အမျိုးသမီးများကိုယ်ခံပညာသင်ကြားမှုသည် ကျန်းမာရေးအတွက်သာမက မိမိကိုယ်ကိုယ်ကာကွယ်ရန်အတွက်ပါ အသုံးဝင်သည်။
ညိုညက်သော အသားအရေ၊အရပ်ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသမီးတစ်ဦးရှေ့တိုးနောက်ဆုတ်ပြေးလွှားကာ တွဲလောင်းကျနေသော သဲအိတ်ကို မာန်အပြည့်ဖြင့်ကန်နေသည်။ ဘယ်ညာလက်သီးချက်များကလည်း သဲအိတ်ဆီသို့ အားပြင်းပြင်းဖြင့် တစ်ချက်ချင်းဝင်ရောက်နေသည်။နဖူးပေါ်က ချွေးစက်အချို့ကို လက်ဖြင့်ပင့်သုတ်လိုက်ရင်း ခြေ ပစ်လက်ပစ်ထိုင်ချကာ အနားယူ လိုက်ချိန်တွင် လက်ဝှေ့အိတ်ကို တင်းကျပ်နေအောင် ပြန်စည်းရင်း ‘‘အရေးအကြောင်းဆို ကိုယ့်ခြေ ကိုယ့်လက်တွေကပဲ အားကိုးစရာ ရှိတာ ဒီခေတ်မှာ မိန်းကလေးတစ် ယောက်တည်းရပ်တည်ဖို့ ဘယ် သူ့မှယုံရတာမဟုတ်ဘူး’’ဟု ၎င်း က ပြောသည်။
အနောက်တိုင်းလက်ဝှေ့ kick boxing အားကစားကို သုံး နှစ်ကြာအစဉ်တစိုက်လေ့ကျင့်ခဲ့ သော မခေမာထွန်းမှာ ဖခင်ဆုံးပါး သွားခဲ့ချိန်မှစ၍ ဆယ်ကျော်သက် ညီမလေးတစ်ယောက်ကို ထိန်း ကျောင်းခဲ့ရသည်။ ကျင်လည်ရာ ပတ်ဝန်းကျင်တွင် လုံခြုံမှုပျောက် ဆုံးခဲ့သော အဖမဲ့အမျိုးသမီးနှစ်ဦး ၏ဘဝကို မည်သူတစ်ဦးတစ် ယောက်၏ အကူအညီမျှမပါဘဲ ဖြတ်သန်းခဲ့ရသည်ဟု ၎င်းက ဆို သည်။
ယနေ့ခေတ် လူ့အဖွဲ့အစည်း တွင် ယောက်ျားများနည်းတူ မိန်းမ သားများရင်ပေါင်တန်းလာနိုင် သည်ဟုဆိုနိုင်သော်လည်း တစ် ဖက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှုန်းကလည်း တစ် နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာခဲ့သည်။ အကြမ်းဖက်သူအများစုကလည်း အားနွဲ့သူအမျိုးသမီးများအပေါ် ပို၍ပစ်မှတ်ထားလာကြသည်။
နိုင့်ထက်စီးနင်းအကြမ်းဖက် ခံရသူတို့တုံ့ပြန်နိုင်ရန် အဓိက တတ်မြောက်ထားသင့်သည့် ကိုယ်ခံပညာရပ်ကို အမျိုးသားများထက် အမျိုးသမီးများ ယနေ့ခေတ်တွင် တတ်မြောက်ထားရန် လိုအပ်လာသည်ဟု Dragon King ကွန်ဖူးသိုင်းသင်တန်း ကျောင်းမှ ဦးရန်နိုင်က ပြောသည်။ ‘‘မြန်မာ့ယဉ်ကျေးမှုအရ မိန်းကလေးတွေက ကိုယ်ခံပညာသင်ရမှာကို ရှက်နေ၊ ကြောက် နေကြတယ်’’
မိန်းမသားတစ်ဦးအနေဖြင့် ကိုယ်ခံပညာကို ကျွမ်းကျင်အဆင့် တတ်မြောက် ထားရုံမျှဖြင့် ယောက်ျားတစ်ဦးကိုယှဉ်ပြိုင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် ကိုယ်ခံပညာတတ် မြောက်ထားခြင်းဖြင့် မထင်မှတ် ထားသောချက်ကောင်းနေရာများ ကို စက္ကန့်ပိုင်းအတွင်း ထိရောက်စွာတိုက်ခိုက်နိုင်ပြီး အကြမ်းဖက်ခံရခြင်းမှလွတ်မြောက်နိုင်သည်။
