့ မတူ ကြည့်တဲ့ ပရိတ်သတ်တွေလည်း သိမှာပါ။ Live ကြည့်ရင်း ဒါဟာ သတင်းတခုလိုဖြစ်သွားပြီးတော့ ပရိတ်သတ်ကို ဖျော်ဖြေတက်ဆက်မှုပုံစံမဖြစ်တာတွေကိုလည်း ရှိတယ်ဆိုတော့ ဒီနှစ်က ကျနော်တို့က ရိုက်ကူးတင်ဆက်မှု တွေကိုလည်း အစီအစဉ်ကျကျနန လုပ်ချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။

မေး အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ ပရိတ်သတ် စိတ်ဝင်စားတာ တခုရှိပါသေးတယ်။ နိုင်ငံတကာက အော်စကာဆုပေးပွဲတွေမှာဆို အနုပညာရှင်တွေဟာ ကော်ဇောနီ လျှောက်လမ်းပေါ်မှာ လမ်းလျှောက်လာပြီး ဆုပေးပွဲ တက်ရောက်ကြရတဲ့အစဉ်အလာတခုရှိပါတယ်။ မြန်မာပြည်က အနုပညာရှင်တွေကတော့ ကော်ဇောစိမ်းလျှောက်လမ်းပေါ်ကနေ လမ်းလျှောက်လာပြီး တက်လာရလို့ တမူထူးခြားနေတဲ့ အနေအထားကို စိတ်ဝင်စားခြင်းပါပဲ။ ဒီနှစ်မှာရော မြန်မာအနုပညာရှင်တွေ ကော်ဇောနီပေါ် လျှောက်ရဖို့ စီစဉ်ဖြစ်မလား သိချင်ပါတယ်။

ဖြေ တနှစ်ကအထိတော့ ကျနော်တို့ ကော်ဇောစိမ်းကြီးပေါ် လျှောက်ခဲ့ရပါတယ်။ မနှစ်ကစပြီး ကျနော်တို့ ရုပ်ရှင်အစည်းအရုံးက လုပ်ပိုင်ခွင့်လေး အတော်အသင့်ရတဲ့အတွက် ကျနော်တို့ ကော်ဇောနီ ပေါ်ပဲ ကျနော်တို့ မနှစ်က လျှောက်ခဲ့ပါတယ်။ မနှစ်ကတော့ ကျနော်တို့ အားနည်းချက်တွေရှိတာပေါ့နော်။ ကော်ဇောနီ ပတ်လည် အရံအတားတွေ အချိန်မီ မလုပ်နိုင်တဲ့အခါမှာ မင်းသား၊ မင်းသမီးတွေက ကော်ဇောနီပေါ်ကနေ ခပ်ကျော့ကျော့မလျှောက်ရပဲ သတင်းသမား၊ ဓာတ်ပုံတွေ ကြားထဲမှာ တိုးခွေ့ပြီး တက်ရတဲ့အနေအထားဖြစ်သွားပါတယ်။ ဒီနှစ်ကိုလည်း အဲ့လိုမျိုး အားနည်းချက်တွေကို ပြင်ဆင်သွားမှာပါခင်ဗျ။ ဒီနှစ်လည်း Red Carpet ပါပဲခင်ဗျ။

မေး ဒီနှစ် အကယ်ဒမီပေးပွဲကို Myanmar Event Park မှာ လုပ်တဲ့အပေါ် အနုပညာလောကသားတချိုရဲ့ မကျေနပ်သံတွေ သဲ့သဲ့ကြားနေရပါတယ်။ ဒီ့အပေါ်ကို ဘာပြောချင်ပါသေးလဲ။

ဖြေ မနေ့ကပဲ ကျနော်တို့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပါတယ်။ M.E.P ဆိုတာ တကယ့် Event Park ဆိုတဲ့အတိုင်းပဲ ကျနော်တို့ အခမ်းအနားတွေ အစီအစဉ်တွေကို စိတ်ကြိုက်ဖန်တီးလို့ရတဲ့ နေရာတခုပါ။ တချို့တလေကတော့ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေကြားရပါတယ်။ ဆိုလိုတာက Myanmar Event Park မှာ မလုပ်ရင် ဘယ်မှာ လုပ်ချင်သလဲဆိုတာကို ကျနော်က ပြန်မေးရမလိုဖြစ်နေတာပေါ့နော်။ သုဝဏ္ဏ အားကစားရုံကြီးဆိုတာ ဒီလိုမျိုး အခမ်းအနားတွေ ကျင်းပတဲ့ နေရာမဟုတ်ပါဘူး။ ဘောလုံးကန်တဲ့နေရာ၊ ခြင်းခတ်တဲ့နေရာမှာ ကျနော်တို့က ဒီ အားကစားရုံကြီးထဲမှာ စင်ဆောက်ပြီးလုပ်ရတဲ့ အခြေအနေပါ။ တကယ်တော့ ဒီလို အခမ်းအနားမျိုးက ဘယ်တိုင်းပြည်မှလည်း ဒီလို အားကစားရုံထဲမှာ လုပ်တာ မရှိပါဘူး။ ဆိုတော့ အခမ်းအနားကို အခမ်းအနားတခုနဲ့တူအောင် ခမ်းခမ်းနားနားတင်ဆက်လို့ ရတဲ့ နေရာကို ရွေးချယ်တာပါ။ ဒါကတော့ ဝေဖန်မှုတွေကတော့ ရှိမှာပါပဲခင်ဗျ။ တချို့ကျတော့လည်း ကျနော်တို့ ဘာတွေဆောင်ရွက်မယ်ဆိုတာကို မသိသေးပဲနဲ့ လုံးဝကို အပြုသဘောမဆောင်တဲ့ သက်သက်ဝေဖန်မှုတွေကတော့ ကျနော်တို့ ကြုံတွေရင်ဆိုင်နေရပါတယ်။


ဧရာဝတီ

0 comments:

Post a Comment