Wednesday, February 15, 2023

လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခု ခွင့်ပြု

ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခုကို ခွင့်ပြုလိုက်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုရဲ့ မတည်ငွေရင်း တိုးမြှင့်တာအပါအဝင် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ လျှပ်စစ်လုပ်ငန်းတွေထဲမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ငန်းတွေရဲ့ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၆၃၄ သန်း နဲ့ ကျပ်သန်းပေါင်း ၉၈၀၀၀ ကျော်ရှိပြီး အလုပ်အကိုင် ၁၃၀၀ ကျော်ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ထိ ပြည်ပ ၅၂ နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံမှုရှိပြီး စင်ကာပူနိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားကာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကလည်း အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံမှုရှိတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်တဲ့ လုပ်ငန်းကဏ္ဍတွေကတော့ လျှပ်စစ်ကဏ္ဍ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍနဲ့ စက်မှုကဏ္ဍတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံကြပြီး လျှပ်စစ်ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈ ရာခိုင်နှုန်းကျော်၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာ ၂၄ ရာခိုင်နှုန်းကျော်နဲ့ စက်မှုကဏ္ဍမှာ ၁၄ ရာခိုင်နှုန်းကျော်ဖြစ်တယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment