Tuesday, February 14, 2023

၁၉ရက်အတွင်း စစ်ကောင်စီရဲ့ ရွေး/ကော်ထံ ကြံ့ခိုင်ရေးပါတီအပါ နိုင်ငံရေးပါတီ ၄ပါတီသာ မှတ်ပုံတင်ခွင့်လျှောက်ထား

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဌာန်းပြီးနောက် ၁၉ ရက်အတွင်း နိုင်ငံရေးပါတီ ၄ ပါတီသာ လာရောက်လျှောက်ထားသေးတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

စစ်ကောင်စီက ဇန်နဝါရီလ ၂၆ရက်နေ့ကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ကြဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

ထိုသို့ ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ဖို့ ထုတ်ပြန်ခဲ့ရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီတို့ကလည်း နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်အထိ နိုင်ငံတစ်ဝန်းမှာ နိုင်ငံရေးပါတီ စုစုပေါင်း ၉၁ပါတီရှိခဲ့ရာ ယခုလက်ရှိအချိန်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၄ပါတီသာ ရှိသေးတာလည်းဖြစ်ပါတယ်။

TMA

0 comments:

Post a Comment