Thursday, October 3, 2013

သံတွဲပဋိပက္ခကြောင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌအပါအ၀င် ခြောက်ဦးထက်မနည်း ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို အောက်တိုဘာ ၃ ရက်က စတင် ဖမ်းဆီးရာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ သံတွဲမြို့နယ်ဥက္ကဋ္ဌ ဦးမောင်ပု အပါအ၀င် ခြောက်ဦးထက် မနည်း ထိန်းသိမ်းထားပြီး ဖြစ်သည်ဟု နိုင်ငံရေးပါတီများနှင့် လူမှုကွန်ရက် အဖွဲ့အစည်းများမှ မဇ္ဈိမကို ပြောသည်။

ဘာသာမတူသော လူအုပ်စု နှစ်စုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမှစ၍ မီးရှို့မှု၊ လူသေမှုများဖြစ်ပေါ်ခဲ့သော သံတွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၃ ရက် ညနေ ခြောက်နာရီခွဲခန့်အချိန်ထိ မဇ္ဈိမမှ ရရှိသော သတင်းများအရ ပါဝင်ပတ်သက်သူ ခြောက်ဦးထက်မနည်းကို ဖမ်းဆီးထားရာ အမျိုးသမီးတစ်ဦး ပါဝင်သည်ဟု သိရသည်။

ယင်းအမျိုးသမီးသည် မိမိနေအိမ်ကို ကို်ယ်တိုင် မီးရှို့ရန် ကြံစည်သဖြင့် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံ များက ပြောသည်။

လက်ရှိ စစ်ဆေးရန် ခေါ်ယူသွားသူများမှာ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ ဦးမောင်ပု(ခ) ဦးစောလိုင်၊ သံတွဲ မြို့ အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအသင်းမှ ဦးသိန်းဝင်းနှင့် ဦးသိန်းဇံနှင့် ကိုကျော်ကျော်၊ ကိုမြင့်မိုးအောင်၊ ကိုဝင်းကိုလေးတို့ ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

ယင်းအပြင် သံတွဲမြို့ ကျီးကန်းရဲကျေးရွာရှိ လူငါးဦးကိုလည်း ယနေ့ ညနေ လေးနာရီက ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု သံတွဲလူမှုကွန်ရက်မှ ကိုမြင့်မိုးကလည်း မဇ္ဈိမကို ပြောသည်။

ယင်းသို့ ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များထံသို့ မဇ္ဈိမက အတည်ပြုချက် ရယူရာတွင် ဖမ်းဆီးသည်ဟု ပြောကြားသော်လည်း မည်သူတို့ကို ဖမ်းဆီးသည်၊ အရေအတွက်မည်မျှဖမ်းဆီးသည်ကို အတည်ပြုချက် သီးသန့်ပေးခဲ့ခြင်း မရှိပေ။

ယင်းသို့ ဒေသခံအချို့ကို ခေါ်ယူစစ်ဆေးခြင်းနဲ့ပတ်သက်ပြီး သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးကျော်တင့်က “ဒီကိစ္စက ဘေးကသွေးထိုးမှုတွေ အများကြီးပါတယ်။ ဖြစ်တဲ့ရွာတွေကလူတွေက ဘာမှသိတဲ့သူတွေ မဟုတ်ဘူး။ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ရတာ။ အဲဒါကြောင့် စစ်ဆေးသင့်တဲ့သူတွေကို ခေါ်ယူစစ်ဆေး နေပါတယ်၊ ဘယ်နှစ်
ယောက်လဲ ဘယ်သူတွေလဲဆိုတာတော့ ပြောလို့မရပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

“အခု မြို့ပေါ်ရော ကျေးရွာတွေကိုပါ အင်အားတွေ ထပ်ဖြည့်ပြီး ဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု ၎င်းက အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

ဦးမောင်ပုကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးဦးလှစောက “ဦး မောင်ပုက လွှတ်တော်ဥက္ကဋ္ဌနဲ့ ရန်ကုန်မှာတွေ့ဆုံဖို့အတွက် ၂၈ ရက်မတိုင်ခင်ကပဲ ရန်ကုန်ကို ရောက် နေတာ။ ၃၀ ရက်မှာ သံတွဲကို ပြန်တယ်။ သူဘာမှ ဒီကိစ္စကို သိမှာမဟုတ်ဘူး”ဟု မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးထားသူ ခြောက်ဦးကို နေ့ချင်းပင် ရုံးထုတ်ဟု ဆို

ဦးမောင်ပုအပါအ၀င် ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်းအား မကျေနပ်သောကြောင့် ရခိုင်လူအုပ်စု ၅၀၀ ခန့်က ညနေ လေးနာရီခန့်တွင် တရားရုံးရှေ့တွင် စုဝေးခဲ့ပြီး ထိုခြောက်ဦးကို ညနေ ငါးနာရီခွဲတွင် ရုံးထုတ်စစ်ဆေးပြီး ၁၇ ရက်တွင် ထပ်မံ၍ ရုံးတင် စစ်ဆေးမည်ဖြစ်သည်ဟု သံတွဲ လူမှုကွန်ရက်မှ ဦးမြင့် မိုးက မဇ္ဈိမကို ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မဇ္ဈိမက တရားရုံးသို့ ဆက်သွယ်သော်လည်း သီး ခြားမှတ်ချက် တစ်စုံတစ်ရာ မရခဲ့ပေ။

ရခိုင်လူမှုကွန်ရက်အဖွဲ့မှ ဦးမြင့်မိုးက “ညနေ ငါးနာရီခွဲလောက်မှ ကိုမောင်ပုနဲ့ ခြောက်ယောက်ကို ရုံးထုတ်တယ်။ ၁၇ ရက်ကို ရုံးချိန်းထပ်ချိန်းတယ် ကျော်ဇံလှဆိုတဲ့လူက တရားစွဲတယ်လို့ တရားသူကြီးက ပြောပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ ရုံးထုတ်ခြင်းနှင့်ပတ်သက်၍ သံတွဲမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်ကလည်း “ဟုတ်ပါ တယ်၊ သူတို့ လူတွေကို ရုံးထုတ်လို့ လူထုက လာသွားတာပါ၊ ဆန္ဒပြတာမဟုတ်ပါဘူး”ဟု ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ညနေ ခြောက်နာရီ နောက်ပိုင်းတွင် လူစုကွဲသွားပြီး မြို့ပေါ်တွင် တည်ငြိမ်လျက် ရှိသည်။ ကျေးရွာများတွင်မူ ကောလာဟလသတင်းများ ပျံ့ပွားလျက်ရှိပြီး လုံခြုံရေး အင်အားလည်း အားနည်းနေ သည်ဟု ဆင်ဒင်ကလေးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

သံတွဲဖြစ်စဉ် ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရန် သမ္မတညွှန်ကြား

အောက်တိုဘာ ၃ ရက် မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ သုံးရက်မြောက်ခရီးစဉ်အဖြစ် သံတွဲမြို့တွင် ဘာသာနှစ်ခုစလုံးမှ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင် ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ ကို အမြန်ဆုံး ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟုလည်း တွေ့ဆုံရာတွင် ပါဝင်သူ သံတွဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

သံတွဲမြို့ လက်ရှိအခြေအနေ တည်ငြိမ်

သံတွဲမြို့တွင် လက်ရှိ လုံခြုံရေးရဲအင်အား ၂၅၀ နှင့် စစ်တပ်အင်အား၂၀၀ ခန့် ချထားပြီး ဒေသတည်ငြိမ်လျက်ရှိ သည်ဟု အစိုးရအဖွဲ့က ဆိုသည်။

စက်တင်ဘာ ၂၈ ရက်မှ စတင်ခဲ့သော ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခဖြစ်စဉ်တွင် နေအိမ် တစ်ရာခန့် ပျက်စီးပြီး အိမ်ထောင်စု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ၎င်းအိုးအိမ်မဲ့ ဒုက္ခသည်များကို ယာယီတဲများ ဆောက် လုပ်ပေးထားပြီး လုံခြုံရေးများ ချထားပေးကာ နေအိမ်များ ပြန်လည် ဆောက်လုပ်ရာတွင်လည်း အစိုးရအဖွဲ့က ကူညီ ပံ့ပိုးပေးရန်လည်း သမ္မတက ညွှန်ကြားခဲ့သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment