Monday, October 14, 2013

သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ


မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲကမ်းခြေ၌ မြေနေရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီးစပြု လာသည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

လူအများလာရောက်အပန်းဖြေရာကမ်းခြေတစ်ခုဖြစ်သော စက်စဲကမ်းခြေတွင် အနီးအပါးကမ်းရိုးတမ်း များတွင် သဲစုပ်မှုများ ပြုလုပ်ခဲ့သောကြောင့် သဘာဝသောင်ခုံပျက်စီးမှုများ စတင်ဖြစ်ပေါ် လာနေပြီဖြစ်ကြောင်း၊ ကမ်းခြေ တစ်ဖြည်းဖြည်းလျော့ကျ ပြိုဆင်းသွားသော အနေအထား များဖြစ်ပေါ်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

 “ကျွန်တော်တို့ အရင်ကဆို ကမ်းခြေမှာ လာပြီးဆော့ကစားကြတဲ့လူတွေပြောတာကတော့ သဲသောင်က ရေတက်လာပြီး ပြန်ကျသွားလည်း သဲတွေက သောင်ခုံပေါ်မှာပဲ ကျန်နေခဲ့တယ်။ ရေချည်းပဲ ပြန်ဆင်းသွား တယ်ပေါ့။ အခုကတော့ ကျွန်တော်တို့ ဆင်းကြည့်တာ ရုတ်တရက် ရေတက်ပြီး ပြန်ဆင်းသွားတဲ့ အချိန်ကြရင် သဲတွေပါ အကုန်လုံးသယ်ပြီး ပြန်ဆင်းသွားသလို ဖြစ်နေတယ်။ အရင်က ကမ်းခြေမှာရှိတဲ့ အပင်တွေ အမြစ် မပေါ်ဘူး။ အခုတော့ အမြစ်တွေပေါ်လာပြီ။ သောင်က တဖြည်းဖြည်း ပါးသွားပြီး အောက်ကနှုန်းမြေတွေပဲ ကျန်တော့မယ့်အနေအထားဖြစ်နေပါတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဥာဏ်စိုးက ပြောသည်။

ထိုကဲ့သို့ကမ်းခြေပျက်စီးလာခြင်းမှာ ရာဇာမင်းကုမ္ပဏီမှ စက်စဲကမ်းခြေ အစွန်းပိုင်းတွင် မြေယာများ ၀ယ်ယူ ထားခဲ့ပြီးနောက် ၎င်းတို့၏ မြေနေရာကိုမြင့်တက်စေရန် သဲများ စုပ်ယူပြီး ဖြည့်ခဲ့သောကြောင့် ဖြစ်လာရကြောင်း သဲစုပ်သည့် ပမာဏမှာလည်း ၎င်းတို့ဝယ်ယူထားသည် ၂၅ ဧက မြေအကျယ်အ၀န်းကိုဖြည့်ရန်အတွက် သဲများစုပ်ယူခြင်းဖြစ်ကာ စုပ်ယူသည့် သဲပမာဏမှာ လည်း ကျင်းပေါင်း တစ်သောင်းကျော်ခန့်ရှိခဲ့သောကြောင့် များပြားလွန်းသည့်ပမာဏဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ထိုသို့ သဲစုပ်သည်ကို ခွင့်ပြုချက်ပေးခဲ့ခြင်းမရှိပဲ ယခုအခါ စက်စဲကျေးရွာမှ ဒေသခံများထံမှ ကန့်ကွက်စာများတက်လာခဲ့သောကြောင့် အဆိုပါသဲစုပ်ခြင်းကိုလုံးဝရပ်ဆိုင်းထားခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်ပြုချက်မပေးခဲ့ဘူး။ သဲစုပ်တယ်ဆိုတာခွင့်ပြုချက်လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အလုပ်မျိုးကို အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်မပြုခဲ့ဘူး။ သောင်ခုံရဲ့ အစွန်းဘက်မှာ သဲတွေကျင်းပေါင်း တစ်သောင်း လောက်စုပ်တော့ ဒီဘက်ကသဲတွေက ဆင်းပြီး ဟိုဘက်ကို ပြန်ဖြည့်ရသလိုဖြစ်နေတာပေါ့။ အခုတော့ လုံးဝရပ်ဆိုင်းထား ခိုင်းလိုက်ပါပြီ။”မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဒေါက်တာမင်းနွယ်စိုးက ပြောသည်။

စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တစ်ခုတည်းသောအပန်းဖြေကမ်းခြေတစ်ခုဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်မည့် ရိုးရာဓလေ့များဖြင့် ပြည့်နှက်နေသောနေရာတစ်ခုဖြစ်ကြောင်း လက်ရှိအချိန်တွင် ကမ်းခြေကို အဆင့်မြှင့် တင်ရန်ပြုလုပ် နေချိန်ဖြစ်ပြီး ထိုကဲ့သို့သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စများကို အထူးအလေးထားသင့်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ 

Myit Ma Kha Media Group

0 comments:

Post a Comment