Thursday, February 9, 2023

ပြည်ထောင်စုနေ့အတွက် ပြည်လမ်းပိုင်း နှစ်ရက်ပိတ်မည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

ပြည်ထောင်စုနေ့အတွက် ပြည်လမ်းပိုင်းသုံးရက်ကြာ ပိတ်ထားမည်ဖြစ်ပြီး ယနေ့နံနက်မှစတင်ကာ မြေနီကုန်း ကုန်းကျော်တံတားကိုလည်း ယာယီပိတ်ဆိုခဲ့သဖြင့် မြေနီကုန်းအနီးတဝိုက်မှ စတင်ယာဥ်ကြောပိတ်ဆို့နေသည်ဟု သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့ရင်ပြင်နှင့်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့အခမ်းအနားအား ပြည်သူ့ရင်ပြင်ရှေ့ လွှတ်တော်ဝင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၂ ရက်နေ့များတွင် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည် ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်ဘက်သို့ မောင်းနှင်လာသောယာဉ်များသည် မြေနီကုန်းမီးပွိင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များသည် ပြည်ထောင်စု ရိပ်သာလမ်းဘက်သို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတဆင့် အောက်ကြည့်မြင်တိုင် လမ်းသို့လည်းကောင်း ပြောင်းလဲမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။
သို့သော် ယနေ့နံနက်မှစတင်ကာ မြေနီကုန်းကုန်းကျော်တံတားအား ယာယီပိတ်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင်မှ ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
“မနက်က ကုန်းကျော်တံတားလည်း အတက်မခံဘူး။ ပြည်ထောင်စုနေ့အတွက် ပြည်လမ်းပိုင်းရော ဗဟိုလမ်းဘက်ရော လမ်းပိုင်းတွေ ပိတ်ထားတာတွေ့ခဲ့ရတယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ယနေ့နံနက် ရုံးသွားချိန် တွေ့ကြုံရပုံကို ပြော သည်။
၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပနေစဥ်အတွင်း အဆိုပါလမ်းပိုင်းများ ခေတ္တပိတ်ထားမည်ဖြစ်သော်လည်း အခမ်းအနားများ ကျင်းပအပြီး ပြန်ဖွင့်မည်ဖြစ်သကဲ့သို့ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချမှုကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်သည်။

ပုံစာ။ ပြည်လမ်းပိုင်းအနီးတဝိုက် ယနေ့ နေ့လည်မြင်ကွင်းအချို့

0 comments:

Post a Comment