Saturday, November 1, 2014

ရုပ်ရှင် အကြိုခံစားခြင်း



မိသားစုနဲ့ ပျော်ပျော်ပါးပါးလေးကြည့်နိုင်မယ့် အမေရိကန်ဟာသ ဒရာမာဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဘရွတ်ကလင်းကို အိမ်ပြောင်းလာတဲ့မက်ဂီဟာ (၁၂) နှစ်အရွယ်သားလေး အိုလီဗာကို အိမ်နီးချင်းဖြစ်တဲ့ ပင်စင်စားစစ်ပြန်ကြီးဗင်းဆင့်ကို အပ်ထားခဲ့ရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။မက်ဂီတို့သားအမိ အိမ်ပြောင်းလာရင်း ပစ္စည်းသယ်ကားကြီးနေရာချရာမှာ ဗင်းဆင့်အိမ်ရှေ့က သစ်ပင်ကြီးကိုဝင်တိုက်မိပြီး ဗင်းဆင့်ရဲ့ကားပေါ်ကိုလဲကျခဲ့တာကြောင့် ရဲတိုင်မယ်ဆိုပြီး အချေအတင်ဖြစ်တာလေးနဲ့ ဇာတ်လမ်းစထားပါတယ်။

မက်ဂီဟာ အိမ်ထောင်ကွဲ မိခင်တစ်ယောက်ဖြစ်ပြီး အချိန် အကြာကြီးအလုပ်ဝင်ရတာမို့ အိုလီဗာကို အရက်သမား၊ လောင်းကစားသမားပင်စင်စားကြီးဗင်းဆင့်ဆီမှာ မအပ်ချင်အပ်ချင်နဲ့ ထားခဲ့ရပါတယ်။ ဗင်းဆင့်ဟာ အိုလီဗာကို ကျောင်းသွားကြိုပြီးတာနဲ့ အရက်ဘားတွေ၊ အဖော်အချွတ်ကလပ်တွေ၊ လောင်းကစားဝိုင်း စတာတွေကို သူသွားလေရာခေါ်သွားခဲ့ပြီး အိမ်ပြန်ရောက်တော့ အိုလီဗာက သူ့အမေကိုဖောက်သည်ချတာကြောင့် အိုလီဗာကိုအပ်ထားခဲ့ရတဲ့မက်ဂီတစ်ယောက် ဗင်းဆင့်ကို စိတ်ပျက်လာပါတယ်။

တစ်ရက်မှာလည်း အိုလီဗာကို တခြားကျောင်းသားလေးတွေ အနိုင်ကျင့်နေတာ ဗင်းဆင့်တွေ့ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ သင်ကြားပေးခဲ့ပြီး အိုလီဗာကလည်း သူ့ကိုတဖြည်းဖြည်းသဘောကျလာခဲ့ပါတယ်။

ဗင်းဆင့်ကတော့ သူ့ရဲ့နေ့စဉ်အလုပ်တွေဖြစ်တဲ့ မြင်းပွဲတွေ၊ ဘားတွေကို ကိုယ်ဝန်ဆောင် အဖော်အချွတ်အကမယ် ဒါကာရော၊ အိုလီဗာရောခေါ်ပြီး လျှောက်သွားမြဲလျှောက်သွားပါတယ်။ လူအများစုသဘောမကျတဲ့ဗင်းဆင့်ကို အိုလီဗာဘယ်လို အကြောင်းတွေကြောင့် ခင်မင်သွားတာလဲ၊ သူတို့မိသားစုတွေ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမယ်ဆိုတာကြည့်လိုက်ဦးနော်။

ရယ်စရာ၊ ပျော်စရာတွေပါတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်လို့ စိတ်အပန်းပြေမှာ သေချာသလောက်ပါပဲ။ ဒီဇာတ်ကားထဲမှာ မင်းသားကြီး ဘီလ်မာရေးက ဗင်းဆင့်နေရာက သရုပ်ဆောင်ထားပြီး မက်ဂီအဖြစ် မလစ်ဆာမက်ကာသီ၊ ဒါကာအဖြစ် နာအိုမီဝက်စ်၊ အိုလီဗာအဖြစ် ဂျေဒန်လီဘာဟာတို့က သရုပ်ဆောင်ထားတာပါ


7Day Daily

0 comments:

Post a Comment