Tuesday, February 14, 2023

ပုဂ္ဂလိကဆေးရုံအသစ်တွေလိုင်စင်ချပေးဖို့ကွင်းဆင်းစစ်ဆေးနေတယ်လို့ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်းမှာယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံ၂၇၀ ကိုလိုင်စင်ချထားကာဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ဖို့ လိုင်စင်လျှောက်ထားတဲ့ ပုဂ္ဂလိကဆေးရုံအသစ်တွေ လိုင်စင်ချပေးဖို့  ကွင်းဆင်းစစ်ဆေးနေပြီလို့ ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောကြားလိုက်ပါတယ်။

ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ အစည်အဝေးမှာ ပုဂ္ဂလိကဆေးရုံအသစ်တွေဖွင့်လှစ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးကပြောကြားလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းမှာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ်ကြပ်မတ်နေတာရှိနေပြီး လိုင်စင်အသစ်လျှောက်ထားတဲ့အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင်ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားတဲ့ ကျန်းမာရေးဌာနက အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိတဲ့အတွက် ဆေးရုံသစ်ဖွင့်ဖို့လိုင်စင်လျှောက်ထားတဲ့လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းကာလမှာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေကို ခေတ်နဲ့အညီဝန်ဆောင်မှုတွေလုပ်နိုင်စေဖို့ ကျောက်ကပ်အစားထိုးခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနဲ့ဆေးသွင်းလုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံတွေမှာ ဆောင်ရွက်ပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်ပေးမယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံ လုပ်ငန်းရှင်များအသင်းကလည်း လာမယ့်ကာလတွေမှာ ပုဂ္ဂလိကဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဖို့ လိုင်စင်လျှောက်ထားတဲ့သူတွေရာချီရှိနေတယ်လို့ အသင်းတာဝန်ရှိသူက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။


MyanmaPlatform

0 comments:

Post a Comment