‘‘ကိုယ့်မှာ အားကိုးရာမဲ့နေ တဲ့အချိန် ကိုယ့်ကိုယ်ကိုယ် မလုံခြုံ ဘူးထင်နေတဲ့အချိန်တွေမှာ ကိုယ် ခံပညာဖြစ်ဖြစ်၊ သိုင်းဖြစ်ဖြစ်တစ် ခုခုကို တတ်ထားရင် ယုံကြည်မှု လည်းရှိလာတယ်’’ဟု မခေမာ ထွန်းက ပြောသည်။
‘‘အန္တရာယ်ဆိုတာကို ဘယ် တော့မှ လျှော့တွက်လို့ရတာ မဟုတ်ဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။
အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၏ အဓိကအချက်မှာ သွက်လက်ဖျတ်လတ်မှု နှောင့်နှေးခြင်း နှင့် ကျန်းမာသန်စွမ်းမှု မရှိခြင်းတို ကြောင့်ဟု ဆိုသည်။ မြန်ဆန်သွက်လက်သော ကိုယ်ခန္ဓာအနေအထားနှင့်အတူ အမျိုးသမီးများ မိမိကိုယ်ကိုယ်ကာကွယ်နိုင်သော ကျန်းမာသန်စွမ်းသည့် ခြေလက်တစ်စုံကိုရရှိရန် သက်လုံအားကစားနည်း ဖြင့်သာ လေ့ကျင့်နိုင်မည်ဟု Balance Fitness မှ Kick Boxing နည်းပြဆရာ ကိုအောင်သက်က ဆိုသည်။
အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုများက တစ်ကမ္ဘာ လုံးတွင် ရှောင်လွှဲမရနိုင်သော ပြဿနာဖြစ်နေသော်လည်း မြန်မာအမျိုးသမီးများမှာမူ အရှက် အကြောက်ကြီးခြင်းနှင့် ပွင့်လင်းမှု မရှိခြင်းတို့ကြောင့် ပို၍ပို၍နစ်နာခဲ့ ရသည်။ အချို့သောနာကျင်စရာ ဇာတ်လမ်းများမှာ လူမသိသူမသိ ပြီးဆုံးခဲ့ရသည်။
‘‘အကြမ်းဖက်ခံရတဲ့အချိန် မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာ ကွယ်ရမယ်ဆိုတာကိုသိဖို့ ပို အရေးကြီးပါတယ်’’ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် သိုင်းသင်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဌေးက ဆိုသည်။
‘‘ကိုယ်တတ်ထားတဲ့ပညာနဲ့ ဖြတ်ထိုးဉာဏ်ပေါင်းပြီး လျှပ် တစ်ပြက်တိုက်ခိုက်နိုင်ဖို့က အမျိုးသမီးတွေအတွက် အခွင့်အရေးပဲ’’ ဟု ၎င်းက ပြောသည်။
မိန်းကလေးအများစုမှာ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်ရန် ကိုယ်ခံပညာသင်ယူလို စိတ် ရှိကြသော်လည်း အပင်ပန်းမခံနိုင်ခြင်းနှင့် အချိန်မပေးနိုင်ခြင်းတို့ကြောင့် မသင်ယူနိုင်ကြကြောင်း သိုင်းသင်တန်းကျောင်းအုပ်ဆရာကြီး ဦးအောင်ဌေးက ပြောသည်။
နောက်ပိုင်းတွင် အမျိုးသမီး အများစုမှာ ကိုယ်ခံပညာတတ် မြောက်ရုံသာမက ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် လေ့ ကျင့်ရန်ခက်ခဲသော ကိုယ်ခံပညာ များအစား Kick Boxing လက် ဝှေ့ပညာကို သင်ယူမှုများပြားလာ သည်။
Kick Boxing အားကစားနည်းမှာ ကိုယ်ခံပညာသက်သက်သာမကဘဲ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာပြီး သွက်လက်ခြင်းကိုဦးစားပေးသည့် ကိုယ်ခံပညာဖြစ်ကြောင်း Balance Fitness Center မှ နည်းပြဆရာကိုအောင်သက်က ပြောသည်။
၂၀၁၃ တွင် ယင်းကစားနည်း ကို လေ့လာလိုက်စားသူများ သိသိ သာသာတိုးလာခဲ့ပြီး ပုံမှန်လေ့ကျင့်သင်ကြားနေသည့် အမျိုးသမီး အရေအတွက် ၂၀၀ ကျော်အထိရှိသည်ဟု ကိုအောင်သက် က ပြောသည်။
‘‘Kick Boxing ကစားနည်း ကို အခုနောက်ပိုင်းမှာ ပြည်ပသွား ပြီး ကျောင်းတက်မယ့် မိန်းကလေး တွေနဲ့ အလုပ်သွားလုပ်မယ့် မိန်း ကလေးတွေ အများဆုံးလာသင် ကြတယ်။ တခြားနိုင်ငံမှာ ကိုယ့် ကိုယ်ကိုယ်ကာကွယ်ခုခံနိုင်မယ့် နည်းလမ်းလေးတွေ တစ်ခုခုတတ် သွားချင်တဲ့ သဘောမျိုးပေါ့’’ဟု ၎င်းက ဆိုသည်။
Kick Boxing ကစားခြင်း ဖြင့် အလုပ်ပင်ပန်းစိတ်ဖိစီးမှုဒဏ် များလျော့ပါးလာစေပြီး ၎င်းကစား နည်းကို အနိမ့်ဆုံးသုံးလဆက် တိုက်လေ့ကျင့်ကစားပါက အမျိုးသမီးများ ရုတ်တရက်အကြမ်းဖက် ခံလာရမှုကို လျင်မြန်ဖျတ်လတ် စွာ ခုခံနိုင်ကြောင်းလည်း BalanceFitness Center မှ ကိုအောင် သက် က ပြောပြသည်။
‘‘Kick Boxing က ကျန်းမာ ရေးအရရော၊ ကိုယ်ခန္ဓာအဆီကျ လှပတာရော အရမ်းထိရောက် တယ်။ ဒါကို အဓိကသင်ရတဲ့ရည် ရွယ်ချက်ကလည်း မိန်းကလေးတစ်ယောက် ကိုယ်ခံပညာရပ်တစ် ခုခုတတ်ထားရင် ဘယ်နေရာသွား သွား အရင်ကထက်ယုံကြည်စိတ် ပိုရှိလာတယ်’’ဟု ယင်းကစားနည်းကို တစ်နှစ်ကျော်ကြာ ဆက်တိုက် လေ့ကျင့် ကစားလျက်ရှိ သော မချောစုလွင်က ဆိုသည်။
ငယ်စဉ်ကလေးအရွယ်က ပင် မိမိဘဝလုံခြုံမှုအတွက် ကြံ့ ခိုင်မှုပေးစွမ်းသော အားကစား တစ်မျိုးမျိုးကို အချိန်ပေးလေ့ကျင့် ရန်လိုအပ်ပြီး မြန်မာမိဘများက လည်း ကိုယ်ခံပညာသင်ရန် အား မပေးကြကြောင်း အားကစားဝန် ကြီးဌာနမှ ကိုယ်ခံပညာဆရာတစ် ဦးက ပြောသည်။
‘‘မိဘတွေက ကလေးတွေ သိုင်းတတ်တယ်ဆိုရင် သူများတွေနဲ့ရန်ဖြစ်မှာတို့၊ လူမိုက်ဖြစ်သွား မှာတို့ကိုကြောက်ကြလို့ သိုင်းတွေ၊ ဘာတွေကိုပေးမသင်ခိုင်း ကြဘူး’’ ဟု သိုင်းသင်တန်း ကျောင်းအုပ် ဆရာကြီး ဦးအောင် ဌေးက ဆိုသည်။
‘‘အမှန်က ပညာကို စနစ် တကျတတ်သွားရင် သည်းခံစိတ် မွေးမြူတတ်လာပြီး မကောင်းတဲ့ ကိစ္စတွေကို ရှောင်ရှားတတ်လာ မယ်’’ဟု ၎င်းက ပြောသည်။
‘‘ကိုယ်ခံပညာဆိုတာ ကိုယ့်ကိုယ်ကိုယ်တင်မကဘူး ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ် မိသားစုကိုပါ အရေးကြုံရင် ကာကွယ်နိုင်မယ် လေ။ မြန်မာမိန်းကလေးအားလုံး ကိုလည်း ကျန်းကျန်းမာမာနဲ့ သန် သန်စွမ်းစွမ်းဖြစ်စေချင်တယ်’’ဟု မခေမာထွန်းက ပြောသည်။
နောက်တစ်နေ့တွင်သဲအိတ်ကို အားအပြည့်ဖြင့် တဖုန်းဖုန်းကန် နေသည်မှာ မခေမာထွန်းတစ် ယောက်တည်းမဟုတ်တော့။ ညီမဖြစ်သူဆယ်ကျော်သက် အရွယ်မိန်းကလေးနှင့်အတူ လက်ဝှေ့လေ့ကျင့်ရင်း မကြာခဏ အော်ပြောနေသည်။
‘‘ကန်ကန်.. အားထည့်ပြီး ကန်.. ’’
7Day Daily
0 comments:
Post a Comment