အောက်တိုဘာ 
၁၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာ 
ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ရှင်းလင်း 
ပြောကြားစဉ်
နိုင်ငံခြား ခရီးသွားများနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများ 
ဝင်ရောက်မှု အဟန့်အတားဖြစ်စေရန် ကျပ်ငါးသိန်းနှင့် ရွှေလုပ်ကွက် ပေးမည်ဟု 
ပြောဆိုစေခိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် 
ပတ်သက်၍ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီတွင် ရန်ကုန်တိုင်း 
ဒေသကြီး အစိုးရ အဖွဲ့ရုံး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တောင်ငူ၊ ဖြူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း 
ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ 
ဗုံးတွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များကို KNU အဖွဲ့၏ စီးပွားရေး တာဝန်ခံအဖြစ် 
ဆောင်ရွက်နေသော နေတိုးဆိုသူက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ကျူးလွန်သူ 
စောမြင့်လွင်အား စစ်ဆေးချက်အရ ပြန်လည်ထွက်ဆိုမှုကို မြန်မာနိုင်ငံ 
ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ အတွင်းရှိ နိုင်ငံခြားသားများ ၀င်ရောက်စားသောက် 
တည်းခိုလေ့ရှိသည့် WESTERN PARK RUBY စားသောက်ဆိုင်၊ ကုန်သည်ကြီးများ 
ဟိုတယ်နှင့် ဖြူး၊ တောင်ငူဖြစ်စဉ်တို့တွင် ဗုံးဖောက်ခွဲရန် ငွေကျပ် 
ငါးသိန်းဖြင့် ခိုင်းစေခဲ့ပြီး လုပ်ငန်းများ အောင်မြင်ခဲ့ပါက ရွှေတူးဖော်ရေး
 လုပ်ငန်းတစ်ကွက်ကို ပေးဆောင်မည် ဟုလည်း နေတိုးက စောမြင့်လွင်ကို 
ပြောကြားထားခဲ့ကြောင်း ရဲစစ်ဆေးချက်အရ သိရသည်။
ထို့အပြင် နေတိုးက မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း 
ဒေသကြီးတို့တွင် ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များကို ၎င်းကိုယ်တိုင် 
ပြုလုပ်ခဲ့ကြောင်း စစ်ဆေးချက်နှင့် အထောက်အထားများအရ သိရသည်။
''အဓိက ဒီဖြစ်စဉ်တွေကို ကျူးလွန်ရတဲ့ အကြောင်းရင်းကတော့ ပြည်ပက 
ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ဖို့ စစ်ဆေးချက်အရ သိရတယ်။ ဒီဖြစ်စဉ်တွေ 
မဖြစ်ခင်က ကြိုတင်သတင်းရရှိမှု လုံးဝမရှိခဲ့ပါဘူး။ ဖမ်းမမိသေးတဲ့ 
နေတိုးကိုလည်း KNU အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်။ 
တိုင်းနဲ့ပြည်နယ် တစ်ခုချင်းစီက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ရရှိခဲ့တဲ့ 
အချက်အလက်တွေကို စုစည်းပြီးတော့ စုံစမ်းစစ်ဆေးတဲ့ အခါမှာတော့ ဒီကွင်းဆက်ကို
 ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့တာပါ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် 
ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
သတင်းစာ 
ရှင်းလင်းပွဲတွင် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် 
ပတ်သက်သည့် မှတ်တမ်း ဓာတ်ပုံများကို ပြသထားစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု 
ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးရရှိခဲ့တဲ့ အခြေအနေ၊ 
ထွက်ပြေး လွတ်မြောက်နေဆဲ သံသယရှိသူများ၏ အခြေအနေ၊ ၎င်းဆက်စပ် သံသယရှိသူများကို
 ဒီကနေ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး အထူးသတင်းပေး တင်ပြလိုတာကတော့ 
ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သံသယရှိသူများကို ဆောင်ရွက်မှုများ 
ကျွန်တော်တို့ အနေနဲ့ အဖွဲ့အစည်း တစ်ခုခု၏ အမည်များကို ထည့်သွင်းတင်ပြ 
ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းများ၏ အမည်ကို ထည့်သွင်းပေးရခြင်းရဲ့ 
ရည်ရွယ်ချက်ကတော့ သံသယရှိသူများ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာ 
သိရှိစေဖို့ အတွက်ပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းများ၏ အမည်များကို 
ရည်ညွှန်းထည့်သွင်း ပြောကြားခြင်းကြောင့် အတွက် ယခုဖောက်ခွဲမှုများမှာ 
တာဝန်ရှိတယ်လို့ ပြောဆိုခြင်း မဟုတ်ကြောင်း အသိပေး လိုပါတယ်'' ဟု အဆိုပါ 
သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ 
ဦးရဲထွဋ်က ပြောကြားသည်။
''နိုင်ငံတော်အတွင်း တိုင်းဒေသကြီး အသီးသီးမှာ တရားဥပဒေစိုးမိုးရေး၊ 
တည်ငြိမ်မှု ပျက်ပြားစေရေး၊ ပြည်သူများ အထိတ်တလန့် ဖြစ်စေရေး မသမာသူများ 
အောက်တိုဘာလ အတွင်းမှာ ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြတယ်။ အထူးသဖြင့် 
ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုများကို 
ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်ခဲ့ရာမှ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ 
မိုင်းရှင်းလင်းပြီး အန္တရာယ်မဖြစ်အောင် ဆောင်ရွက်နိုင်မှု လေးကြိမ်၊ 
စုစုပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းအရေအတွက် ၁၀ လုံးဖြစ်ကြောင်း 
နှင့် ဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ 
ရရှိခဲ့ကြောင်း သိရပါတယ်'' ဟု ရဲချုပ်က ထည့်သွင်း ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်များ အနက်မှ ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ ရှစ်ဦးကို 
ဖမ်းဆီးစစ်ဆေးနေပြီး မပေါက်ကွဲသေးသည့် ဗုံးဆယ်လုံးကို 
ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲချုပ်က ပြောကြားသည်။
ဆက်လက်၍ ရဲချုပ်က ''ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်အောင် လုပ်ခဲ့ပေမယ့် 
ဒီဖြစ်စဉ်က ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်နိုင်စေလောက်တဲ့ ပြဿနာ 
မဟုတ်ဘူး။ ဒီလိုပြုလုပ်သွားတဲ့ အကြောင်းအရာ တွေကိုလည်း ဒီထပ်ပိုပြီးတော့ 
စုံစမ်းစစ်ဆေးသွားမယ်။ လာမယ် တနင်္လာနေ့က စပြီးတော့ ဆီးဂိမ်းပြိုင်ပွဲမှာ 
နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ တည်းခိုမယ့် ဟိုတယ်တွေက ၀န်ထမ်းတွေကို 
လုံခြုံရေးသင်တန်းတွေ ပို့ချသွားပါမယ်'' ဟု ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
| လက်ရှိရရှိပြီး ဖြစ်သည့် ငြိမ်းချမ်းရေး အခြေအနေများအား လိုလားမှုမရှိသည့် တပ်ဖွဲ့ဝင်အချို့၏ ဆောင်ရွက်မှုသာ ဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ခိုင်လုံသည့် အထောက်အထားများ ပိုမိုရရှိအောင် ဆက်လက် ဖော်ထုတ်သွားမည်ဟု... | 
ထို့အပြင် နေတိုးသွားရောက်ခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် 
ပုပ္ပားဒေသ အတွင်းကိုလည်း စုံစမ်းစစ်ဆေးမှုများနှင့် မိုင်းရှင်းလင်းမှု 
များကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း ရဲချုပ်က ပြောကြားသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို 
နိုင်ငံခြား သံရုံးများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး 
အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက် 
ခဲ့ကြကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် စောမြင့်လွင်(ခ)မောထမှာ KNU တပ်ဖွဲ့တွင် ငါးနှစ်တာဝန်
 ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် KNU တပ်ဖွဲ့မှ ထွက်ခဲ့ကာ ဦးမြဖူး၏ 
ရွှေတူးဖော်ရေး ကုမ္ပဏီတွင် ဦးမြဖူး၏ တပည့်အဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၃ 
ခုနှစ် စက်တင်ဘာ၌ ဗိုလ်နေတိုးက တောင်ပေါ်သို့ခေါ်၍ မိုင်းထောင်သင်တန်း 
သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား၊ 
ကုန်သည်ကြီးများ ဟိုတယ်၊ တရုတ်စားသောက်ဆိုင် တို့အား ဗုံးခွဲရန် 
မိုင်းနှစ်လုံးနှင့် ငွေငါးသိန်းပေးကာ အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီတွင် 
ကားဖြင့် ဘီးလင်းမှ ထွက်ခွာလာခဲ့ကြောင်း၊ ပဲခူးရှိ ဦးသိန်းဝင်းထံ 
ငွေနှစ်သိန်း ၀င်ယူကာ ယင်းနေ့မွန်းလွဲ ၃ နာရီခန့်တွင် ကုန်သည်ကြီးများ 
ဟိုတယ်(၉)လွှာ၊ အခန်း(၉၂၁)၌ တည်းခဲ့သည်။ အောက်တိုဘာ ၁၃ ရက် နံနက် ၃ နာရီတွင်
 မိုင်းထောင်ပြီး နံနက် ၆ နာရီခန့်တွင် ဟိုတယ်မှ ထွက်ခွာခဲ့ကာ 
ရန်ကုန်မြို့အတွင်း လျှောက်လည်ခဲ့ကြောင်း၊ ည ၇ နာရီခွဲခန့်တွင် WESTERN 
PARK RUBY စားသောက်ဆိုင် စားပွဲအမှတ်(၁၉) စားပွဲအောက်၌ မိုင်းတစ်လုံး 
ထောင်ထားခဲ့ကာ ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ဆိုင်မှထွက်ခွာခဲ့ကြောင်း 
သိရသည်။ ဆက်လက်၍ ပဲခူးသို့ ပြန်ခဲ့ကာ ည ၁၁ နာရီခွဲခန့်တွင် ပဲခူးရှိ 
ဦးသိန်းဝင်းနေ အိမ်ရှိခဲ့ပြီး ဗိုလ်နေတိုးနှင့် ယင်းအိမ်၌ တွေ့ခဲ့ကြောင်း၊
 အောက်တိုဘာ ၁၄ ရက်နံနက် ၇ နာရီခန့်တွင် ဗိုလ်နေတိုး မောင်းနှင်သည့် Mark-X
 ယာဉ်ဖြင့် ဇော်လတ်မောင်တို့နှင့်အတူ ဘီးလင်းသို့ ပြန်ခဲ့ကာ ဦးမြဖူး၏ 
ဂိုဒေါင်၌ ညအိပ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခဲ့တွင် 
ဘီးလင်းမြို့ပေါ်၌ ဆိုင်ကယ်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်း 
ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ စစ်ဆေးချက်အရ သိရသည်။
