Sunday, February 26, 2023

လူနည်းစုအကျိုးစီးပွားကို အားပေးခြင်းမရှိဟု နစကခေါင်းဆောင်ပြော

မိမိတို့အနေနဲ့ လူနည်းစုရဲ့ အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူအများစုဖြစ်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
‘‘ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း အလေးထား ဆောင်ရွက်ကြရန် လိုပါတယ်’’လို့ နစကခေါင်းဆောင်က အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးပြီးချိန် အသစ်ထပ်မံ ဖွဲ့စည်းတဲ့ ကောင်စီဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း အသိပေးခဲ့ပါတယ်။
အရေးပေါ်ကာလ သက်တမ်းတိုးခဲ့ရာ တွေ့ရှိရတဲ့ ဝေဖန်မှုများ၊ တုံ့ပြန်ချက်တွေနဲ့ လိုအပ်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ပြီး တွေ့ရှိချက်တွေအရ ‘ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်’ ဆိုတဲ့ အချက်တစ်ချက်က အဓိကပါဝင်နေတယ်လို့ ဆိုပါတယ်။
နစကခေါင်းဆောင်က ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ခြင်း၊ ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှု၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ စတဲ့ သွင်းအားစုတွေရဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်ခြင်းနဲ့ လုပ်သားရှားပါးခြင်းတွေကြောင့် ထုတ်ကုန်တွေ ဈေးနှုန်းမြင့်တက်တာလို့ ပြောပါတယ်။
လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိတဲ့ နိုင်ငံဖြစ်လို့ စက်သုံးဆီဈေးတက်လာချိန်မှာ လျှပ်စစ်ဓာတ်အားခလည်း မြင့်တက်လာတာကို တွေ့ရပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပေမယ့် ပစ္စည်းပြတ်လပ်မှု မရှိခဲ့ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
နိုင်ငံ့ဝင်ငွေ တိုးတက်စေရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေပြီး ဒါမှပဲ ကုန်ဈေးနှုန်းကျဆင်းလာမှာဖြစ်ကာ မိမိတို့အနေနဲ့ ကုန်ဈေးနှုန်းကျဆင်းစေဖို့ တက်နိုင်သမျှ ဆောင်ရွက်နေတယ်လို့ နစကခေါင်းဆောင်က ဆိုထားပါတယ်။
သတင်း - BETV Business

0 comments:

Post a Comment