Sunday, February 26, 2023

ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်/ထွက်မှု ဆက်တိုက်မြင့်တက်နေဟု တရုတ်သံရုံးထုတ်ပြန်

(၂)နှစ်ကျော်အကြာ ပိတ်ထားခဲ့တဲ့ မူဆယ်-ရွှေလီနယ်စပ်ဂိတ် ပြန်လည်ဖွင့်ခဲ့ပြီး တစ်လအကြာမှာ ရွှေလီနယ်စပ်ဂိတ်ကနေ ခရီးသည် ဝင်/ထွက်သွားလာမှု ဆက်တိုက်မြင့်တက်နေတယ်လို့ ယနေ့မှာ တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုထားပါတယ်။
တစ်ရက်အတွင်း အဝင်/အထွက်ခရီးသည် အများဆုံး (၃၅၀၃) ဦး ရှိခဲ့ပြီး ယခုအခါ ဝင်/ထွက်သွားလာခဲ့တဲ့ ခရီးသည်အရေအတွက်က ဦးရေ (၆) သောင်းကျော် ရှိလာပြီလည်း ဖြစ်ပါတယ်။
‘‘အခုဆိုရင် ပြည်ဝင်တဲ့အခါ ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် မရှိကြောင်း စစ်ဆေးမှုရလဒ်နဲ့ သက်တမ်းရှိ ပြည်ဝင်ပြည်ထွက်လက်မှတ် ကိုင်ဆောင်ထားဖို့ပဲ လိုပါတယ်’’လို့ နိုင်ငံခြားကုန်သွယ်ရေးလုပ်ကိုင်သူ ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးမောင်ဝင်းက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး ပိတ်ထားရာကနေ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါ စီမံခန့်ခွဲရေး အဆင့်သတ်မှတ်ချက်ကို A က B ကို လျှော့ချပြီးတဲ့နောက် နှစ်နိုင်ငံကူးသန်းသွားလာခွင့် ရရှိလာခဲ့တာပါ။
“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ပုံမှန်အတိုင်း စီးပွားရေးပြန်လုပ်လို့ရပြီဆိုတော့ ကျွန်တော်တို့ ပိုပြီး စိတ်အားထက်သန်နေတယ်။ အနာဂတ်မှာ ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်’’လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာရှိတဲ့ မူဆယ်-ရွှေလီ နယ်စပ်စစ်ဆေးရေးဂိတ်ကနေ ၂၀၁၉ မှာ လူဦးရေ (၁၇) သန်းခန့် နှစ်နိုင်ငံ ဝင်/ထွက်သွားလာခဲ့ပြီး သွင်းကုန်/ပို့ကုန် ကုန်သွယ်မှုတန်ချိန် (၁၇) သန်းကျော် ရှိခဲ့တယ်လို့ Global Time က ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း တရုတ်- မြန်မာနယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ခရီးသည်တွေ ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝ ပြန်လည်စတင်ခဲ့တယ်လို့ တရုတ်သံရုံးက ပြောကြားထားပါတယ်။
သတင်း - BETV Business

0 comments:

Post a Comment