Thursday, February 27, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်သည့်မြန်မာ-အိန္ဒိယပူးတွဲကြေညာချက်

Image may contain: text
၁။ အိန္ဒိယသမ္မတနိုင်ငံ၊ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ် နှင့် ဇနီး ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ် တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်လျက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဂါယာနှင့် တပ်ဂျ်မဟာ အပါအဝင် အိန္ဒိယနိုင်ငံရှိ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာများသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် အိမ်နီးချင်းနိုင်ငံများအကြား ရှိရင်းစွဲ ခိုင်မာသည့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထင်ဟပ်စေပြီး အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် သွားရောက်မှု အစဉ်အလာကို အားသစ်လောင်းစေသောခရီးစဉ်ဖြစ်သည်။

၂။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရပ်ရှ်ထရာပတိ ဘာဝမ် အိမ်တော်၌ တရားဝင်အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထို့ပြင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်၊ ဂျိုင်ရှန်ကာမှ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ/ သဘောတူညီချက် (၁၀) ခု ကို လက်မှတ်ရေးထိုးခဲ့သည်။
၃။ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံရေးရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဘုံအကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့က အဆင့်မြင့်ပုံမှန်တွေ့ဆုံမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို အားသစ်လောင်းစေကြောင်း အလေးပေးပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ”နှင့် အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ”နှင့် “အိမ်နီးချင်းဦးစားပေးမူဝါဒ”တို့၏ အပြန်အလှန် အကျိုးပြုလျက်ရှိမှုအပေါ် ကြိုဆိုခဲ့ကြပြီး နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေမည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များကို ရှာဖွေဖော်ထုတ်ကာ မိတ်ဖက်ဆက်ဆံရေးအား ပိုမိုခိုင်မာလာစေရန်အတွက် ကတိကဝတ်ပြုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၄။ နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား တိုင်းတာသတ်မှတ်ထားပြီးဖြစ်သည့် နှစ်နိုင်ငံနယ်နိမိတ်အား အပြန်အလှန်လေးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိနေသည့် နယ်နိမိတ်ကိစ္စရပ်များကို နှစ်နိုင်ငံအကြား ထူထောင်ထားသည့် ပူးတွဲနယ်နိမိတ်လုပ်ငန်းအဖွဲ့အစည်းအဝေးကဲ့သို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးယန္တရားများ မှတစ်ဆင့် ဖြေရှင်းသွားရန် ကတိပြုကြောင်း အတည်ပြုပြောကြားခဲ့ကြသည်။
၅။ နှစ်နိုင်ငံဆက်ဆံရေးတွင် ပေါင်းစည်းဆက်နွှယ်မှု၏ အရေးပါမှုအပေါ် အလေးပေး ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် မြန်မာနိုင်ငံကဆက်လက်ပံ့ပိုးသွားရန် ကတိပြုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၆။ နှစ်နိုင်ငံခေါင်းဆောင်များသည် တမူး-မိုရေးနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်နှစ်ခု ဖွင့်လှစ်နိုင်ခြင်းကို ကြိုဆိုလျက် ကုန်စည်နှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူစေရန်နှင့် အခြေခံ အဆောက်အဦပိုင်း ဆောလျင်စွာ ပိုမိုဖွံ့ဖြိုးလာစေရန် လိုအပ်မှုကို မှတ်သားခဲ့ကြသည်။ အိန္ဒိယဘက်မှ မြန်မာနိုင်ငံ၊ တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်အား ပထမ အဆင့်အဖြစ် တည်ဆောက်ပေးရန် ကတိပြုကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ နှစ်ဖက် စလုံးက ယင်းစီမံကိန်း ဆောလျင်စွာ စတင်နိုင်ရေးအတွက် သဘောတူညီခဲ့သည်။ နှစ်ဖက် စလုံးက မော်တော်ယာဉ်များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆဲ နှစ်နိုင်ငံအကြား မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ သဘောတူ စာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများကို ဆောလျင်စွာအပြီးသတ်သွားရန် ကတိပြုခဲ့ကြသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နှစ်ဖက်လုံးက အင်ဖာနှင့် မန္တလေးအကြား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှစ၍ ဘတ်စ်ကားလိုင်း ပြေးဆွဲရန်အတွက် နှစ်နိုင်ငံသက်ဆိုင်ရာ ပုဂ္ဂလိကမော်တော်ယာဉ်လိုင်း လုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း အပေါ် ကြိုဆိုခဲ့ကြသည်။
၇။ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ဝေးလံခေါင်ဖျားသည့်ဒေသများတွင် နေထိုင်သည့် ပြည်သူများ၏ သာယာဝပြောမှု မြှင့်တင်ရေးအတွက် အရေးကြီးမှုကို အလေးထားလျက် နှစ်ဖက်စလုံးက နယ်စပ်ဈေးများ ဖွင့်လှစ်ရေးအား ၂၀၁၂ ခုနှစ်တွင် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာနှင့်အညီ ဦးစားပေးစီမံကိန်းတစ်ခုကို စတင်ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြသည်။ နယ်စပ်ဈေးများ စီမံခန့်ခွဲမှုနည်းလမ်းကို နှစ်ဖက်ညှိနှိုင်း သဘောတူပြီးပါက နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန် မျှော်မှန်းထားသည်။
၈။ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှု-စီးပွားနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရ၏ အထောက်အပံ့ဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအောက်မှ စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအပေါ် နှစ်ဖက်စလုံးက အားရကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ယင်းအစီအစဉ်များ အောက်တွင် အခြေခံပညာကျောင်း (၄၃) ကျောင်း၊ ကျန်းမာရေးဌာန (၁၈) ခုနှင့် တံတား နှင့် လမ်း (၅၁) ခု တည်ဆောက်ဖောက်လုပ်ခဲ့ပြီးဖြစ်သည်။ နှစ်ဖက်စလုံးက ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွင်း စတုတ္ထသုတ် အထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် ထပ်တိုးစီမံကိန်း (၂၉) ခုကို အကောင်အထည်ဖော်သွားမည့် အပေါ် ကျေနပ်အားရစွာ အသိအမှတ် ပြုခဲ့ကြသည်။
၉။ နှစ်နိုင်ငံခေါင်းဆောင်များသည် စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအား အသိအမှတ်ပြုခဲ့ကြ သည်။ နှစ်ဖက်စလုံးက စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဂိတ်နှင့် ဆက်စပ် အဆောက်အဦများ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ဆိပ်ကမ်းလုပ်ငန်းစီမံခန့်ခွဲရေး အဖွဲ့ခန့်အပ်ခဲ့မှုကို ကြိုဆိုခဲ့ကြသည်။ လုပ်ငန်း စတင်လည်ပတ်နိုင် သည်နှင့် ယင်းဆိပ်ကမ်းသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ နှစ်ဖက်စလုံးမှ ကုလားတန် စီမံကိန်း၏ နောက်ဆုံးအပိုင်းဖြစ်သည့် ပလက်ဝ-ဇိုရမ်ပူလမ်းဖောက်လုပ်မှုအား ဆောလျင်စွာပြီးစီးရေးအတွက် ကတိပြုကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ လမ်းဖောက်လုပ်မှု ပြီးစီးပါက စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသသို့ ဝင်ထွက်သွားလာမှုများ ပိုမိုများပြားလာနိုင်မည်ဖြစ်သည်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်း၏ လမ်းပိုင်းဖောက်လုပ်ရေးအတွက် စီမံကိန်းဝန်ထမ်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများအား မီဇိုရမ်နယ်စပ် ဇိုရမ်ပူရ်မှ ပလက်ဝသို့ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးအတွက် ပံ့ပိုးကူညီပေးရာတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုတို့ကို အိန္ဒိယနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၁၀။ နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားသော သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ ကလေးဝ-ယာကြီးလမ်းပိုင်း ဖောက်လုပ်ရေးလုပ်ငန်းများ၏ တိုးတက်မှု အခြေအနေအပေါ် အပြုသဘော အသိအမှတ်ပြုကြသည်။ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးပေါ်ရှိ တံတား (၆၉) စင်း အဆင့်မြှင့်တင်မှုနှင့်ပတ်သက်၍ မြန်မာဘက်မှ ပံ့ပိုးဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေးအတွက် အိန္ဒိယဘက်မှ ထပ်လောင်း ကတိပြုခဲ့သည်။
၁၁။ စွမ်းရည်မြှင့်တင်ရေးနှင့် လေ့ကျင့်ရေးနယ်ပယ်များတွင် အိန္ဒိယနိုင်ငံက အကူအညီ ပေးအပ်နေမှုများအပေါ် မြန်မာဘက်မှ ကျေးဇူးတင်ရှိသည်။ နှစ်ဖက်စလုံးက မြန်မာ သတင်းအချက်အလက် နည်းပညာသိပ္ပံနှင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဆိုင်ရာ အဆင့်မြင့်ဗဟိုဌာန အစရှိသော အရေးကြီးသည့်စီမံကိန်းများအား စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် ရေရှည်ပူးတွဲဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ရမည်းသင်း အမျိုးသမီးရဲလေ့ကျင့်ရေးသင်တန်းကျောင်း အဆင့်မြှင့်တင်ရေး အကောင်အထည်ဖော်ရန် နည်းလမ်းများကို အပြီးသတ်ညှိနှိုင်းပြီးစီးပြီးနောက် စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် မျှော်လင့်ကြသည်။ နှစ်ဖက်စလုံးက အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် မြင်းခြံမြို့နှင့် ပခုက္ကူမြို့တို့တွင် မြန်မာ-အိန္ဒိယစက်မှုသင်တန်းကျောင်းများ တည်ထောင်နိုင်ခဲ့ခြင်းအားဖြင့် မြန်မာလူငယ်များအတွက် အလုပ်အကိုင်ပိုမို ဖန်တီးပေးနိုင်မှုကို အသိအမှတ်ပြုခဲ့ကြသည်။ မုံရွာမြို့နှင့် သထုံမြို့တို့တွင် သင်တန်းကျောင်းသစ်နှစ်ကျောင်း တည်ဆောက်ရေးအတွက် တိုးတက်မှုများ ရရှိနေခြင်းအပေါ် အသိအမှတ်ပြုခဲ့ကြသည်။
၁၂။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှု-စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အိန္ဒိယအစိုးရက ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံက ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ နေရပ်စွန့်ခွာသူများအတွက် အသင့်တပ်ဆင်ပြီး အိမ်အလုံး (၂၅၀) နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့မှုအား မြန်မာနိုင်ငံမှ ကျေးဇူးတင်ရှိသည်။ နှစ်ဖက်စလုံးက ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်၏ ဒုတိယအဆင့်အနေဖြင့် စီမံကိန်း (၁၂) ခုအား အကောင်အထည်ဖော်နေမှုနှင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ အစိတ်အပိုင်း ဖြစ်သည့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားစွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ (High Impact Community Development Projects) နှင့် ဆောလျင်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်းများ (Quick Impact Projects)၏ မူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်နေမှုတို့ကို အရှိန်အဟုန်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အိန္ဒိယအကူအညီဖြင့် ဆောလျင်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူညီချက်အား ခရီးစဉ်အတွင်း လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းအပေါ် နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြသည်။
၁၃။ အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားရန် မြန်မာအစိုးရက မကြာမီက တိုးမြှင့်ကြိုးပမ်းဆောင်ရွက်လာနေမှုများအပေါ် ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ကော့စ်ဘဇားတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ၎င်းတို့၏ ဆန္ဒအလျောက် ဆောလျင်စွာနှင့် စဉ်ဆက်မပြတ် နေရပ်ပြန်ရေးလုပ်ငန်းစဉ်အား နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
၁၄။ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများကို အပြည့်အဝဖော်ဆောင်သွားနိုင်ရေးအတွက် ပိုမိုကြိုးပမ်းအားထုတ် သွားရန် လိုအပ်ကြောင်းကို မှတ်သားခဲ့ကြသည်။ ပေါင်းစည်းဆက်နွှယ်မှု တိုးတက်စေရေး၊ ဈေးကွက်ရရှိရေး၊ ငွေကြေးလွှဲပြောင်းမှုများ လွယ်ကူချောမွေ့ရန် ဆောင်ရွက်ပေးရေး၊ စီးပွားရေး လုပ်ငန်းအချင်းချင်း ပိုမိုချိတ်ဆက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူစာချုပ်များ ချုပ်ဆိုခြင်းစသည့် အစီအမံများသည် နှစ်နိုင်ငံစလုံး၏ လူမှု-စီပွားရေးဘဝ မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မှတ်သားခဲ့ကြသည်။
၁၅။ အိန္ဒိယနိုင်ငံ၏ ရူပေးကတ် (Rupay Card) များ အသုံးပြုခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရန် တွန်းအားပေးစေရုံသာမက အိန္ဒိယနိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ကိုပါ အထောက်အကူပြုစေနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ အမျိုးသားငွေပေးချေရေးဆိုင်ရာ ကော်ပိုရေးရှင်းအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းကို အသိအမှတ်ပြုလျက် မြန်မာနိုင်ငံ၌ ရူပေးကတ်များ ဆောလျင်စွာ စတင်အသုံးပြုနိုင်ရေးအတွက် အတူတကွ ပူးတွဲဆောင်ရွက်သွားကြရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြသည်။
၁၆။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ ငွေလွှဲငွေပို့သည့်လုပ်ငန်းများ တိုးတက်ရန်အတွက် အထောက်အကူဖြစ်စေမည့် မြန်မာ-အိန္ဒိယ ဒစ်ဂျစ်တယ်ငွေပေးချေရေး လမ်းကြောင်းကို ဖန်တီးနိုင်ရေးအတွက် နည်းလမ်းရှာဖွေကြရန် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ဒေသသုံးငွေကြေးဖြင့် တိုက်ရိုက်ငွေပေးချေမှုဆိုင်ရာ နှစ်နိုင်ငံယန္တရားတစ်ရပ် ထူထောင်ရေးအတွက် ဆန္ဒရှိကြောင်း ဖော်ပြ ခဲ့ကြသည်။ နှစ်နိုင်ငံအကြား တည်ရှိပြီးယန္တရားဖြစ်သည့် မြန်မာ-အိန္ဒိယ ပူးတွဲကုန်သွယ်ရေး ကော်မတီအစည်းအဝေးများ ဆောလျင်စွာ ဆက်လက်ကျင်းပသွားရန် သဘောတူညီခဲ့ကြသည်။
၁၇။ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍတွင် ပိုမိုပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုး ဖြစ်ထွန်းစေမည်ကို အသိအမှတ်ပြုကြသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အစိုးရချင်း နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးပြီး ရေနံသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ လက်လီ ရောင်းချခြင်းစသည်တို့အတွက် ရေနံထွက်ပစ္စည်းများ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။ နှစ်ဖက်စလုံးက ရေနံထွက်ပစ္စည်းများ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် ရေနံထွက်ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် အတွက် အားပေးပံ့ပိုးသွားရန် သဘောတူညီခဲ့ကြသည်။ အိန္ဒိယအစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးများမှ မြန်မာနိုင်ငံ၏ ရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြပြီး အဆိုပါလုပ်ငန်းကြီးများ၏ ရင်းနှီးမြှုပ်နှံ ထားသည့်စီမံကိန်းများမှ ထုတ်လုပ်ရရှိသည့် ရေနံထွက် ပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချရန် အခွင့်အလမ်းများအား ကြိုးပမ်းရှာဖွေ ဖော်ထုတ်သွားရန် သဘောတူညီခဲ့ကြသည်။
၁၈။ နှစ်နိုင်ငံစလုံးက ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေး၏ အဓိကကျသည့် မဏ္ဍိုင်များအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍမှ တာဝန်ရှိသူများ၏ အပြန်အလှန်ခရီးစဉ်များဖလှယ်မှု အပြုသဘောဖြင့် တိုးတက်များပြား လာနေမှုအပေါ် အသိအမှတ်ပြုခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ဖော်ဆောင် ပေးနိုင်မည်ဟု အသိအမှတ်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံသည် မြန်မာ့တပ်မတော်၏ စွမ်းရည် မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ဘုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းမှု မြှင့်တင်ရန် ထပ်လောင်း အတည်ပြုခဲ့သည်။ နယ်စပ်နေပြည်သူများ၊ နှစ်နိုင်ငံနှင့် ဒေသတွင်း အေးချမ်းသာယာဝပြောမှုကို မြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် နှစ်ဖက်စလုံးမှ ထပ်မံကတိပြု ခဲ့ကြသည်။ နှစ်ဖက်ခေါင်းဆောင်များသည် တခြားတစ်နိုင်ငံကို ရန်လိုတိုက်ခိုက်သည့် မည်သည့်ဆန့်ကျင်ဖက် အဖွဲ့အစည်းကိုမှ မိမိတို့၏နယ်မြေကို အသုံးချခွင့် မပြုကြောင်း ထပ်လောင်း ကတိပြုခဲ့ကြသည်။
၁၉။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှု များ တိုးတက်နေမှုကို ကြိုဆိုခဲ့ကြသည်။ ခေါင်းဆောင်များသည် ပင်လယ်ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းရန်နှင့် ပင်လယ်ရေကြောင်းလုံခြုံရေး ပိုမိုအားကောင်းလာစေရန် အရေးကြီးကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ကြပါသည်။ ပင်လယ်ရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပခဲ့ခြင်းနှင့် နှစ်နိုင်ငံရေပြင်အတွင်း ဖြတ်သန်း သွားလာနေသော ကုန်သွယ်ရေယာဉ်များ၏ သတင်းအချက်အလက်များ စတင်ဖလှယ်နိုင်ခြင်းတို့ကို နှစ်နိုင်ငံခေါင်းဆောင်များက အရေးကြီးသည့် ခြေလှမ်းများအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။
၂၀။ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ကိစ္စရပ်များအပေါ် နှစ်ဖက်အလေးထားသည့် ကိစ္စရပ်များအား ဖြေရှင်းရာတွင်ကျယ်ပြန့်သည့် ဥပဒေမူဘောင်တစ်ရပ်ထူထောင်မှု၏ အရေးကြီးမှုကို အလေးထားလျက် နှစ်ဖက်ခေါင်းဆောင်များသည် တရားမမှုနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် အပြန်အလှန် အကူအညီပေးရေးသဘောတူစာချုပ်နှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ကဲ့သို့သော နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆဲဖြစ်သည့် စာချုပ်များအား ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံစလုံးက ယင်းစာချုပ်များအား ဆောလျင်စွာ အပြီးသတ်ရေးအတွက် ထပ်လောင်းကတိပြုခဲ့ကြသည်။ မြန်မာနိုင်ငံက အိန္ဒိယ နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ထုတ်ပေးမှုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ကာလတိုးမြှင့်ပေးခဲ့ခြင်းကို အိန္ဒိယနိုင်ငံမှ ကြိုဆိုခဲ့သည်။
၂၁။ မြန်မာနိုင်ငံမှ ကင်ဆာရောဂါဝေဒနာရှင်များအတွက် “Bhabhatron-2” ခေါ် ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည် ကုထုံးစက်ကိရိယာ ပံ့ပိုးပေးရန် အိန္ဒိယနိုင်ငံ၏ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ရှိ သည်။ နှစ်ဖက်စလုံးသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
၂၂။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို အိန္ဒိယနိုင်ငံမှ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယဘက်မှ မြန်မာအစိုးရဝန်ထမ်းများ၊ အားကစားသမားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ၊ သင်တန်းများ၊ လေ့လာရေးခရီးများနှင့် သင်တန်းပို့ချမှုများကို အိန္ဒိယဘက်က ပေးအပ်စီစဉ်နေမှုများအပေါ် ကျေနပ်အားရမှုရှိကြောင်း ဖော်ပြခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ အမျိုးသားသုတေသနနှင့် ပညာရေးဆိုင်ရာကွန်ရက် (National Knowledge Network--NKN)ကို မြန်မာနိုင်ငံ၏ တက္ကသိုလ်များအတွက် တိုးချဲ့ပေးသွားရန် အိန္ဒိယဘက်က သဘောတူညီခဲ့သည်။ မြန်မာနိုင်ငံ သံတမန်သင်တန်းကျောင်း တည်ထောင်ရေး အတွက် အကူအညီပေးအပ်သွားရန် အသင့်ရှိကြောင်း အိန္ဒိယဘက်မှ ထပ်လောင်းထုတ်ဖော် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ “Aadhar” စီမံကိန်းအပေါ်အခြေခံ၍ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ အမျိုးသား မှတ်ပုံတင်စီမံကိန်းအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးရန် ကမ်းလှမ်းမှုအပေါ် မြန်မာဘက်မှ မှတ်သားခဲ့သည်။

၂၃။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်အပေါ် အိန္ဒိယနိုင်ငံ၏ ထောက်ခံအားပေးမှုကို ထပ်လောင်း အတည်ပြုခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူဘောင်အောက်မှ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများဖြင့် ဖော်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် တူညီသည့် အမျိုးသားရေး ပန်းတိုင်များဖြစ်သည့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းရေး၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။
၂၄။ အကြမ်းဖက်မှု၏အန္တရာယ်ကို နှစ်ဖက်စလုံးက အသိအမှတ်ပြုလျက် အကြမ်းဖက် အဖွဲ့များနှင့် ၎င်းတို့၏လုပ်ရပ်များကို တန်ပြန်တားဆီးသွားရေးအတွက် ပူးပေါင်းဆောင်ရွက် သွားကြရန် သဘောတူညီခဲ့ကြသည်။ နှစ်ဖက်ခေါင်းဆောင်များသည် အကြမ်းဖက်ဝါဒ၏ မည်သည့်ပုံစံကိုမဆို ရှုတ်ချပြီး အကြမ်းဖက်ဝါဒနှင့် ပြင်းထန်သော အစွန်းရောက်ဝါဒကို တန်ပြန်တားဆီးသွားရေးအတွက် သတင်းအချက်အလက်မျှဝေမှုအပါအဝင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။
၂၅။ ထို့ပြင် ကုလသမဂ္ဂနှင့် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့သော နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ ကြသည်။ အာဆီယံ၊ ဘင်းမ်စတက်၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစရှိသည့် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်များအတွင်း လက်တွဲဆောင်ရွက်သွားကြရန်လည်း သဘောတူညီ ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲပြီး အဖွဲ့ဝင်များတိုးချဲ့ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံ၏ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ထောက်ခံ အားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းအောင် ဆက်လက်ထိန်းသိမ်းထားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုရရှိရေးအတွက် အားလုံး၏ စုပေါင်းကြိုးပမ်းမှုကို လွှမ်းခြုံထားသောမူများဖြစ်သည့် အင်ဒို-ပစိဖိတ်ဒေသတွင် အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာမှုနှင့် အာဆီယံ အသင်း၏ အချက်အချာကျမှုတို့ကို မြှင့်တင်ရေးအတွက် ကတိကဝတ်များကို နှစ်ဖက် ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ကြသည်။ ကမ်းလွန်ရေတိမ်ပိုင်း ရေမိုင် (၂၀၀) ထက် ကျော်လွန်သတ်မှတ်နိုင်ရေးဆိုင်ရာ အဆိုပြုတင်သွင်းမှုများနှင့်စပ်လျဉ်းပြီး နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်းပီသမှုတို့အပေါ်အခြေခံ၍ နှစ်နိုင်ငံ ကျွမ်းကျင်သူအဆင့် ဆွေးနွေးမှုများကို ဆက်လက်ကျင်းပသွားရန် နှစ်နိုင်ငံစလုံးက မျှော်မှန်း ထားသည်။
၂၆။ နေရောင်ခြည်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် နေရောင်ခြည်စွမ်းအင် မိတ်ဖက်နိုင်ငံများအဖွဲ့ (International Solar Alliance-ISA) သို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်လာနိုင်စေရန်အတွက် ကြိုးပမ်းချက်တစ်ခုဖြစ်သည့် နေရောင်ခြည်စွမ်းအင် မိတ်ဖက်နိုင်ငံများအဖွဲ့၏ မူဘောင်သဘောတူညီမှု ပြင်ဆင်ချက်ကို ဆောလျင်စွာ အတည်ပြုသွားနိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရန် မြန်မာနိုင်ငံက ကတိပြုခဲ့သည်။ ထို့ပြင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံ အဆောက်အဉီဆိုင်ရာ မိတ်ဖက်အဖွဲ့ (Coalition for Disaster Resilient Infrastructure – CDRI) သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့သော သဘာဝဘေးဒဏ် မကြာခဏခံစားရလေ့ရှိသည့် နိုင်ငံများနှင့် ဆက်စပ်သက်ဆိုင်မှုရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးအတွက် စဉ်းစားနိုင်ရန် အိန္ဒိယနိုင်ငံမှ တိုက်တွန်းခဲ့သည်။
၂၇။ ယူနက်စကိုအဖွဲ့မှ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် စာရင်းဝင် သတ်မှတ်မှုကို အိန္ဒိယနိုင်ငံက ကြိုဆိုခဲ့သည်။ နှစ်နိုင်ငံစလုံးသည် ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့ရသည့် ပုဂံဒေသရှိ စေတီ (၉၂)ဆူအား ပြုပြင်ထိန်းသိမ်းရေးစီမံချက် (ပထမအဆင့်) အနေဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာနမှ စေတီ (၁၂) ဆူအား ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်လုပ်ငန်း စတင်ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ ယင်းလုပ်ငန်းဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးအပ်သွားရန် မြန်မာဘက်က သဘောတူညီခဲ့သည်။
၂၈။ နှစ်ဖက်စလုံးက နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အဆင့်တိုင်းတွင် ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်သွားရန်လည်း သဘောတူညီကြောင်း ခိုင်မာသည့်သန္နိဋ္ဌာန်ချထားမှုကို ထပ်လောင်းအတည်ပြုခဲ့သည်။
၂၉။ မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံတွင် ရောက်ရှိစဉ်ကာလအတွင်း နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်မှုများအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အိန္ဒိယ သမ္မတ ရှရီ ရာနက်သ် ကိုဗင့်ဒ်နှင့် ဇနီး ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ် တို့အား ကျေးဇူးတင်ရှိသည်။
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
နယူးဒေလီမြို့
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်
Ref: Ministry of Foreign Affairs Myanmar #Myanmar_Online_News

0 comments:

Post a Comment