Sunday, February 26, 2023

ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်များ နုတ်ထွက်ပေးရေးကိစ္စ ပွင့်လင်းရင်းနှီးစွာဆွေးနွေးရန်လို

နိုင်ငံရေးဦးဆောင်မှုအကြပ်အတည်းနှင့် ခေါင်းဆောင်မှုပြဿနာမှ ရုန်းထွက်နိုင်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ-KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဖွဲ့လုံးက တာဝန်ခံသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်အရပ်ဖက်အဖွဲ့အစည်း ၆၈ ဖွဲ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တောင်းဆိုကြသည်။
ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ကေအဲန်ယူ၏ဖွဲ့စည်းပုံပါ စည်းမျည်းစည်းကမ်းအတိုင်း ဆောင်ရွက်နေသလို ချိုးဖောက်မှုများနှင့် ကိုင်တွယ်ဖြေရှင်းစရာကိစ္စရပ်များ ပေါ်ပေါက်လာပါက ဖွဲ့စည်ပုံအတိုင်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် တောင်းဆိုချက်ပေးစာနှင့်ပတ်သက်ပြီး ပွင့်လင်းရင်းနှီးစွာ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ကေအဲန်ယူအထွေထွေအတွင်းရေးမှူး စောတာဒိုမူးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်ဖိတ်ခေါ်လိုက်သည်။
ကရင်ပြည်နယ်မှ လောင်းကစားစီမံကိန်းချို့တွင် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ကာကွယ်ရေးဌာနရဲဌာနမှူး ပဒိုစော‌ရောဂျခင်သည် ပတ်သက်ဆက်နွယ်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း၊ လူထုကို အသိပေးချပြခြင်းမရှိ ခေါင်းဆောင်များ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခြင်းဖြစ်သည်။
ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Thai PBS ၏ ဖော်ပြချက်အရ ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် နီးသည့် နောက်ထပ်စီမံကိန်းတစ်ခုဖြစ်သော ဟွမ်သာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျခင်က ခွင့်ပြုခဲ့ကြောင်းလည်း တောင်းဆိုချက် ပေးစာတွင်ဖော်ပြထားသည်။
KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ နားလည်မှု၊ အခွင့်အာဏာမပေးဘဲ ပဒိုစောရောဂျာခင်အနေဖြင့် မိမိတစ်ဦးတည်းဆန္ဒဖြင့် ယင်းစီမံကိန်းကို ခွင့်ပြုချက်မပေးနိုင်ဟုဆိုသည်။
အဆိုပါစီမံကိန်းတွင် နိုင်ငံတကာပြစ်မှုမြောက်သည့် လောင်းကစား၊ လူကုန်ကူးမှု၊ လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ဒုစရိုက်လုပ်ငန်းတွင်ပါဝင်နေသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များက ငွေမည်းခဝါချမှုလုပ်ငန်းပါဝင်နေ၍ ယခုစီမံကိန်းသည် KNU ၏ မူဝါဒ၊ နိုင်ငံရေးရပ်တည်ချက်၊ ဥပဒေစည်းမျဉ်းများကို ဆန့်ကျင်နေသည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ကာကွယ်ရေးဌာနရဲဌာနမှူး ပဒိုစော‌ရောဂျခင်အနေဖြင့် ယင်းကဲ့သို့ စီမံကိန်းများနှင့် မည်သို့မျှပါဝင်ပတ်သက်ခြင်းမရှိသလို မည်သည့် တရားမဝင်လောင်းကစားလုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ရာဇဝတ်မကင်းသည့် လုပ်ငန်းများကို လုံးဝလက်ခံလိမ့်မည်မဟုတ်ကြောင်း ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်တုံ့ပြန်ထားသည်။
အိတ်ဖွင့်ပေးစာကိုလက်မှတ်ရေးထိုးသည့်ကရင်အဖွဲ့အစည်းများသည် အမေရိက၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံမှ အဖွဲ့အစည်းများဖြစ်သည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူလေးတပ်မတော် (KTLA) တို့အကြား အချိန်ကြာမြင့်စွာ စစ်ရေးတိုက်ခိုက်မှုတင်းမာလျက်ရှိနေပြီး အချင်းချင်းတိုက်ခိုက်မှုရပ်ဆိုင်းရန်နှင့် သေနတ်ပြောင်းဝများကို စစ်ကောင်စီဘက်သို့ လှည့်ရန် အဝေးရောက် ကရင်တိုင်းရင်းသားများကွန်ရက်ဖြစ်သည့် နိုင်ငံတကာ ကရင်တိုင်းရင်းသားအဖွဲ့ချုပ် (IKO) က တောင်းဆိုလိုက်သည်။

ဓါတ်ပုံ - Karen National Union Calendar
Western News (WN)

0 comments:

Post a Comment