Monday, June 8, 2015

နတ်ဒိုးမပါ၊ နတ်ကတော်မပါ၊ ဝက်သားဟင်း ပေါင်းစုံတင်တဲ့ နတ်ပွဲ





မအူပင် သာဒွန်းရွာတွင် မြင်းဖြူရှင် ဘိုးဘိုးကြီးကို ပူဇော်သည့် နတ်ပွဲအတွက် ပြင်ဆင်နေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

စစ်ကိုင်းမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ၊ အိမ်ခြေ ၆၀ သာသာလောက်သာ ရှိတဲ့ မအူပင်သာဒွန်း ရွာလေးက တနှစ်တခါ ကျင်းပမြဲ မြင်းဖြူရှင်ဘိုးဘိုးကြီးကို ပူဇော်ပသတဲ့ပွဲဟာ မြန်မာနိုင်ငံတဝှမ်းမှာ တွေ့ရလေ့မရှိတဲ့၊ ထူးခြားတဲ့ နတ်ပူဇော်ပွဲလို့ ဆိုနိုင်ပါတယ်။ဒီပူဇော်ပွဲကို နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။ တကယ်လို့များ ပွဲတော်နေ့ဟာ ဗုဒ္ဓဟူးနေ့မှာ ကျတယ်ဆိုရင်၊ နောက် ၂ ရက်ကို ရွှေ့ဆိုင်းပူဇော်ပါတယ်။ “ဗုဒ္ဓဟူး နတ်ရူးတောင် မစားဘူး” ဆိုတဲ့ နတ်ကိုးကွယ် ယုံကြည်သူတွေရဲ့ အယူအရ ဗုဒ္ဓဟူးနေ့ တင်တဲ့ပွဲတော်ကို နတ်တွေက ပွဲတော်မတည်ဘူးလို့ ဆိုလိုတာပါ။ ကန်တော့ပွဲအတွက် ရွာသူရွာသားတွေ၊ အဝေးရောက် ရွာသားတွေကို အချိုးကျ အလှူငွေ ထည့်ဝင်ကြပြီး တရွာလုံး စုပေါင်းလုပ်အားနဲ့ ချက်ပြုတ် ပြင်ဆင်ကြတာမှာ အဓိကဟင်းလျာ ကတော့ ဝက်သားပါ။ နတ်နန်းပေါ်ကို အဓိက ပူဇော်ပသတဲ့ ကန်တော့ပွဲ ၅ ပွဲကို ပြင်တဲ့အခါ ဝက်သားဟင်း၊ ထမင်း၊ ငါးရံ့ခြောက်၊ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း၊ ကောက်ညှင်းရွှေကြည်၊ ရွှေဖရုံသီးဟင်း၊ ငရုတ်သီးကြော်၊ လက်ဖက်၊ ကွမ်း၊ နွားရုပ်၊ ဆင်ရုပ်၊ မြင်းရုပ် ပုံစံလုပ်ထားတဲ့ မုန့်၊ အုန်းသီးဆံ၊ ငှက်ပျော်သီး၊ ဝက်သား ရွှေဖရုံသီးတွေနဲ့ ချက်ထားတဲ့ ဆန်ပြုတ်တွေ ပါပါတယ်။

အရသာ ချိုချိုမွှေးမွှေးရှိတဲ့ အဲဒီ ဝက်သား ဆန်ပြုတ်ကို ဒေသအခေါ် ဗြုန်းစပ်လို့ ထူးထူးခြားခြား ခေါ်ပါတယ်။ ပွဲတင်တဲ့အခါ ဝက်သားတုံး၊ ရွှေဖရုံသီးတုံး၊ မုန့်၊ ကောက်ညှင်းရွှေကြည်၊ အုန်းသီးဆံတွေကို ခုနစ်တုံး၊ ခုနစ်ခု တင်ရတယ်လို့ နတ်ပွဲတင်တဲ့ ရွာလူကြီးတွေက ပြောပြပါတယ်။

“ဝက်သားမတင်တာက ရွှေဖျဉ်းညီနောင် ကိုးကွယ်သူတွေကပဲ မတင်ကြတာ။ မြင်းဖြူရှင် ဘိုးဘိုးကြီးကို ဒီရွာမှာက ဘိုးစဉ်ဘောင်ဆက် တင်လာတာဆိုတော့ ဘာမှမဖြစ်ဘူး။ နတ်ဒိုးတွေ၊ နတ်ကတော်တွေနဲ့လည်း မတင်ဘူး။ တချို့ နတ်ကတော်တွေက လာချင်တယ် ပြောတယ်၊ လာကမယ်ပေါ့။ ကျနော်တို့ကလည်း ခေါ်ပါတယ်။ ဒါပေမယ့် နတ်ကတော်တွေက သူတို့မကြိုက်တာ ပါတော့ မလာဝံ့ဘူး။ ရွှေဖျဉ်းညီနောင်က ဝက်သား မကြိုက်တော့ သူတို့ကို ကိုးကွယ်တဲ့ နတ်ကတော်တွေကျ ဒီမလာဝံ့ဘူးပေါ့” လို့ မအူပင် သာဒွန်းရွာ ဥက္ကဋ္ဌ ဦးအောင်ခင်က ဧရာဝတီကို ပြောပြပါတယ်။

နတ်နန်းပေါ်မှာ ကန်တော့ပွဲပြင်ဆင်ပြီးလို့ တင်ပြီးတဲ့အခါ ပွဲတင်လို့ရပြီ နတ်နန်းကို လာခဲ့ကြတော့လို့ ရွာလူကြီး တွေက ဆော်သြလိုက်တာနဲ့ ရွာလမ်းတလျှောက် တောင်းတွေ၊ ပလုံးတွေ ကိုယ်စီရွက်လို့ အလျှိုအလျှို ထွက်လာကြတဲ့ ရွာသူရွာသားတွေကို တွေ့ရပါတယ်။

နတ်နန်းအခြေကို အရောက်မှာတော့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လင်ဗန်းတွေ၊ အိုးတွေ၊ ခွက်တွေ၊ တောင်းတွေ၊ ပလုံးတွေကို အစီအရီ နေရာတကျ ချကြပါတယ်။ အားလုံး အဆင်သင့် ဖြစ်ချိန်မှာတော့ ရွာကာလသားတွေက နတ်နန်းအောက် ချထားတဲ့ ငှက်ပျောသီးတွေ၊ ဟင်းတွေ၊ ထမင်းတွေ၊ မုန့်တွေ ဗြုန်းစပ်ခေါ်တဲ့ ဆန်ပြုတ်တွေကို ချထားတဲ့ အိုးခွက်တွေထဲ အညီအမျှ ဝေခြမ်းထည့်ပါတယ်။

အားလုံး အဆင်သင့် ဖြစ်ချိန်မှာတော့ မြင်းဖြူရှင် ဘိုးဘိုးကြီးကို ကန်တော့ကြပါတယ်။ အဲဒီနောက်မှာတော့ ကိုယ့်ဆိုင်ရာ အိုးခွက်ပန်းကန်တွေကို တောင်းတွေ၊ စကောတွေထဲ ထည့်လို့ ကိုယ်စီကိုယ်ငှ ရွက်ထမ်းကြရင်း တပျော်တပါး အိမ်ကို ပြန်ကြပြီး နတ်နန်းက စွန့်လာတဲ့ စားသောက်ဖွယ်ရာတွေကို မိသားစု လက်ဆုံ စားကြပါတယ်။

