Monday, October 14, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကာလုံလက်မှတ် ထိုးရမည်ဟု UNFC တောင်းဆို

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင် များဖြစ်သော နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီးချုပ်တို့ တက်ရောက် လက်မှတ် ထိုးရမည်ဟု ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုချက် ထုတ်ပြန် လိုက်ကြောင်း UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC သဘောထားများကို အောက်တိုဘာ ဒုတိယပတ် အတွင်း ပြုလုပ်ခဲ့သော UNFC ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ ထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင် ငါးဦးမှ တစ်ဦးဦး ပျက်ကွက်ပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အောင်မြင်မည် မဟုတ်ကြောင်း ဦးစောဒေးဗစ်သာကပေါ က ရှင်းပြသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လူထု ထောက်ခံမှု ရရှိထားသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ အသိသက်သေအဖြစ် လက်မှတ်ထိုးရမည် ဖြစ်ကြောင်း UNFC ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ရချင်ရင်တော့ နိုင်ငံတော်အဆင့်မှာ အာမခံချက် ပေးနိုင်တဲ့သူတွေ တက်ရောက်ဖို့ လိုတယ်” ဟု UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါက ပြောကြားသည်။

သက်သေများအဖြစ် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ဥက္ကဋ္ဌများ၊ UNFC အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ တက်ရောက်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိကြောင်း UNA (တိုင်းရင်းသား မဟာမိတ် ပါတီများ) နာယက ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

“အဓိကက ဒီလက်မှတ်ထိုးပွဲမှာ ဖက်ဒရယ်စနစ်ကို ထည့်သွင်း ဆွေးနွေး သွားလိမ့်မယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အောက်တိုဘာ လကုန်ပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားသော်လည်း KIO/KIA အဖွဲ့နှင့် ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့TNLA/PSLF တို့နှင့် အပစ်အခတ် ရပ်စဲနိုင်ရန် ကျန်ရှိနေသေးသည်။

UNFC အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခြောက်ဖွဲ့ပါဝင်ပြီး UNFC ဥက္ကဋ္ဌ တာဝန်ယူထားသည့် KIO/KIA နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားနိုင်ခြင်း မရှိသေးပေ။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီအားလုံး အသိသက်သေအဖြစ် ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ကြားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာလ တတိယပတ်တွင် ပြောကြားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေးစင်တာသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူများ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပလောင် လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA/PSLF) နှင့် ဆွေးနွေးပွဲ ရှိနေသဖြင့် ဆက်သွယ်၍ မရပေ။

The Voice Weekly

0 comments:

Post a Comment