Tuesday, October 15, 2013

မုံရွာမြို့ လူအ၀င်အထွက်များသည့် နေရာများတွင် အရပ်ဝတ် ရဲဝန်ထမ်းများ ချထား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ရွှေပြည့်စုံဟိုတယ်နှင့် ဆွမ်းဦးပုညရှင် ဘုရားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်းအရာရှိ ဒုတိယရဲမှူးကြီးသန်းဆွေက ပြောသည်။

ထို့အပြင် ပေါက်ကွဲမှုအခြေအနေများကြောင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန် လူဝင်၊ လူထွက်များပြားသည့် နေရာများတွင် အရပ်ဝတ်ရဲဝန်ထမ်းများကို အထူးကြပ်မတ် တာဝန်ပေးထားကြောင်း ဒုရဲမှူးကြီးဦးသန်းဆွေက ပြောသည်။

“မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းသည် နိုင်ငံရေး ဂုဏ်သိက္ခာများ ထိခိုက်ကျဆင်းစေရန် တမင်ကြံရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်”ဟု အလုပ်ရုံဆွေးနွေးပွဲတွင် ဒုရဲမှူးကြီးက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် မသင်္ကာဖွယ်ရာ လူပုဂ်္ဂိုလ်များနှင့် ပစ္စည်းများကို တွေ့ရှိခဲ့ပါက အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ် များကို ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပြီး မုံရွာမြို့ပေါ်ရှိ ဟိုတယ်များ၊ မိုတယ်များနှင့် တည်းခိုခန်းများမှ လုပ်ငန်းရှင် ၈၂ ဦးကလည်း ၎င်းတို့၏ဟိုတယ်များတွင် ‪#‎CCTV‬ ကင်မရာများ တပ်ဆင်ထားမှု အခြေအနေကို ဆွေးနွေးတင်ပြခဲ့သည်။

ဗုံးပေါက်ကွဲမှု ဘေးအန္တရာယ်မှ ကင်းရှင်းစေရန် ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများအား ဆွေနွေးရာတွင် ယခုဖောက်ခွဲလျက်ရှိသော ဗုံးများသည် လက်လုပ်ဗုံး အမျိုးအစားများဖြစ်ပြီး၊ ယခင်က ချိန်ကိုက်ဗုံးများမှာ ၂၄ နာရီခန့် သာလျင် ချိန်ကိုက်ထားနိုင်သော်လည်း ယခုဖောက်ခွဲသော ဗုံးများသည် အနည်းဆုံး ၄၈ နာရီခန့်အကြာ အချိန်ကိုက်ထားနိုင်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါအလုပ်ရုံဆွေနွေးပွဲကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွှန့်စိုး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ခရိုင်ရဲတပ်ဖွဲ့ရုံး ရဲမှူးတင်နွယ်ထွန်းနှင့် ဖိတ်ကြားထားသည့် မြို့မိ၊ မြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၁၂၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ရက် နံနက် ၃ နာရီ ၄၅ မိနစ်က စစ်ကိုင်းမြို့ “ရွှေပြည့်စုံ”ဟိုတယ်၊ အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုနေ့နံနက် ၅ နာရီကျော်တွင် စစ်ကိုင်းမြို့ဆွမ်း ဦးပုညရှင် ဘုရား ကားပါကင်တွင်လည်း ထပ်မံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလ ၈ရက်တွင် တောင်ငူမြို့၌ စတင်ဖြစ်ပွားခဲ့သည်။ ထိုလထဲတွင်ပင် ၁၃ ရက်နေ့၌ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုနေ့ ညနေပိုင်းတွင်ပင် သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့ပါသည်။

ထို့အပြင် အောက်တိုဘာလ ၁၄ ရက်ကလည်း ရန်ကုန်မြို့၊အလုံမြို့နယ်ရှိ Western Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ ရက် ညပိုင်းက ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်း သတင်းပေးပို့ကြရန်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment