COVID 19 ကာကွယ် ထိန်းချုပ်ကုသရေးတွင် ပါဝင်ဆောင်ရွက်ရန် စေတနာ့ဝန်ထမ်းဆရာဝန် ၁၀၀၀ နှင့် အခြားစေတနာ့ဝန်ထမ်း ၁၀၀၀၀ ခန့် မြန်မာနိုင်ငံဆရာဝန်အသင်းသို့ စာရင်းပေးထားကြောင်း အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဧပြီလ ၄ ရက် ညနေပိုင်းက ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားချက်များအရ သိရသည်။
အဆိုပါရောကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ ဒေါက်တာထင်အောင်စောနှင့် ပါမောက္ခ ဒေါက်တာရဲမြတို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဧပြီ ၄ ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်သူ့ဆေးရုံများတွင် ကုသရေးလုပ်ငန်းအပါအဝင် လိုအပ်သည့် ကဏ္ဍများတွင် အားဖြည့်ဆောင် ရွက်ရန် မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်း ဆရာဝန် ၁၀၀၀ နှင့် အခြားစေတနာ့ဝန်ထမ်း ၁၀၀၀၀ ခန့်တို့မှ စာရင်းပေးထားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့သည်။
အလားတူပင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှလည်း မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် ရောဂါကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုများသည် ကောင်းမွန်ကြောင်း၊ အဖျားရောဂါလူနာများ သီးခြားပြသရန် Fever Clinic များနှင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာများတွင် ပါဝင်ဆောင်ရွက်စေလိုကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
Ref : DVB
0 comments:
Post a Comment