Monday, February 20, 2023

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွေပြန်ဖွင့်ပြီးနောက် ထိုင်းခရီးသွားတွေ မြန်မာ ကို ပိုမိုလာရောက်လည်ပတ်စေဖို့ ညှိနှိုင်းနေ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွေ ပြန်လည်ဖွင့်လှစ်ပြီးနောက် ထိုင်းခရီးသွားကို မြန်မာကို ပိုမိုလာရောက်လည်ပတ်စေဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရပါတယ်။

နယ်စပ်ဖြတ်ကျော် လက်မှတ်နဲ့ သွားလာရတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် ၁ တံတားပိတ်ထားခဲ့တာကြောင့် နှစ်နိုင်ငံခရီးသွားတွေက တရားမဝင်တဲ့နည်းတွေနဲ့ ကူးသန်းသွားလာနေခဲ့ကြပြီး တံတားပိတ်ထားခဲ့တဲ့ ၃နှစ်ကျော်ကာလအတွင်းမှာလည်း လူကုန်ကူးမှုတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တံတားတွေပြန်ဖွင့်ချိန်မှာ ထိုင်းခရီးတွေ မြန်မာကို ပိုမိုလာရောက်လည်ပတ်လာဖို့ ခရီးသွားလုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

ကိုဗစ်ရောဂါနဲ့အတူ နယ်စပ်မတည်ငြိမ်မှုတွေကြောင့် ၃နှစ်နီးပါးကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ဇန်နဝါရီ ၁၂ ရက်နေ့နဲ့ မယ်ဆိုင်-တာချီလိတ်တံတားကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ထိုင်းခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံက ခရီးစဉ်တချို့ကို လာရောက်လည်ပတ်ဖို့ စိတ်ဝင်စားနေတယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအသင်းက ဆိုထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ ရနောင်းမြို့မှ တာဝန်ရှိသူတွေ လာရောက်ကာ ခရီးသွားလုပ်ငန်းတိုးမြှင့်သွားဖို့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းခရီးသွားတွေကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းတွေနဲ့ မလိဝမ်းရေတံခွန်လိုနေရာတွေကို လာရောက်လည်ပတ်နိုင်ဖို့ Deep Diving, Scuba Diving တွေ ခွင့်ပြုပေးဖို့ ထိုင်းနိုင်ငံဘက်က ဆွေးနွေးတောင်းဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံဘက်က Border Pass တွေနဲ့ လာရောက်လည်ပတ်နေကြပေမယ့် ပတ်စ်ပို့နဲ့ လာရောက်လည်ပတ်လို့ မရသေးလို့ ထိုင်းခရီးသွားလာရောက်လည်ပတ်မှုအတော်နည်းနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment