Wednesday, October 2, 2013

မိုးကောင်း (ပါဟုတ်)-ကာမိုင်းလမ်း ၁၇ မိုင်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ တောင်းခံထား

မိုးကောင်း (ပါဟုတ်)-ကာမိုင်းလမ်း ၁၇ မိုင်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ တောင်းခံထားပြီးအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံ ငွေကျပ်သန်း ၂၀၀ ဖြင့် ပြုပြင်ဆောင်ရွက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။အောက်တိုဘာ ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးစံ ပြည့် မေးမြန်းသည့် မိုးကောင်း-ဖားကန့် ကားလမ်းအား အဆင့်မြင့်ပြုပြင်ရန် ရှိ၊ မရှိ မေးမြန်းချက်အား ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''အဲဒီလမ်းပိုင်းကို လုပ်ကိုင်ဖို့ ပထမ ရွှေနဂါး ဆောက်လုပ်ရေး ကုမ္ပဏီကို လုပ် ကိုင်ခွင့် ပေးထားတာပါ။ ဒါပေမဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အားနည်းချက်တွေရှိတဲ့အတွက် ကျွန်တော်တို့ ၀န်ကြီးဌာနကို ပြန်လည်ထိန်းသိမ်းပေးဖို့ ကချင်ပြည်နယ်အစိုးရက ညှိနှိုင်းတင်ပြလာတဲ့အတွက် လွှဲပြောင်းလက်ခံပြီး တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေမှာ ကျပ်သန်း ၁၀၀၀ တင်ပြတောင်းခံထားပါတယ်။ အထူး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ်သန်း ၂၀၀ နဲ့ ကျွန်တော်တို့ဝန်ကြီးဌာနက ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။

မိုးကောင်း-ဖားကန့် လမ်းပိုင်းအား ယခင်က ခိုင်မာသော ပန်းတိုင်နှင့် တောက်ပ ကျက်သရေဇာတိမြေ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုက လုပ်ကိုင်ခဲ့ကြောင်း၊ စက်၊ ယာဉ်၊ ယန္တရား လုံလောက်မှုမရှိခြင်း၊ လမ်းခင်းပစ္စည်း လုံလောက်မှု မရှိခြင်းများကြောင့် လုပ်ကိုင်နိုင်စွမ်းမရှိသည့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အစိုးရမှ ထောက်ခံရွေးချယ်သည့် ကုမ္ပဏီအား ဘီအိုတီစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဆောက်လုပ်ရေးကုမ္ပဏီများကို ဘီအိုတီစနစ်ဖြင့် တာဝန်ပေးအပ်ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ တင်ဒါစနစ် ကျင့်သုံးခြင်း မရှိသေးသည့်အတွက် ဘီအိုတီ လုပ်ကိုင်လိုသည့် အဖွဲ့များအား သတ်မှတ်ချက် ၂၄ ချက်နှင့် ကိုက်ညီပါက လုပ်ငန်းဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း ဒုတိယ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

မိုးကောင်းမှ ဖားကန့်ခရီးအား ယခုအချိန်တွင် လေးနာရီခွဲခန့်ဖြင့် ရောက်ရှိနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါလမ်းပိုင်းအား ပထမ ရွှေနဂါးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူလုပ်ကိုင်လျက်ရှိပြီး လမ်းတံတား၊ သဲကျောက်ခင်းခြင်း၊ သစ်သားတံတားများအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment