Monday, February 3, 2014

ပရိသတ်ချစ်ဖို့ ဘာတွေလိုအပ်လဲဆိုပြီး တကူးတကဖန်တီးပြနေဖို့မလိုပါဘူးလို့ ဆိုတဲ့ မိတ်ကပ် ၊ဒီဇိုင်နာခင်စန်းဝင်း


အလှဖန်တီးရှင် ခင်စန်းဝင်းဆိုရင် မသိတဲ့သူ မရှိလောက်အောင်ကို အနုပညာလောကမှာ နာမည်ကြီးသူပါ။ သူနဲ့တွေ့ဖြစ်တဲ့အချိန်လေးမှာ မိတ်ကပ်ပညာနဲ့ ပတ်သက်ပြီးတော့ရော၊ သူ့ရဲ့အတွေ့အကြုံ၊ ဖန်တီးမှုပိုင်းဆိုင်ရာတွေကိုပါ ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မကြီးစန်းအနေနဲ့ ၂၀၁၄မှာဆံပင်၊ မိတ်ကပ်ဖက်ရှင်စတိုင်လ်တွေနဲ့ ပတ်သက်ပြီးပြောပြပါအုံး။
မိတ်ကပ်၊ဆံပင်လိုင်းတွေကျတော့ မကြီးစန်းက Weddingလိုင်းကဆိုတော့ သတို့သမီး လိမ်းချယ်မှု ပုံစံပေါ့။ Tradational ဆိုလည်း Tradational ပုံပေါ့။ Westernဆိုလည်း များသောအားဖြင့် Chinese တွေရှိတယ်။ Indianရှိတယ်။ သူတို့ဂါဝန်ဝတ်တဲ့ အခါကျရင်တော့ မကြီးစန်းအတွက် လုပ်ပိုင်ခွင့်တွေ၊ ဖန်တီးခွင့်တွေက ပိုပြီးတော့Openဖြစ်တာပေါ့နော်။ ဂါဝန်ဆိုတော့ ခေတ်မီတဲ့ပုံစံမျိုး ဖြစ်နေတော့ ကိုယ့်စိတ်ကြိုက် ဖန်တီးလို့ရတယ်။
အခုနောက်ပိုင်းမှာရော ဘယ်လိုဖန်တီးမှုပုံစံတွေကို လူတွေက စိတ်ဝင်စားပြီး သဘောကျလာကြသလဲ။
အခုချိန်မှာအမှန်တိုင်းပြောရင် လူတွေကညာလို့မရဘူး။ များသောအားဖြင့် မကြီးစန်းတို့ ပတ်သက်ရတဲ့ အသိုင်းအဝိုင်းက လူငယ်တွေပေါ့နော်။ အရွယ်ရောက်နေတဲ့ လူငယ်တွေ ဖြစ်တဲ့အခါကျတော့ သူတို့တွေက တကယ့်ခေတ်ကြီးကို အမှီလိုက်နေတယ်။ တစ်ခါတစ်လေကျရင်တောင် ကိုယ်တွေ မသိမမြင်တဲ့အရာတွေကို သူတို့သိမြင်နေကြတဲ့အတွက်ကြောင့်မို့ လို့ကိုယ့်ဘက်ကလည်း နောက်ကျမကျန်ရအောင်လို့ အမှီလိုက်နေရတာပေါ့။ အဲဒီအခါကျတော့ သူတို့က ဘာတွေ ခေတ်စားနေသလဲဆိုတဲ့ Trendကို သူတို့သိကြတယ်။ ကိုယ်ကလည်း ဒီTrendကို သိဖို့လေ့လာ သင်ယူဖို့အများကြီးကို မကြီးစန်းတို့ဘက်က ကြိုးစားရတာပေါ့နော်။
အခုနောက်ပိုင်းမှာ မိတ်ကပ် artistတွေ အများအပြားပေါ်လာကြတာနဲ့ ပတ်သက်လို့ မကြီးစန်း အမြင်လေးကိုပြောပြပေးပါ။
Artistတွေ ပေါ်လာတယ်ဆိုတော့ သူတို့အသစ်လေးတွေအတွက်က လုပ်ကိုင်ခွင့်၊ အခွင့်အလမ်း တွေက မကြီးစန်းတို့ ခေတ်တုန်းက ထက်ပိုပြီးတော့ လွယ်ကူလာကြတယ်။ အခုဆိုရင် မော်ဒယ်လ်ရှိုးတွေ အများကြီးပေါ်လာကြပြီ။ မီဒီယာတွေကလည်း အရမ်းတိုးတက်လာကြပြီဆိုတော့ မကြီးစန်းတို့ ခေတ်တုန်းကလို ၁၀နှစ်၊၁၅နှစ် ကြိုးစားစရာမလိုတော့ဘူး။ တစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ်အတွင်းမှာပဲ ပရိသတ်သိပြီးတော့ ချက်ချင်းအောင်မြင်နိုင်တယ်။
အောင်မြင်တဲ့ မိတ်ကပ်artistတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ ရှိသင့်တယ်လို့ ထင်ပါသလဲ။
အဓိကကတော့ အောင်မြင်တယ်ဆိုတာ ကိုယ့်အနုပညာဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲတတ်တတ်ပေါ့နော်။ ပရိသတ်လက်ခံနိုင်ဖို့လိုတယ်။ြ ပီးတော့ကိုယ့်ကို ပရိသတ်ချစ်ဖို့လည်းလိုပါတယ်။ ပညာအရမ်းတော်နေပေမဲ့လည်း ကိုယ့်ကိုပရိသတ်မချစ်ရင် လုပ်စားလို့မရဘူး။ အဲဒီတော့ ပရိသတ်ချစ်ဖို့ ဘာတွေလိုအပ်လဲဆိုပြီး တကူးတက ဖန်တီးပြနေဖို့မလိုဘူး။ ကိုယ့်ရဲ့ပင်ကိုယ်အတွင်းစိတ်အတိုင်းနေထိုင်၊ ပြောဆိုဆက်ဆံမယ်ဆိုရင် အဆင်ပြေမှာပါ။ လူတိုင်းကရိုးသားမှုနဲ့ ဟန်ဆောင်မှုဆိုရင် ရိုးသားမှုကို ပိုပြီးကြိုက်ကြတယ်လေ။ အဲဒီအတွက်ကို ကိုယ့်ဘက်ကကိုယ့်ရဲ့အောင်မြင်မှုအတွက်၊ နာမည်ရဖို့အတွက် ပရိယာယ်တွေသုံးပြီးတော့ ဥာဏ်ဆင်ပြီးတော့ လုပ်မယ်ဆိုတဲ့ လူအတွက်ကတော့ အန္တရာယ်ရှိနိုင်ပါတယ်ပေါ့။
အရင်တုန်းက ပြင်ဆင်ခြယ်သမှုနဲ့ အခုခေတ်နောက်ပိုင်းပြင်ဆင်ခြယ်သမှုအပိုင်းမှာ ဘယ်လိုကွာခြားမှုတွေ ရှိလာပါသလဲ။
မကြီးစန်းတို့ ခေတ်တုန်းက မီဒီယာတွေအရမ်းအားနည်းတယ်။ ကိုယ့်ရဲ့ဖန်တီးမှုတွေသည် စာမျက်နှာတွေပေါ်မှာ ဖော်ပြရတာမရှိဘူး။ အခုကျတော့ မဂ္ဂဇင်းတွေ၊ဂျာနယ်တွေ အများကြီး၊ ရုပ်သံလိုင်းတွေလည်း ပေါ်ထွက်လာတယ်။ အွန်လိုင်းမီဒီယာတွေ ပေါ်ထွက်လာတယ်။ ကိုယ့်ရဲ့ဖန်တီးမှုတွေကို အောင်မြင်မှုတွေကို ဖေ့ဘွတ်ပေါ်ကနေ တစ်ဆင့်ပြနိုင်တဲ့ အနေအထားတွေ ရှိလာကြပြီ။ အဲဒီတော့ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူက အွန်လိုင်းကို ဝင်ကြည့်လိုက်လို့ ကိုယ့်ရဲ့ဖန်တီးမှု အနုပညာကိုကြိုက်ကြတယ်ဆိုရင် ချက်ချင်းပရိသတ် သိလွယ်တာပေါ့နော်။ အရေးအကြောင်းကြုံလာရင်လည်း ချက်ချင်းတန်းပြီးတော့ သတိထားမိသွားတာမျိုးပေါ့။ ခေတ်ကပိုပြီးတော့ လွယ်ကူမြန်ဆန်လာတယ်။
နိုင်ငံတကာမှာရှိတဲ့ မိတ်ကပ်ပညာရှင်တွေဆီကရော ဘာတွေလေ့လာဖြစ်သလဲ။-
သူတို့ရဲ့မိတ်ကပ်ပညာတစ်ခုဆိုတာက သီအိုရီတို့၊Methodတို့၊ ဖော်မြူလာတွေရှိတယ်။ ပြီးရင် ကာလာgroupတို့ရှိမယ်။ ကာလာgroupမှာမှ warmကာလာ၊ cool ကာလာ၊ dayကာလာ၊ nightကာလာစတဲ့ အခြေခံgroupတွေကအစ သေချာစနစ်တကျသင်တယ်။ သင်ပြီးရင်မိတ်ကပ်artistတွေကလည်း Skinနဲ့ ပတ်သက်ပြီး လေ့လာဖို့လိုတယ်။ မကြီးစန်းတို့ မြန်မာပြည်မှာ မိတ်ကပ်လိမ်းတယ်ဆိုတာ မျက်နှာပေါ်မှာ မိတ်ကပ်ရည်ချပြီး ပွတ်ဆွဲပြီး လိမ်းလိုက်တာမျိုးပေါ့။ အဓိကဘာလဲဆိုတော့ အခြေခံကစပြီးတော့ တဖြေးဖြေး တိုးတက်လာတာ၊ သင်ယူလာတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံအရ သင်ယူလာတဲ့ အတတ်ပညာပေါ့နော်။ ဒါပေမဲ့ ယှဉ်ကြည့်လိုက်ရင်တော့ အတွေးနဲ့ လက်တွေ့ကွာခြားသလိုပဲ။ ပိုပြီးတော့ ကိုယ့်အတွက်ကပစ္စလက်ဆန်တာပေါ့။ စာတွေ့ကျတော့ စာအုပ်တည်းမှာ သင်ထားတဲ့အတိုင်း အပြင်မှာချလုပ်ရတာမျိုးရှိမယ်။ သို့သော်လည်းခုနပြောသလို အခြေခံနည်းစနစ်ပိုင်း သင်ယူတတ်မြောက်တယ်ဆိုရင်တော့ Customerတွေအတွက် ပိုပြီးကောင်းတဲ့ ရလဒ်တွေထွက်လာတာပေါ့။
ရှေ့ဆက်ပြီးတော့မကြီးစန်း အနေနဲ့ ပရိသတ်တွေအတွက် အလှအပနဲ့ပတ်သက်လို့ ဘာတွေချပြသွားဖို့ရှိပါသလဲ။
မကြီးစန်း အခုလက်ရှိတော့မင်္ဂလာဝတ်စုံလုပ်ငန်းနဲ့ သတို့သမီးမိတ်ကပ်လိမ်းခြယ်မှု လုပ်ငန်းက အဓိကစီးပွားရေးပေါ့။ ပြီးတော့ မကြီးစန်းရဲ့ သတို့သမီးအပြင်၊ Customer ၊ မင်းသမီးတွေရဲ့ လိုအပ်မှုတစ်ခုခုရှိခဲ့ရင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ။

Trend Myanmar. 

0 comments:

Post a Comment