အရင်နှစ်တွေက ကန်တော့ပွဲပေါင်း ၂၅၀ ကျော် တင်လှူခဲ့ပြီး ဒီနှစ်မှာတော့ ကန်တော့ပွဲပေါင်း ၃၂၀၊ ဝက်သား ၄၅ ပိဿာ တင်လှူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘိုးဘွားစဉ်ဆက် ကျင်းပလာခဲ့တဲ့ ဒီပွဲမှာ အဝေးရောက် မအူပင် သာဒွန်း ရွာသားတွေဟာ မဖြစ်မနေ ရွာကို ပြန်လာပြီး ပူဇော်ပသမှုတွေ လုပ်ကြပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင် ရွာ ၇ ရွာက မြင်းဖြူရှင်နတ်ကို မိရိုးဖလာ ကိုးကွယ်လာခဲ့ သူတွေဟာလည်း ပူဇော်ပွဲကို တကူးတက လာရောက်ကြပါတယ်။

မြင်းဖြူရှင် ဘိုးဘိုးကြီး နတ်နန်းမှာ ပူဇော်ပသတာတွေ လုပ်ခြင်းအားဖြင့် ရပ်ရွာအေးချမ်းတယ်၊ တောင်သူတွေ စိုက်ပျိုးရေး၊ စီးပွားရေး အောင်မြင်ပြီး ကောက်ပဲသီးနှံ ပေါများတယ်လို့ ဆိုပါတယ်။ နတ်နန်းက ပြန်စွန့်လိုက်တဲ့ အစားအသောက် တွေကို စားသောက်ခြင်းဖြင့် ကျန်းမာတယ်၊ အန္တရာယ်ကင်း ဘေးရှင်းတယ် လို့လည်း အယူ ရှိကြပါတယ်။

အကယ်၍များ နတ်တင်တဲ့နေ့မှာ ခိုက်ရန်ဖြစ်ပွားတာ၊ ပျော်ပျော်ရွှင်ရွှင် မရှိတာမျိုးများ ဖြစ်ခဲ့ရင် မြင်းဖြူရှင် ဘိုးဘိုးကြီးက ရွာက သီလသမာဓိရှိတဲ့သူကို ဝင်ပူးပြီး သူမကျေနပ်ကြောင်း ပြောပါသတဲ့။ အဲဒီလိုဖြစ်ပြီဆိုရင် နောက်ထပ် ကန်တော့ပွဲ ထပ်လုပ်ပေးရတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒီလိုတကြိမ် ဖြစ်ခဲ့ဖူးတယ်လို့ ရွာသူရွာသားတွေက ပြောပြပါတယ်။

“နတ်ဒိုးတွေ၊ သီချင်းတွေ၊ နတ်ကတော်တွေ၊ နတ်အကတွေ မပါပေမယ့် ရွာသားတွေ စုပြီး ဝယ်ခြမ်းကြ၊ ချက်ပြုတ်ကြ၊ ကန်တော့ပွဲပြီးတော့ အတူတူ စုပေါင်းစားကြနဲ့ဆိုတော့ အားလုံးက ပျော်ပျော်ပါးပါးပဲ။ ကန်တော့ပွဲ ဝေခြမ်းတော့လည်း မမျှတာ၊ မကျေနပ်တာ မရှိခဲ့ဘူး။ ဒါက ရိုးရာပွဲဆိုတော့ တနှစ်မှ မပျက်ခဲ့ဘူး၊ ဘယ်လိုခက်ခဲ ခက်ခဲ ဖြစ်အောင် လုပ်ကြတာပဲ။ ဒါမှ ဘိုးဘိုးကြီးက ရွာကို စောင့်ရှောက်မယ်၊ ကောက်ပဲသီးနှံ ပေါမယ်၊ ဘေးအန္တရာယ် တွေကနေ ကာကွယ်ပေးမယ်” လို့ ရွာအကြီးအကဲ တဦးဖြစ်တဲ့ အသက် ၉၀ အရွယ် အဘိုး ဦးကျော်ခင်က ပြောပြပါတယ်။

ဧရာဝတီ

0 comments:

Post a Comment