Monday, February 20, 2023

မြိုင်မြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းအား အကြမ်းဖက်များက ရှော့တိုက်ဒုံး၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီး

                                    

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းအား အကြမ်းဖက်သမားများက ရှော့တိုက်ဒုံး၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈)ရက်၊ နံနက် (၁၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်မှာ ကန်နီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ အကြမ်းဖက်သမား(၅ဝ)ဦးခန့်က ကျေးရွာ၏ အနောက်မြောက်ဘက် (၁)မိုင်ခန့်အကွာ၌ရှိသော တောအတွင်းမှနေ၍ ရှော့တိုက်ဒုံး၊ လက် လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ပစ်ခတ်ခဲ့ရာ အထက်တန်းကျောင်း စာသင်ဆောင်ပေါ်သို့ ရှော့တိုက်ဗုံးသီး (၁)လုံး ကျရောက်ပေါက် ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ဆောင်တွင်မိုးထားသည့် သွပ် (၂၆) ချပ်၊ မျက်နှာကျက် (၅၃) ချပ်၊ စာရေးခုံ (၂ဝ) လုံးနှင့် ပြတင်းတံခါး (၃) ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်သမားများ ခရိုင်တရားရုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားပါသည်။

အဆိုပါဖြစ်စဉ်မှာ အဆိုပါနေ့ညနေ(၄)နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်တွင် ရှိသော ခရိုင်တရားရုံးအား အကြမ်းဖက်သမားများက ဓာတ်ဆီပုလင်းကိုမီးရှို့၍ ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်များဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မိနစ်(၂ဝ)ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး ခရိုင်တရားရုံး သစ်သားခြံစည်း ရိုး၏ ပေ(၅ဝ)ခန့်မှာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။


NP News

0 comments:

Post a Comment