Thursday, October 3, 2013

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အနေဖြင့် ပြည်ထောင်စု ဘဏ္ဍာငွေမှ တိုက်ရိုက်တောင်းခံ၍ ပြည်သူ့ဗဟိုပြု စနစ်ဖြင့် အကောင်အထည်ဖော်မည်

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများမှ ပြည်ထောင်စု ဘဏ္ဍာငွေမှ တိုက်ရိုက်တောင်းခံ၍ ပြည်သူ့ဗဟိုပြု စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်၌ ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျှံလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟာရှိန်းဘွေ၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစော်တော်ပလဲတို့၏ ၎င်းတို့ မဲဆန္ဒနယ်များရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သော လမ်းတံတားများ ခင်းကျင်းပေးရန် မေးခွန်းများ မေးမြန်းမှုအား ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

''အခုလာမယ့် ၂၀၁၄-၁၅ ဘတ်ဂျက်ဆိုရင် ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ဆိုရင် ဘတ်ဂျတ်ရဲ့ တစ်ဝက်နီးပါးလောက် တိုင်းဒေသကြီး၊ ပြည်နယ်များကို တိုက်ရိုက်ပြည်ထောင်စု အစိုးရကို တင်ပြဆောင်ရွက် စေပြီးတော့မှ ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ အဲဒီလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိဖို့ စီစဉ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

ထို့အပြင် မိမိအနေဖြင့် တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး မကြာမီ တိုင်းဒေသကြီး၊ ပြည်နယ်များကို ကွင်းဆင်း၍ ပြည်သူများ၏ လိုအပ်ချက်ကို ပေါင်းစပ်ညှိနှိုင်းရန် ရှိကြောင်း၊ ကွင်းဆင်းသည့် အခါ၌ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြသည့် လမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးကာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်၌ပင် မပါခဲ့ပါက ငြိမ်းချမ်းရေး တည်ဆောက်မှု ရန်ပုံငွေမှ မဖြစ်မနေ လိုအပ်သည့် ကိစ္စရပ်များအား တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ ထောက်ခံမှုဖြင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထိုကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများမှ အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည် ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ''အကြမ်းဖျင်း ပြောရရင်တော့ နောင်ဆိုရင် တချို့လုပ်ငန်းတွေကို ၀န်ကြီးဌာနတွေက ဘတ်ဂျက်မှာ မတင်တော့ဘူး။ ၀န်ကြီးဌာနကပေးမယ့် ဘတ်ဂျက်ကို တိုင်းဒေသကြီး၊ ပြည်နယ်ကတင်။ သူတို့ပဲ ပြည်သူကို အကောင်အထည်ဖော်ပေး။ ကျွန်တော်တို့ ၀န်ကြီးဌာနတွေကတော့ မူအားဖြင့် ကိုင်ထားပြီးရင် လိုက်နာကြပ်မတ် စစ်ဆေးမယ်။ ပေါင်းစပ်ညှိနှိုင်းမယ်။ ပြီးတော့မှ နိုင်ငံတော်က တိုက်ရိုက်လိုအပ်တဲ့ စီမံကိန်းတွေ လိုအပ်ချက်တွေ ကျရင်တော့ ကျွန်တော်ဝန်ကြီး ဌာနတွေက သွားမယ်။ အဓိကပြည်သူဗဟိုပြု ဖြစ်တဲ့အတွက် ပြည်သူနဲ့ အနီးဆုံးဖြစ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကပဲ ဦးစားပေး ဆောင်ရွက်ဖို့ ဆိုတဲ့ လမ်းကြောင်းကို သွားတာပေါ့'' ဟု ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment