Tuesday, October 15, 2013

တန်ဖိုးမြင့်ကားအစီး ၂၀ ဘီးထိုးဖောက်သည့်တရားခံမှာ မည်သည့်တာယာဆိုင်ကမှန်းမသိဖြစ်နေ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်(၈)ရပ်ကွက်တွင် အောက်တိုဘာ(၁၅)ရက် ညအချိန်၌ လမ်းအချို့တွင် ရပ်ထားသည့် ကားအစီး(၂၀)ခန့် ကားဘီးများကို ချွန်ထက်စေသည့်အရာနှင့် ထိုးဖောက်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ်မြို့မ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ ကားဘီးထိုးဖောက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမြင့်ကားများကိုသာ ထိုးဖောက်ခဲ့ခြင်းဖြစ်ကာ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရရှိထားသည့် တရာခံအားမေးမြန်းရာတွင် တာယာဆိုင်တစ်ခုမှဖြစ်ကြောင်း ပြောဆိုသော်လည်း မည်သည့် တာယာဆိုင်ဟု ပြောဆိုခြင်း မရှိဟု ကမာရွတ်မြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။

“တာယာဆိုင်တစ်ခုကလို့တော့ ပြောတယ်။ ဘယ်ဆိုင်ကလဲဆိုတာကိုတော့ မပြောဘူး။” ဟု မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ထိုးဖောက်ခံခဲ့ရမှုကြောင့် ကမာရွတ်မြို့နယ်တွင်း နေထိုင်သူများအနေဖြင့် ကားပါကင် တစ်ခုပြုလုပ် ပေးရန် ဆန္ဒရှိနေ ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်နေပြည်သူများထံမှ သိရသည်။

“တကယ်တော့ မြို့ကြီးပြကြီးတွေမှာ ကားပါကင်ဆိုတာ သီးသန့်ရှိသင့်တယ်။ ပိုက်ဆံ ဘယ်လောက်ပဲကုန်ပါစေ။ ကားပါကင် တစ်ခု လုပ်သင့်တယ်။ ခုလို လမ်းဘေးမှာ စည်းကမ်းမဲ့ ကားတွေရပ်ထားတော့ ခုလို မဖြစ်သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်လာ ရတာပေါ့။”ဟု ကမာရွတ်မြို့နယ်အမှတ်(၈)ရပ်ကွက်၌ နေထိုင်သူတစ်ဦးက ပြောသည်။

ကားဘီးများထိုးခွဲခံရခြင်းမှာ လှည်းတန်းအနီးအနားရှိ လမ်းအချို့၌ ဖြစ်ပွားခဲ့ခြင်းများရှိခဲ့ပြီး ပထမအကြိမ်တွင် ကားအစီ(၃၀)ခန့် ထိုးဖောက်ခံခဲ့ရကြောင်း၊ ထိုစဉ်ကလည်း ကားတာယာများရောင်းအားမြင့်တက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

Myit Ma Kha Media Group.

0 comments:

Post a Comment