Thursday, February 9, 2023

အင်ဒိုနီးရှားက စစ်ဗိုလ်ချုပ်ကြီးဟောင်း ၁ ဦးကိုစေလွှတ်ပြီး မြန်မာ့အရေးဆောင်ရွက်မည့်ကိစ္စ မအောင်မြင်နိုင်ဟု လေ့လာသူများသုံးသပ်

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို နားချဖို့  အင်ဒိုနီးရှားနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးကို ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ စေလွှတ်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ရှေ့မတိုးနိုင်ဖြစ်နေတဲ့ မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှား ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးဟောင်းတယောက်ကို မြန်မာပြည်သို့ စေလွှတ်သွားမယ်လို့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့အပတ်က ပြောဆိုထားတာပါ။

အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးကာလမှာ အရေးပါခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သလို အခုချိန်မှာ အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ မစ္စတာပန်ဂျိုင်တန်ကို မြန်မာပြည်သို့ စေလွှတ်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အခုလိုမျိုး စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်ကို လွှတ်ဖို့စီစဉ်တာဟာ မြန်မာစစ်တပ်အနေနဲ့ အင်ဒိုနီးရှားစစ်တပ်လိုပဲ နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ခွာသွားဖို့အတွက် နားချချင်တဲ့သဘောလို့ သုံးသပ်ကြပါတယ်။

ဒါပေမဲ့ မြန်မာစစ်ကောင်စီက အဲဒီလိုမျိုး လိုက်နာပါမယ်ဆိုရင်တောင် တစ်ဖက်အင်အားစုတွေအနေနဲ့ ယုံကြည်လက်ခံဖို့ ခက်ခဲတာကြောင့် အောင်မြင်မှုရမယ် မထင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စင်ကာပူအမျိုးသားတက္ကသိုလ်က ကိုကြည်စင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအင်ဒိုနီးရှားနိုင်ငံက ဒီလို အသွင်ကူးပြောင်းရေးကို လုပ်ခဲ့တုန်းက နိုင်ငံရေးတည်ငြိမ်မှုလည်း ရှိတယ်။ စစ်တပ်အနေနဲ့လည်း တဆင့်ချင်း စွန့်ခွာသွားတာ ဖြစ်တယ်ပေါ့။ မြန်မာနိုင်ငံမှာကျတော့ စစ်တပ်က တဆင့်ချင်း စွန့်ခွာနေတဲ့အနေအထားကနေပြီးတော့ ပြန်ပြီးတော့ အာဏာပြန်သိမ်းလိုက်တဲ့အခါကျတော့ ဒီတဆင့်ချင်း စွန့်ခွာတဲ့အနေအထားကို ပြန်သွားမယ်ဆိုရင်  တခြားသောနိုင်ငံရေးအသိုင်းအဝိုင်းက အထူးသဖြင့် စစ်တပ်ကို မနှစ်သက်တဲ့၊ စစ်တပ် ဦးဆောင်တဲ့ နိုင်ငံရေးကိုမနှစ်သက်တဲ့ နိုင်ငံရေးသမားတွေအနေနဲ့ စစ်တပ်ကို ယုံကြည်လာဖို့က အရမ်းခက်ခဲတဲ့ အနေအထားမှာရှိတယ်ဆိုတော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သူ့ရဲ့ နည်းနာတွေကို ပြန်ပြီးတော့ ပြောပြရင်တောင်မှ မြန်မာစစ်တပ်က လိုက်လုပ်နိုင်မယ်လို့တော့ ကျနော် မထင်မိဘူးဗျာ။” 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း အင်ဒိုနီးရှားအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန်မှာ ချဉ်းကပ်မှုအသစ်တစ်ခုကိုလုပ်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရင်းခံပြဿနာဟာ စစ်အာဏာရှင်အမြစ်ပြတ်မှသာ အောင်မြင်မှာဖြစ်လို့ ဘယ်လိုပဲကြိုးစားကြိုးစား ထိရောက်မှုရှိလာဖို့  မရှိဘူးလို့ သုံးသပ်ပြောပါတယ်။

“ကျမကတော့လေ စစ်ကောင်စီနဲ့ပတ်သက်လို့ ဘေးက နိုင်ငံတကာက လုပ်တာတွေလည်း လုပ်တာပေါ့နော်။ ဒါပေမဲ့ဘာမှ အလုပ်သိပ်ဖြစ်မယ်လို့ မထင်ဘူး။ သူတို့ကတော့ မရောင်ရာဆီလူးပဲ။ အဲတော့ အာဆီယံက ဘာမှမလုပ်ဘူးလို့ အပြောခံရမှာစိုးလို့ သူတို့လည်း နည်းနာတော့ရှာပြီးတော့ လုပ်နေတာပဲ။ အဓိက ကျမတို့အားလုံးက ဒီဟာတွေရဲ့ နောက်ကို ကျမတို့က လိုက်စရာမလို့ ကျမ မြင်တယ်။ ဒါတွေက နိုင်ငံတကာမှာ သူတို့ပြောချင်တဲ့သတင်း၊ ဆိုချင်တဲ့သတင်း လွှင့်ချင်ရာလွှင့်နေတာ။”

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့  စစ်ကောင်စီက တချက်မှ လိုက်နာလုပ်ဆောင်ခြင်းမရှိလို့  အောင်မြင်မှုတော့ မရရှိသေးပါဘူး။

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံး ညီညွတ်ဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။


DVB

0 comments:

Post a Comment