Thursday, February 9, 2023

ဧရာဝတီတိုင်းသည် ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့်အခြေအနေရှိ၍ မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖေဖော်ဝါရီ ၈ ရက်ညနေပိုင်းက တွေ့ဆုံ၍အမှာစကားပြောကြားရာ၌ ဧရာဝတီတိုင်းသည် စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့်တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံကောင်းမွန်သည့် အခြေအနေတွင်ရှိနေပြီး ကျေနပ်ဖွယ်ရာကောင်းကာ မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။
ဧရာဝတီတိုင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက်အောင်ကြိုးစားဆောင်ရွက်ပေးကြစေလိုပြီး ထိုသို့ဆောင်ရွက်စေခြင်းမှာ တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ဝင်ငွေများတိုးပွားလာမှုမှအစပြု၍ ဒေသတွင်း နေထိုင်သူများအားလုံး၏ ဝင်ငွေများ ယခင် ထက်တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်းလည်ပတ်သုံးစွဲငွေများပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာနိုင်စေရန်အတွက်ဖြစ်သည်ဟု ဆိုသည်။
"အထွက်နှုန်းပိုကောင်းပြီး ပြည်ပနိုင်ငံတွေကိုပါ တင်ပို့နိုင်မယ်ဆိုရင် နိုင်ငံတော်ရဲ့ စီးပွားရေးအားလည်း တိုးတက်ကောင်းမွန်လာမှာပါ နိုင်ငံတော်က အခွန်ငွေတွေပိုရလာနိုင်မှာပါ နိုင်ငံတွင်းလည်ပတ်သုံးစွဲငွေတွေပိုများလာရင် နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း ပိုမိုဖော်ဆောင်နိုင်မှာပါ"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် ဒေသတွင်းစီးပွားရေးပိုမိုကောင်းမွန်စေရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ရုံးလုပ်ငန်းများကိုလည်း စည်းကမ်းစနစ်တကျဖြင့် စေတနာထားဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့်ပြည်သူများကြားပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ဌာနများဖြစ်၍ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးရမည်ဖြစ်ကာ ပြည်သူ့အကျိုးနှင့်ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံရမည်ဟု မှာကြားသည်။
အစိုးရမှ နိုင်ငံ့ဝန်ထမ်းများ၏ နေရေးအထောက်အကူဖြစ်စေရန်အတွက် လိုအပ်သည့်ဖြည့်ဆည်းပေးမှုများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးထားကာ မိမိတို့ဆောင်ရွက်ပေးသည့် သက်သာ ချောင်ချိမှုသည် ပြည့်စုံသည်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေမည်ဖြစ်၍ လုပ်ငန်းတာဝန် ထမ်းဆောင်မှုများတွင် ပိုမိုအကျိုးဖြစ်ပေါ်လာစေမည်ကို ယုံကြည်သည်ဟုလည်း ပြောသည်။
ဧရာဝတီတိုင်းသည် ကျောင်းတက်ရောက်သူဦးရေအများဆုံး၊ကျောင်းနေထိုင်မှုနှင့်အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်းအား စိုက်ပျိုးရေးတွင် စံပြဖြစ်အောင်ဆောင်ရွက်စေလိုပြီး အခြားတိုင်းနှင့် ပြည်နယ်များက စံထားအတုယူရသည်အထိ ဖြစ်အောင်ဆောင်ရွက်ကြစေလိုသည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
"မိမိအနေနဲ့လည်း ဧရာဝတီတိုင်းရဲ့ ဆောင်ရွက်ချက်အားလုံးကို အသိအမှတ်ပြုအားပေးပါတယ်၊ဆက်ပြီး ကြိုးစားအားထုတ်သွားကြစေလိုပါတယ်"ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Popular

0 comments:

Post a Comment