ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER တို့ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ အဖွဲ့နှစ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက အမျိုးသားပညာရေးဥပဒေပြင်ဆင် ဖို့ အစိုးရနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု လုပ်မယ့်ကိစ္စ၊ သပိတ်မှောက် ကျောင်းသားတွေနဲ့ ပတ်သက် ပြီး ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုရဲ့ ပြောကြားချက် အပေါ် တုံ့ပြန်ချက်၊ မကြာခင် ကျင်းပတော့ မယ့် အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲတွေနဲ့ ပတ်သက်ပြီး သပိတ်မှောက်ရာမှာ ပါဝင်နေတဲ့ ကျောင်းသားတွေ စာမေးပွဲ ဖြေသင့် မဖြေသင့် သဘောထား စတာတွေပါဝင်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဝေဖန်ဆွေးနွေးရအောင်။ကျောင်းသားသပိတ်မှောက် ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အကျဉ်းလောက် ပြန်သုံးသပ်ကြည့်ရင် ဒီဆန္ဒပြပွဲ ကြီးဟာပြဋ္ဌာန်းခဲ့ပြီဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်ဆင်ဖို့ အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်း တဲ့ ဆန္ဒပြပွဲဖြစ်တဲ့အတွက် မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်။ နဂိုက ဆန္ဒပြတောင်းဆို ရက်ပေါင်း ၆ဝ အချိန်ပေး စောင့်ကြည့်ပြီး အစိုးရနဲ့ လွှတ်တော်ဘက်က ဘာမှ မယ်မယ်ရရ အကောင်အထည်ဖော်တာ၊ ခေါ်ယူညှိနှိုင်းတာ မလုပ်တော့မှ လမ်းလျှောက်ဆန္ဒပြပွဲ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရဘက်က ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်၊ ကျောင်းသားတွေ တောင်းဆိုတဲ့ ပညာရေးဆိုင်ရာ အချက် ၁၁ ချက် ဆွေးနွေးကြမယ်ဆိုပြီး လိုက်လျော သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ နေပြည်တော်မှာလုပ်ဖို့ ရည်ရွယ်ထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ပျက်သွားပါတယ်။ အစိုးရဘက်ကတော့ ဆွေးနွေးပွဲကို အပြီးတိုင်ဖျက်လိုက်တာမျိုးမဟုတ်ဘဲ ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒီကြားထဲ အစိုးရဘက်က ကျောင်းသားတွေအနေနဲ့ တကယ့် ဆန္ဒပြကျောင်းသားတွေရဲ့ ကိုယ်စားပြုမှု ရအောင်လုပ်ပါ၊ မတွေ့ဆုံမီ ဘာတွေ တွေ့ဆုံဆွေးနွေးလိုတယ်၊ ကြိုတင်ညှိနှိုင်းတိုင်ပင်ထားပါလို့ ပြောပါတယ်။ အခုလည်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ NNER ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းမှုရှိနေပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေဘက်ကတော့ ဆန္ဒပြလမ်းလျှောက်ချီတက်ပွဲတွေ ဆက်လုပ်နေကြပြီး ရန်ကုန်မှာ စုဖို့ကြိုးစားနေကြပါပြီ။ နောက်ထပ် တိုက်ဆိုင်တာတစ်ခုက ပြည်ထောင်စုလွှတ်တော်ကနေ White Card လို့ခေါ်တဲ့ ယာယီသက်သခံလက်မှတ် ကိုင်ဆောင်သူတွေကို လာ မယ့် ဖွဲ့စည်းပုံပြင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုလိုက်တဲ့အပေါ် ကန့်ကွက်တဲ့သူတွေကလည်း ဆန္ဒပြဖို့ ကြိုးစားနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သိပ်မကြာခင် ရက်ပိုင်းမှာ အခြေခံပညာအဆင့် ကျောင်းသားတွေ စာမေးပွဲဖြေဆိုကြရတော့မှာလည်း ဖြစ်ပါတယ်။
ဒီအတွက် အခြေအနေတွေ မရှုပ်ထွေးအောင် အစိုးရဘက်က နဂိုကတိကဝတ်ပြုထားပြီးဖြစ်တဲ့အတိုင်း လေးပွင့်ဆိုင်ဆွေးနွေး ပွဲ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖြစ်စေရေး ဆောင်ရွက်သင့်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်တဲ့ အချိန်တုန်းက ကျောင်းသားတွေနဲ့ NNER ကိုယ်စားလှယ် တွေ စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုခွင့်မရဘဲ အခက်အခဲကြုံခဲ့ရတဲ့အဖြစ်မျိုး ထပ်မပေါ်ပေါက်စေဖို့ ဂရုစိုက် ဖို့လိုပါတယ်။
အလားတူ ကျောင်းသားတွေဘက်ကလည်း ဆွေးနွေးပွဲတွေမစခင် ဆန္ဒပြကျောင်းသားတွေအားလုံးကို ကိုယ်စားပြု နိုင်မယ့်၊
အစိုးရနဲ့ ဆွေးနွေးရာမှာ ပါဝင်မယ့် ဦးဆောင်သူ ကိုယ်စားလှယ်တွေ ရွေးချယ်ထားဖို့ လိုပါလိမ့်မယ်။ ဒီဦးဆောင်သူတွေဟာ
ကျောင်းသားတွေကို ဆန္ဒပြဆိုပြ၊ လမ်းလျောက်ချီတက်ဆို ချီတက်၊ ရပ်ဆိုရပ်၊ သပိတ်လှန်ဆိုလှန် ညွှန်ကြားနိုင်တဲ့သူတွေ
ဖြစ်ဖို့လိုသလို၊ ကျောင်းသားတွေ ဘက်ကလည်း ကိုယ့်ခေါင်းဆောင်တွေ ညွှန်ကြားတာလိုက်နာမယ့် အနေအထားမျိုးဖြစ်နေဖို့ လိုပါတယ်။ ခေါင်းဆောင် တွေကဆွေးနွေးချင် ဆွေးနွေး၊ ကိုယ်ကလည်း သပိတ်ဆက်မှောက်ချင် မှောက်မယ်၊ နားချင်လည်းနားမယ် ဆိုတာမျိုးနဲ့တော့ အဆင်မပြေနိုင်ပါ။
ဒါ့အပြင် ဆွေးနွေးပွဲမတိုင်ခင် ခေါင်းဆောင်တွေ စုဝေးတိုင်ပင်ပြီး ကိုယ့်ဘက်က ဘာတွေတောင်းဆိုမယ်၊ မရရင် ဘယ်လိုညှိမယ်၊ ဘယ်လို အရေးယူမယ် ကြိုတင် တိုင်ပင်ဆွေးနွေးထားကြဖို့လည်း လိုပါတယ်။ အရေးကြီးတာက ဒါဟာ တွေ့ဆုံဆွေးနွေးပွဲဖြစ်တယ်၊ တွေ့ဆုံဆွေးနွေးပွဲရဲ့ သဘောသဘာဝအရ နှစ်ဖက် အလျှော့အတင်း အပေးအယူ လုပ်ကြရမှာဖြစ်ပြီး ကိုယ်တောင်းဆိုထားတာတွေ အားလုံးရချင်မှ ရနိုင်မယ် ဆိုတာ နှလုံးသွင်းထားဖို့ လိုပါတယ်။ နောက်တစ်ခုက လက်ရှိရောက်နေတဲ့ အခြေအနေဟာ အရင်လမ်း လျှောက် ဆန္ဒပြပွဲ စစချင်းတုန်းက အခြေအနေမျိုး မဟုတ်တော့တာကို နားလည်ဖို့လည်းလိုပါတယ်။ အခုအခြေအနေဟာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အစိုးရနဲ့ လွှတ်တော်ဘက်က လက်ခံထားတဲ့ အခြေအနေ၊ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို လက်ခံဆွေးနွေးပါ့မယ်လို့ ကတိခံထားတဲ့ အခြေအနေမျိုး ဖြစ်နေလို့ပါပဲ။ ဒီအခြေအနေမျိုးဟာ ရရင်ရ၊ မရချင်ချ ဆိုတာမျိုးလုပ်ရမယ့် အချိန်မျိုးမဟုတ်ဘဲ၊ ဆွေးနွေးပွဲတွေ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲ၊ ကိုယ်လိုချင်တာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရအောင် ဘယ်လို ကြိုးစားရမလဲ အကောင်အထည်ဖော်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
အရေးတကာ့ အရေးအကြီးဆုံး သတိပြုဖို့ အချက်တစ်ခုကတော့ အခုဆန္ဒပြနေတာဟာ တိုင်းပြည်မှာ ရေရှည်ပညာရေး စနစ်ကောင်းအောင် တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲလိုဆန္ဒပြတဲ့ဆီမှာ မလိုအပ်ပါဘဲနဲ့ ကျောင်းသားတွေရဲ့ လက်ရှိပညာသင်ကြားရေး မထိခိုက်အောင် ဂရုပြုဖို့ပဲဖြစ်ပါတယ်။ သပိတ် မှောက် ဆန္ဒပြတဲ့ဆီမှာ စာမေးပွဲဖြေမယ့် အထက်တန်းအဆင့် ကျောင်းသားတွေပါလာရင် သူတို့ စာမေးပွဲဖြေနိုင်ရေး တွန်းအားပေးရပါမယ်၊ ကူညီပေးရပါမယ်၊ စီစဉ်ပေးရပါမယ်။ ဖြစ်နိုင်ရင် သပိတ်ကာလအတွင်း တက္ကသိုလ် ကျောင်းသားတွေက အထက်တန်းကျောင်းသားတွေကို စာတောင်ကူညီပြပေးသင့်ပါ တယ်။ ခေါင်းဆောင်ဆိုသူတွေဟာ ကျောင်းသားတွေ စာမေးပွဲလည်းဖြေနိုင်၊ သပိတ်ထဲလည်း ပါနိုင်အောင် စီစဉ်ပေးနိုင်ရပါမယ်။
ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်လို့ခေါ်တဲ့ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီတာဝန်ရှိသူ တစ်ယောက် ပြောသလို ကျောင်းသားတွေ စာမေးပွဲ ဖြေရေး၊ မဖြေရေး သူတို့ဘာသာ သူတို့ပဲ ဆုံးဖြတ်၊ ကျွန်တော်တို့ကတော့ မတားဆီးဘူး၊ မတိုက်တွန်းဘူး ဆိုတာမျိုးဟာ ပညာရေးကို အလွန်ဂရုမစိုက်ရာ ရောက်ပါတယ်။ ပညာရေးတိုးတက်မြှင့်တင်ဖို့ တိုက်ပွဲဝင်နေရင်း ပညာရေးအရ ကျောင်းသားတွေ ထိခိုက်နစ်နာမှုတွေ မရှိရလေအောင် ကြိုးစားဂရုစိုက်သင့်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။
Mizzima
0 comments:
Post a Comment