ရန်ကုန်၊ 
မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြူးမြို့နယ်များတွင် ဖြစ်ပွားခဲ့သော 
ပေါက်ကွဲမှု ဖြစ်စဉ်များအပေါ် ဖော်ထုတ်ရရှိမှုကို ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားစဉ်
အောက်တိုဘာ ၉ ရက် ဖြူးမြို့နယ်၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်၊ အောက်တိုဘာ ၁၁ 
ရက် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဖြစ်စဉ်၊ အောက်တိုဘာ ၁၃ ရက် 
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ဖြစ်စဉ်နှင့် သာကေတမြို့နယ် 
၃/မာန်ပြေရပ်ကွက် ဖြစ်စဉ်များတွင် အသုံးပြုခဲ့သည့် မိုင်းငါးလုံး၏ 
ပစ္စည်းများအား နှိုင်းယှဉ်စစ်ဆေးရာတွင် TNT ယမ်းတုံး ၁ ဒသမ ၅ ပေါင်စီ၊ 
ဒီတိုနေတာမှာ ၀ါ/ဖြူ ၀ါယာကြိုး နှင့်ကြိုးအရှည် ၁၀ ပေခန့်စီ၊ ဘက်ထရီကိုး 
ဗို့စီ၊ မီးတိပ်အနက်ရောင်များ၊ ချိန်ကိုက်နာရီနှင့် ၁ ဒသမ ၅ ဗို့ ဓာတ်ခဲပါ 
မိုင်းလေးလုံး၊ ထောင်ချောက်မိုင်း တစ်လုံးတို့အား အသုံးပြုခဲ့ကြောင်း 
စစ်ဆေးတွေ့ရှိ ရသဖြင့် အဖွဲ့အစည်း/လူတစ်ဦးမှ ဆောင်ရွက်ခဲ့ခြင်း 
ဖြစ်နိုင်ကြောင်းနှင့် ဒေသလုပ်မိုင်းများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ 
ခဲ့သည်ဟု ထည့်သွင်း ပြောကြားသည်။
ရန်ကုန်မြို့ ဖြစ်စဉ်နှစ်ခုမှာ ဗိုလ်နေတိုး၏ ခိုင်းစေချက်ကြောင့် 
စောမြင့်လွင်က ဆောင်ရွက်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည့် အတွက်ကြောင့် 
လည်းကောင်း၊ စစ်ကိုင်း-မန္တလေး ဖြစ်စဉ်သုံးခုတွင် အသုံးပြုခဲ့သည့် 
ပစ္စည်းများနှင့် တပ်ဆင်ပုံစနစ် တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါ 
နေရာများကို နေတိုးနှင့်အဖွဲ့ ရောက်ရှိခဲ့သည့် အထောက်အထားများ 
မှလည်းကောင်း၊ စစ်ကိုင်း-မန္တလေး ဖြစ်စဉ်များတွင်လည်း နေတိုးဦးဆောင်သည့် 
အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု 
ပြောကြားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိရရှိပြီး ဖြစ်သည့် ငြိမ်းချမ်းရေး 
အခြေအနေများအား လိုလားမှုမရှိသည့် တပ်ဖွဲ့ဝင်အချို့၏ ဆောင်ရွက်မှုသာ 
ဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ခိုင်လုံသည့် အထောက်အထားများ 
ပိုမိုရရှိအောင် ဆက်လက် ဖော်ထုတ်သွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်
 ရဲချုပ်က ပြောကြားသည်။
သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုနှင့် ပြန်လည် ဖြေကြားမှုအချို့
မေး- အခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူးကို ယူပြီးနောက် 
ဖြစ်ပွားလာတာကို တွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာလည်း 
သံတွဲပဋိပက္ခတွေ တွေ့ရပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ကလည်း မကြာခင် 
လာတော့မယ်။ ဖြစ်တဲ့ ဖြစ်စဉ်တွေထဲမှာ နောက်တစ်ခုကလည်း ပြည်ထောင်စုအဆင့် 
ဆွေးနွေးပွဲကလည်း လာတော့မယ် ဆိုတော့ အခုဖြစ်စဉ်တွေမှာ တိကျတဲ့ 
