Tuesday, February 14, 2023

ဖိလစ်ပိုင်မှာ တစ်ကိုယ်တည်းနေတဲ့ မြို့တော်ဝန်က သူ့လို ဝန်ထမ်းတွေကို ချစ်သူများနေ့မှာ ဘောနပ်စ်ပေး

ဖိလစ်ပိုင်နိုင်ငံမှာ အိမ်ထောင်မရှိဘဲ ဘဝတစ်သက်တာ အထီးကျန်နေထိုင်ခဲ့တဲ့ မြို့တော်ဝန်တစ်ဦးဟာ သူနဲ့အလားတူ တစ်ကိုယ်တော်နေကြတဲ့ ဝန်ထမ်းတွေကို ချစ်သူများနေ့အထိမ်းအမှတ်အတွက် ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ အပိုအလုပ်ချိန်တွေအတွက် အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ အပိုလုပ်ခလစာ (ဘောနပ်စ်) သီးခြားချီးမြှင့်ပေးအပ်ကြောင်း သိရပါတယ်။

 ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်ပြည်နယ်ရှိ ဂျနရယ်လုနာ (General Luna) မြို့တော်ခန်းမရှိ အထီးကျန်နှလုံးသားပိုင်ရှင် ဝန်ထမ်းတွေဟာ နောက်ထပ် ၅ နှစ်ကျော်ကြာတဲ့အထိ အခုလို မပြောင်းမလဲဘဲ တစ်ကိုယ်တော်နေထိုင်သွားဦးမယ်ဆိုရင် သူတို့အတွက် ပုံမှန်တစ်ရက်စာလုပ်ခရဲ့ ၃ ဆအထိ ရရှိမယ်လို့ မြို့တော်ဝန် မက်ဖလော်ရီဒိုက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လုပ်ငန်းခွင်အတွင်း ခြေချော်လက်ချော်နဲ့ စိတ်ကူးယဉ်မှု ကင်းစင်တဲ့ ဝန်ထမ်းတွေဟာ မြို့တော်ဝန်က ခွင့်ပြုတဲ့ ဒီတစ်ရက်စာအတွက် လုပ်ခ နှစ်ဆ (ဒါမှမဟုတ်) အနားယူခွင့်ကို ရွေးချယ်နိုင်ကြပါတယ်။

 “ဒီနေ့ သူတို့ဘာတွေ ဖြစ်နေသလဲဆိုတာ ကျနော်သိတယ်။ သူတို့အတွက် ကျနော် ခံစားမိပါတယ်” လို့ မွေးကတည်းက တစ်ကိုယ်တည်းသမားဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ်ရှိ မြို့တော်ဝန် ဖလော်ရီဒိုက ပြောပါတယ်။ 

“ဒီနေ့မှာ ဘယ်သူမှ သူတို့ကို ချောကလက်တွေ၊ ပန်းတွေ လာ မပေးကြဘူး။ ဒါကြောင့် သူတို့ကို ဒီလိုမျိုး မက်လုံးတွေ ပေးဖို့ စိတ်ကူးထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တစုံတစ်ယောက်က သူတို့ကို ဂရုစိုက်တယ်၊ တစ်ယောက်ယောက်က မြတ်နိုးနေတယ်လို့ သူတို့ ခံစားစေချင်လို့ပါ” လို့ ဖလော်ရီဒိုက သူ့အစီအစဉ်ကို ရှင်းပြပါတယ်။

ဖလော်ရီဒိုဟာ ဒေသဆိုင်ရာအာဏာပိုင်တစ်ဦးအနေနဲ့ တကိုယ်ရည် တကာယသမားတွေကို ဘောနပ်စ်သဘောနဲ့ ထပ်ဆောင်းချီးမြှင့်ငွေ ပေးလာတာ ၃ နှစ်ဆက်တိုက်ရှိပါပြီ။ သူ့ရဲ့ မြို့တော်ခန်းမမှာ ဝန်ထမ်း ၂၈၉ ဦးရှိတဲ့အနက် ၃၇ ဦးဟာ ဖလော်ရီဒိုသတ်မှတ်ထားတဲ့အတိုင်း ချီးမြှင့်ငွေပေးဖို့ အရည်အချင်းပြည့်မီကြပါတယ်။

အဲဒီလို အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းတွေကိုတော့ သူတို့အနေနဲ့ နောက်ဆုံးချစ်သူထားခဲ့ချိန်၊ လမ်းခွဲရတဲ့ အကြောင်းအရင်းနဲ့ ဘာကြောင့် တစ်ကိုယ်တည်း နေထိုင်ဖြစ်သွားတာလဲစသည့်မေးခွန်းတွေကိုတော့ မြို့တော်ဝန်က မေးခဲ့ပါတယ်။ သူ့ဝန်ထမ်းတွေထဲက အသက်အကြီးဆုံး ချီးမြှင့်ငွေရရှိသူမှာ ၆၄ နှစ်ရှိပြီဖြစ်ပါတယ်။ 

“ကျနော်တို့မြို့က ကျဉ်းကျဉ်းလေးဆိုတော့ တစ်ယောက်နဲ့တစ်ယောက် လူတိုင်းလိုလို သိနေကြတာဗျ။ ခင်ဗျားတို့ ဘာမှ ဖုံးကွယ်လို့ မရဘူး” လို့ လတ်တလော မြို့ ဝန်းကျင်ကို နာနတ်သီးစိုက်ပျိုးရေး ကြီးကြပ်နေတဲ့ စည်ပင်သာယာရေးအဖွဲ့ရဲ့အကြီးအကဲ၊ မြို့တော်ဝန် ဖလော်ရီဒိုက ရယ်ရယ်မောမောနဲ့ ပြောကြားခဲ့ပါတယ်။ 

သူ့ကိုယ်ပိုင်ငွေကြေးထဲက ဖိလစ်ပိုင်သုံးငွေ ပီဆို ၂၈၀၀၀ (အမေရိကန်ဒေါ်လာ ၅၁၁) ကို ထောက်ပံ့မယ်လို့ ဖလော်ရီဒိုက ပြောကြားခဲ့ပါတယ်။


MyanmaPlatform

0 comments:

Post a Comment