Thursday, October 3, 2013

နိုင်ငံရေးလုပ်သူများအား ရာဇ၀တ်မှုပုဒ်မဖြင့် အကျဉ်းချခံရမှုကို နိုင်/ကျဉ်းစာရင်းသွင်းရန် တိုက်တွန်းမည်

နိုင်ငံရေး လုပ်ဆောင်ကာ အကျဉ်းကျသော်လည်း နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ ရာဇ၀တ်မှု ပုဒ်မများဖြင့် အကျဉ်းထောင် များတွင် ရှိနေသူများအား နိုင်/ကျဉ်း စာရင်းသွင်းနိုင်ရန် အောက်တိုဘာလထဲတွင် ပြုလုပ်မည့် နိုင်ငံရေး အကျဉ်းသား များ စိစစ်ရေးကော်မတီ၏ အစည်းအဝေးတွင် တိုက်တွန်းသွားမည်ဟု နိုင်/ကျဉ်းဟောင်းများအဖွဲ့ချုပ်မှ ဦးရဲအောင် က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေး အကျဉ်းသားစာရင်းမှာတော့ နောက်ထပ် တိုးလာတာတွေရှိတယ်။ အခုတစ်ခေါက် အစည်းအဝေးမှာတော့ နိုင်ငံရေးအကျဉ်းသား ဟုတ်ပေမယ့် အရင်က ဖမ်းတုန်းက အခြားပုဒ်မတွေနဲ့ ဖမ်းထားတာတွေ၊ ရာဇ၀တ်မှုတွေနဲ့ ဖမ်းထားတာတွေက အခုစာရင်းထဲမှာ ၀င်နေပြီဖြစ်တဲ့သူတွေရှိသလို အကျဉ်း ထောင်ထဲမှာ ကျန်နေတာတွေလည်း ရှိတယ်။ သူတို့ကို ဖော်ထုတ်ဖို့ကို ဒီတစ်ခေါက် အဓိကထား ဆွေးနွေးမယ်”ဟု ဦးရဲအောင်က ပြောသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများအား တခြားပုဒ်မများဖြင့် ဖမ်းဆီးခံရသူများ၏ စာရင်းကို အတည်ပြုရန် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။

နိုင်/ ကျဉ်းများအား စိစစ်ရာတွင် အစိုးရဘက်မှ အချက်အလက်များ မရရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မိသားစုဝင်များနှင့် နိုင်ငံရေးသမားအချင်းချင်း၏ သတင်းပေးပို့မှုဖြင့်သာ စာရင်းသွင်းနေရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ပြောသည်။

ထို့အပြင် နိုင်/ကျဉ်းစိစစ်ရေးကော်မတီက စက်တင်ဘာလတွင် အပြီးသတ် ကောက်ယူခဲ့သော စာရင်းအရ အကျဉ်းထောင်များ အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ အယောက်၂၀၀ ကျော် ရှိနေသေး သည်။ ထိုအထဲတွင် ရခိုင်ပြည်နယ် အတွင်းမှ ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျနေသူ ၂၂ ဦးလည်း ပါဝင်သည်။

ထိုသူများသည် ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ ဖြစ်ပွားခဲ့စဉ်က ဆန္ဒထုတ်ဖော်သူများနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့က ဦးရဲအောင်က ပြောသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားစာရင်းတွင် မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁)ဖြင့် အကျဉ်းကျသူများ အား ထည့်သွင်းရန်နှင့် ထိုသူများအား ဦးစွာလွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီနှင့် သက်ဆိုင်ရာ မှ နှုတ်ကတိဖြင့် ပြောဆိုထားပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီ၏ အစည်းအဝေးကို လစဉ် ၅ ရက်တိုင်း ပြုလုပ်လျက်ရှိသော် လည်း ယခုလတွင်မူ ထိုကော်မတီဝင်အစိုးရအဖွဲ့ဝန်ကြီးအချို့ မအားလပ်မှုကြောင့် ရွှေ့ဆိုင်းထားရကြောင်း သိရသည်။ ယခုပြုလုပ်မည့် အစည်းအဝေးသည် သတ္တမအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည်။

ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိရန် ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန် သည် ဇူလိုင်လက ဗြိတိန်နိုင်ငံသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။ ထို့ပြင်ပြီးခဲ့သည့် သြဂုတ်လ ဆန်းကလည်း ပြည်သူကို ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် သမ္မတက ထပ်မံ ကတိပေး ထားသေးသည်။

Mizzima - News in Burmese

0 comments:

Post a Comment