အဖြေပေါ့နော်။ ဘယ်အဖွဲ့အစည်းနဲ့ သက်ဆိုင်တယ်။ အရေးယူမှုမျိုးကို ဘယ်ကာလ 
အတွင်းမှာ သက်ဆိုင်သလဲဆိုတာ သိချင်ပါတယ်။
ဖြေ - ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်သလဲ ဆိုတာကို တစ်ချက်တွေ့ပါတယ်။ 
နံပါတ်နှစ်က ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာကို တစ်ချက်တွေ့ပါတယ်။ 
ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်သလဲ ဆိုတာတော့ ကျွန်တော် ခုနရှင်းလင်း တင်ပြခဲ့တဲ့ 
အထဲမှာ သိမှာပါ။ ပြစ်မှုကျူးလွန်ခဲ့တဲ့ စောမြင့်လွင်ရဲ့ နောက်ကြောင်းကို 
ကြည့်မယ်ဆိုရင် စောမြင့်လွင်ဟာ KNU ဟောင်းတစ်ဦး ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ 
နောက်ကွယ်ကနေ စီစဉ်ညွှန်ကြားတဲ့ နေတိုးကတော့ ကေအင်န်ယူ အဖွဲ့ရဲ့ 
အဖွဲ့တစ်ခုမှာ ပြောရမယ်ဆိုရင် အဖွဲ့လုပ်ငန်းရဲ့ တာဝန်ခံ တစ်ဦးဆိုတာ 
တွေ့ရပါတယ်။ ဒီကိစ္စတွေကို ရှေ့မှာလည်း တော်တော်လေး ဆွေးနွေးသွားပြီးပါပြီ။ 
တစ်အချက်ကတော့ ခရီးသွား လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေလိုတယ်။ ပြီးတော့ 
တိုင်းရင်းသား စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ 
တိုးမှာကို တားဆီးချင်တယ်။ အဲဒီလို ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
မေး - ဖြစ်စဉ်မှာ ထွက်ပြေးလွတ်မြောက် သွားတဲ့ တရားခံတွေ ရှိတယ်လို့ 
သိရပါတယ်။ အဲဒီလို တရားခံမျိုးက နိုင်ငံခြား တိုင်းပြည်တစ်ခုခုကို ထွက်ပြေး
 လွတ်မြောက်နေမယ်ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုဆက်လက်ပြီး 
ဖော်ထုတ်သွားမှာလဲ။ ဖော်ထုတ် သွားနိုင်တဲ့ နည်းလမ်းတွေရှိမရှိ သိလိုပါတယ်။
ဖြေ - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ 
အဖွဲ့ဝင်ဖြစ်လို့ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် နေတာတွေ 
ရှိပါတယ်။ အဲဒီလို ရောက်တဲ့ နိုင်ငံတွေမှာ အန္တရာယ် မရှိရအောင် 
ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောင်ရွက်ရတာမျိုး ရှိပါတယ်။ အဲဒါက
 ဘာလဲဆိုတော့ ဒီတရားခံပြေးကို တရားခံပြေး ဖြစ်ကြောင်း တရားရုံး ကြေညာချက် 
ထွက်ပြီဆိုတာနဲ့ သူ့ရဲ့ အချက်အလက်များနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ 
(အင်တာပိုလ်) က သူ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာ အဖွဲ့ဝင် 
အားလုံးကို ဓာတ်ပုံ၊ အထောက်အထားနဲ့ အချက်အလက်တွေ ဖြန့်ဝေပေးပါတယ်။ အဲဒီရတဲ့
 နိုင်ငံတွေ အားလုံးကလည်း ကျွန်တော်တို့နိုင်ငံ အပါအ၀င် အဲဒီလို 
အဆင့်ရောက်ပြီဆိုရင် အဲဒီလူကို ဖမ်းပြီးတော့ အဖွဲ့ဝင် နိုင်ငံတွေနဲ့ 
ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒုတိယ အချက်က ကိုယ့်နိုင်ငံကို ၀င်လာတဲ့ 
တရားခံများကို ဘယ်လိုလုပ်သလဲ ဆိုတာကို ဆက်ပြီး ရှင်းလင်းသွားပါမယ်။ 
ကျွန်တော်တို့နဲ့ အင်တာပိုလ်နဲ့က အင်ဖော်မေးရှင်းကို ၂၄ နာရီ ၇ ရက် 
ဘယ်တော့မှ မပိတ်ဘဲနဲ့ ဆက်သွယ်တာ ဖြစ်ပါတယ်။ အဲဒီလို ဆက်သွယ်ရေး စနစ်တွေက 
တစ်ဆင့် အခုလို တရားခံပြေးတွေ၊ အကြမ်းဖက် အဖွဲ့တွေရှိရင် ကျွန်တော်တို့က 
ဒေတာတွေ ပို့ပေးရပါတယ်။ ပို့ပေးပြီးတော့ ကျွန်တော်တို့ဆီ ၀င်လာတဲ့ ဒေတာတွေက
 တစ်ဆင့် အဲဒီလူကို ၀င်မလာအောင် အဲဒီလူကို အာရုံစိုက်ပေး ရတာမျိုး 
လုပ်ပေးတဲ့ အင်တာပိုလ် အဖွဲ့ဖြစ်ကြောင်း ဖြည့်စွက်ပြီး ရှင်းလင်းလိုပါတယ်။
မေး- ဒီဖြစ်စဉ်ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ဆွေးနွေးပွဲတွေ ဘယ်လိုထိခိုက်မှု ရှိစေမလဲ။
ဖြေ - ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး 
ဖြစ်စဉ်ဟာ ရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံတော် 
အစိုးရကလည်း ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထား 
ပြီးသားပါ။ တစ်ဖက်က ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသား 
ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် တည်ဆောက်မယ်။ 
ဒို့တာဝန် အရေးသုံးပါးအတိုင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်ရှိပြီးသားပါ။ 
လက်ရှိက ဒါကို အကောင်အထည်ဖော်တဲ့ နည်းနာပိုင်းပဲ ကျွန်တော်တို့ ညှိနေတာပါ။ 
ဒါကြောင့်မို့ ဘယ်လို စိန်ခေါ်မှုမျိုးပဲရှိရှိ ကျွန်တော်တို့ ဒါကို 
မဖြစ်ဖြစ်အောင် လုပ်သွားမှာပါ။ နောက်တစ်ခု အနေနဲ့ ဒီနေရာမှာ ဖြည့်စွက်ပြီး 
ရှင်းလင်းလိုတာက ကေအင်န်ယူ အဖွဲ့အစည်းက ပုဂ္ဂိုလ်များ အနေနဲ့လည်း 
ခုနပြောသွား သလိုပဲ။ လက်ရှိ ကျွန်တော်တို့ ဖော်ထုတ်ရရှိတဲ့ ထဲမှာတော့ 
စီးပွားရေးကိစ္စ တစ်ချက်တည်းလို့ သိရတယ်။ ဘာတွေ ရှိနိုင်သေးတယ်။ ဘာတွေ 
လုပ်နိုင်တယ် ဆိုတာကို နှစ်ဖက်ပူးပေါင်းပြီးမှ စုံစမ်းဖော်ထုတ်ဖို့ 
ကေအင်န်ယူ ဘက်ကလည်း ဆုံးဖြတ်ထားပါတယ်။ ဒီနေ့ပဲ ကေအင်န်ယူဘက်က ဗဟိုအလုပ် 
အမှုဆောင် ကော်မတီဝင် တစ်ဦးက ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဖမ်းမိထားတဲ့ 
စောမြင့်လွင်နဲ့ တွေ့ဆုံပြီး သူတို့သိလိုတဲ့ အချက်အလက်တွေကို 
မေးမြန်းပါတယ်။ ရှေ့လျှောက်မှာလည်း ကျွန်တော်တို့ နှစ်ဖက်ကြားမှာ 
သတင်းဖလှယ်ပြီးတော့ ဒီကိစ္စမှာ ပိုမိုပြည့်စုံတဲ့ သတင်း အချက်အလက်တွေ 
ရရှိဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်း အချက်အလက်တွေ 
ရရင်လည်း ခုနက ရဲချုပ်ကြီး ပြောသလို အချိန်နဲ့ တစ်ပြေးညီ ပြည်သူလူထုကို 
ထုတ်ပြန်ပေးသွားမှာပါ။
မေး- ရန်ကုန်မြို့မှာ နောက်ထပ် မိုင်း ၇၁ လုံး မြှုပ်နှံထားတာ ရှိသေးတယ် ဆိုလို့ပါ။ နောက်ထပ် ရှိပါသေးလား။
ဖြေ - ရှင်းလင်းချက်မှာ ပါသွားပြီးပါပြီ။ ကျွန်တော်တို့ ရရှိတဲ့ သတင်းက 
၁၀ လုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ရှိပြီး ရှင်းနိုင်တာ အားလုံးကလည်း 
၁၀ လုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစိုးရိမ် ပူပန်မှုတွေ ရှိမှာစိုးလို့ 
သတင်းထုတ်ပြန်ခြင်း ဖြစ်ပါတယ်။
မေး- ရဲချုပ်ကြီးလည်း ပြောသွားပါတယ်။ ဒီဟာက နိုင်ငံတကာ 
ရင်းနှီးမြှုပ်နှံမှုတွေကို မလာစေချင်လို့ လုပ်တဲ့ပုံစံ ဆိုပြီးလေ။ အခု 
နိုင်ငံတကာ အဖွဲ့အစည်း တွေကလည်း တော်တော်လေးကို စိုးရိမ်နေတာ ရှိပါတယ်။ 
အဲဒီတော့ ဒီလိုစိုးရိမ်မှုတွေ ပပျောက်သွားအောင်၊ နိုင်ငံတွင်းက ပြည်သူတွေ 
စိုးရိမ်မှုတွေ ပပျောက်သွားအောင် အခုအခြေအနေမှာ လုံခြုံရေးအတွက် 
ဘယ်လိုပြင်ဆင် ထားတာမျိုးတွေ ရှိလဲဆိုတာ သိပါရစေ။
ဖြေ - နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ပူပန်မှုကိုလည်း ကျွန်တော်တို့ 
အသိအမှတ် ပြုပါတယ်။ နားလည်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပြင်ဆင် ဆောင်ရွက်မှု 
ကိစ္စများဖြစ်လို့ ရှင်းပြပေးပါမယ်။ ပထမအချက် ဥပဒေပိုင်းအရ ခိုင်မာအောင် 
ဆောင်ရွက်ဖို့။ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလို အကြမ်းဖက်မှုတွေကို 
ကာကွယ်ဖို့ အကြမ်းဖက် ဥပဒေ ဆိုတာကို ရေးဆွဲနေပါတယ်။ အဲဒါက မူကြမ်းအဆင့်ကို 
ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မကြာသောကာလမှာ လွှတ်တော်ကို တင်ပြပြီး ဒါကို 
ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတကာရော၊ ပြည်သူလူထုရော 
စိုးရိမ်ပူပန် မှုများကို ဥပဒေပိုင်းအရ ကျွန်တော်တို့က ကာကွယ် တားဆီးခြင်း 
ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ကျွန်တော်တို့ Man Power ပါ။ Man Power နဲ့ 
ပတ်သက်လို့ ဖွဲ့စည်းမှုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက 
လုံခြုံရေးတိုးမြှင့် ဆောင်ရွက်မှု ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က Man 
Power တစ်ခုလုံးကို ထပ်ဆောင်းပြီး အကူအညီ ပေးနိုင်တာကတော့ Security 
တိုးမြှင့်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာ ခြောက်ဘီလျံကျပ်ဖိုး 
နည်းပညာ အထောက်အကူပြု ပစ္စည်းတွေ ၀ယ်ယူတပ်ဆင်ပြီးတော့ နိုင်ငံတော်ရဲ့ 
တိုးမြှင့်ဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း ရှင်းလင်းတင်ပြ လိုပါတယ်။
မေး- ကျွန်တော်မေးတာက ပေါက်ကွဲမှု ဖြစ်စဉ်တွေ ဖြစ်သွားတဲ့ အထဲမှာ 
ရဲချုပ်တို့ အနေနဲ့ ကြိုတင်သတင်း ရထားတာမျိုး ရှိလား ဆိုတာကို မေးတာပါ။
ဖြေ - ကျွန်တော်တို့ ဒီသတင်းကို မရခဲ့ပါဘူး။
Eleven Media Group
 






 
 
 
 
 
This comment has been removed by the author.
ReplyDeleteခက်တာက နိုင်ငံတွင်းမှာ လုံခြုံရေး (ရဲတပ်ဖွဲ့) မှာ အလွန်ပင် အားနည်း ညံ့ဖျင်းတာကို တွေ့ရပါတယ်။ အရင်က ပြီးခဲ့တဲ့ ပဋိပက္ခအားလုံးကို ပြန်ကြည့်ရင် ဖြစ်တဲ့နေရာတိုင်းမှာ လုံခြုံရေးတွေ အားနည်းလို့၊ အချိန်မီ မကိုင်တွယ်နိုင်လို့၊ လွှတ်ထားပေးလို့...... စတဲ့ တူညီတဲ့ အဖြေဘဲတွေ့နေရပါတယ်။ အချိန်မီ ထိရောက်စွာ ကိုင်တွယ်နိုင်ရင် ဒီလောက်အထိ ပြသနာတွေကြီးထွားလာစရာ အကြောင်းမရှိပါဘူး.... အခုလည်း ရှေ့လာမဲ့ ကာလတွေမှာ အရင်လို ပေါ့ရော့အားနည်းနေရင်တော့ ကောင်းမဲ့ အဖြေတော့ မတွေ့ရပါဘူး။
ReplyDelete